Latest News

Thursday, March 9, 2017

ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံးဟု ယူဆရသည့် အီဂျစ်အမျိုးသမီး အိန္ဒိယတွင် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကီလို ၁၀၀ ကျော် ကျဆင်းခဲ့

ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံးဟု ယူဆရသည့် အီဂျစ်အမျိုးသမီး အိန္ဒိယတွင် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကီလို ၁၀၀ ကျော် ကျဆင်းခဲ့

ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး ပုဂ္ဂိုလ်ဟု ယူဆရသည့် အီဂျစ်အမျိုးသမီးအား ကိုယ်အလေးချိန် လျှော့ချရန် ခွဲစိတ်ကုသမှုသည် အောင်မြင်ခဲ့ပြီး ကီလိုဂရမ် ၁၀၀ (ပေါင် ၂၂၀) ကျော် ကျဆင်းခဲ့ကြောင်း အိန္ဒိယ ဆရာဝန်များက မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ ယခင်က ကိုယ်အလေးချိန်ကီလို ၅၀၀ ၀န်းကျင်ရှိခဲ့သော အီမန်အာမက်အက်အီအတီသည် ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အီဂျစ်ရှိ ၎င်း၏နေအိမ်မှ အပြင်မထွက်နိုင်တော့ဘဲ ခွဲစိတ်ကုသမှု ခံယူရန် ပြီးခဲ့သော လကမှ မွမ်ဘိုင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဆိုင်ဖီးဆေးရုံမှ ဆေးဘက်အဖွဲ့သည် အီမန်အာမက်အား မတ် ၇ ရက်တွင် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆုတောင်းပေးနေသူများကို အသိပေးလိုသည်ဟု ယင်းဆေးရုံက ထုတ်ပြန်ခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိ အီဂျစ်အမျိုးသမီးအား ခွဲစိတ်ကုသမှုတွင် ဦးဆောင်သူဖြစ်သည့် ဆရာဝန် မူဖာဇယ်လက်ဒါဝါလာ၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက အက်အီအတီသည် ဖေဖော်ဝါရီ အစောပိုင်းတွင် မွမ်ဘိုင်းသို့ စတင်ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း ကီလိုဂရမ် ၄၀၀ အထိ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ အီမန်သည် ကိုယ်အလေးချိန်ပေါင် ၁၀၀ ကျော် ကျဆင်းခဲ့ပြီး နေ့စဉ်ကုသမှုနှင့် ထောက်ပံ့မှုများနှင့်အတူ ကိုယ်အလေးချိန်သည် တဖြည်းဖြည်း ကျဆင်းနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ် ဇူလိုင်တွင် ကိုယ်အလေးချိန် ၂၉၃ ကီလိုဂရမ်ဖြင့် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် ဖော်ပြခံခဲ့ရသော အမေရိကန်အမျိုးသမီး ပေါလင်းပေါ်တာကို ကျော်ပြီး အက်အီအတီသည် ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး အမျိုးသမီး ဖြစ်သည်ဟု ယုံကြည်ရသည်။ မြေထဲပင်လယ် ဆိပ်ကမ်းမြို့ အလက်ဇန်ဒရီးယားမှ ယင်းအမျိုးသမီးသည် ခွဲစိတ်ကုသမှုခံယူရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် အထူးပြုပြင်ထားသော အဲဘတ်စ်လေယာဉ်ဖြင့် အိန္ဒိယစီးပွားရေးမြို့တော် မွမ်ဘိုင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အက်အီအတီသည် အရေးပေါ်ကုသမှု ခံယူရန် လိုအပ်နေကြောင်း ၎င်း၏ညီမဖြစ်သူက ကိုယ်အလေးချိန် လျှော့ချရေး အထူးကုဖြစ်သူ လက်ဒါဝါလာထံ ပြီးခဲ့သော အောက်တိုဘာတွင် ချဉ်းကပ်၍ အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။ အက်အီအတီသည် ကနဦးတွင် အိန္ဒိယဗီဇာ ငြင်းပယ်ခံခဲ့ရပြီး အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးထံ တိုက်ရိုက်အကူအညီ တောင်းခံခဲ့ပြီးနောက် မွမ်ဘိုင်းသို့ သွားရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အက်အီအတီသည် ယခုအခါ မတ်တတ်ရပ်နိုင်ပြီဖြစ်ပြီး ၎င်း၏ အကြောအဆစ်တို့အား လှုပ်ရှားပေးသည့် လေ့ကျင့်မှုများ လုပ်ဆောင်ရန်နှင့် အနီးကပ်ကြပ်မတ် စောင့်ရှောက်နိုင်ရန် အိန္ဒိယတွင် လနှင့်ချီ နေထိုင်ရဖွယ် ရှိသည်။ အိန္ဒိယသည် အနောက်နိုင်ငံများမှ ကုန်ကျစရိတ်ထက် အလွန်အမင်း နည်းပါးစွာဖြင့် အရည်အသွေးမီသော ၀န်ဆောင်မှုများ ရရှိနိုင်ခြင်းနှင့် စောင့်ဆိုင်းရမှု မရှိခြင်းတို့ကြောင့် ဆေးကုသရန်အတွက် ခရီးသွားများအတွက် အဓိကနေရာတစ်ခု ဖြစ်နေသည်။

ဆိုင်ဖီးဆေးရုံက မတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ ဆေးရုံကုတင်တွင် လဲလျောင်းနေသည့် အီဂျစ်အမျိုးသမီး အီမန်အာမက်အက်အီအတီကို တွေ့ရစဉ် (Photo : AFP)

Ref : AFP

Eleven Media Group

No comments:

Post a Comment