ဦးကိုနီအမှု တတိယအကြိမ်ရုံးချိန်းမှာ လက်နက်မှုကိုစတင်စစ်ဆေး
သေနတ်နဲ့ကျည်ဆန်က အောင်ဝင်းဇော်နဲ့ ပတ်သက်တယ်ဆိုတာ ရဲတပ်ဖွဲ့က တင်ပြထားတာမရှိပါဘူး။
ရှေ့နေဦးကိုနီကိုလုပ်ကြံခဲ့တဲ့ သေနတ်သမား ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို မတ်လ ၂၄ ရက်က မြောက်ပိုင်းခရိုင်တရားရုံးမှာ တတိယအကြိမ်ရုံးထုတ် စစ်ဆေးခဲ့ပြီး တရားသူကြီးတွေက လက်နက်အမှု ၁၉(စ)(ဃ) ကို အဓိကစစ်ဆေးပြီး တရားခံရှေ့နေတွေက ခုခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ရုံးချိန်းကို လုံခြုံရေးတင်း ကျပ်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တရားခံလေးဦးကို သံကြိုးတွဲတွေနဲ့ လက်ထိတ်တွဲခတ်ပြီး အချုပ်ကားနဲ့ ခေါ်ဆောင်လာခဲ့တာပါ။ ဒုတိယအကြိမ် ရုံးချိန်းမှာ တရားခံတွေကို တစ်ဦးချင်းစီ လက်ထိတ်ခတ်ပြီး ဟိုက်အေ့စ်ယာဉ်နဲ့ ခေါ်ဆောင်လာခဲ့တာကြောင့် ဝေဖန်မှုတွေတော်တော်ပေါ်ထွက်ခဲ့ပါသေးတယ်။
ရုံးချိန်းမှာ လက်နက်ပုဒ်မနဲ့ စွပ်စွဲခံရတဲ့ အောင်ဝင်းဇော်၊ ကြည်လင်းတို့ကို မင်္ဂလာဒုံ ရဲစခန်းကနေ တရားလို ဒုရဲမှူးမြထွန်းကျော်က သက်သေထွက်ဆိုခဲ့ပြီး တရားခံရှေ့နေတွေက ခုခံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ကြည်လင်းဆီကနေ ဖမ်းဆီးရရှိတဲ့ သေနတ်နှစ်လက်နဲ့ ကျည်ဆန်တွေကို အောင်ဝင်းဇော်က ထောက်ပံ့ခဲ့တာလို့ နိုင်ငံတော် သမ္မတရုံးက ကနဦးထုတ်ပြန်ခဲ့ပြီး လက်ရှိမှာ အဆိုပါနှစ်ဦးကို လက်နက်ပုဒ်မနဲ့ တရားစွဲဆို ထားပါတယ်။
တရားခွင်မှာ တရားသူကြီးတွေအဖြစ် မြောက်ပိုင်းခရိုင်တရားသူကြီး ဦးတင်ထွေး၊ အရှေ့ပိုင်းခရိုင်၊ တွဲဖက်ခရိုင်တရားသူကြီး ဦးဇော်ထူး၊ မြောက်ပိုင်းခရိုင် ဒုခရိုင်တရားသူကြီး ဦးအုန်းခိုင်တို့ကဆောင်ရွက်ခဲ့ပြီး ဥပဒေအရာရှိတွေအနေနဲ့ ဦးအောင်နိုင်ဦး၊ ဦးကောင်းမြတ်၊ ဦးကြည်မောင်တို့က ဆောင်ရွက်ခဲ့ပါတယ်။
သမ္မတရုံးက ဦးကိုနီလုပ်ကြံမှု နောက်ဆက်တွဲ ထုတ်ပြန်ချက်(၂) မှာ အောင်ဝင်းဇော်က အောက်တိုဘာ ၁၆ ရက်မှာ သေနတ်ဝယ်ဖို့ ဘားအံသို့သွားရောက်ခဲ့ပြီး ၉ မမပစ္စတိုနဲ့ ကျည်ဆန် ၁၀ တောင့်ကို ငွေကျပ် ၂၅ သိန်းနဲ့ လည်းကောင်း၊ ငါးလုံးပြူးသေနတ်နဲ့ ကျည်လေးတောင့်ကို ကျပ် ၂၅ သိန်း ဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း အောင်ဝင်းဇော်ရဲ့ ထွက်ဆိုချက်ကို ထုတ်ပြန်ထားပါတယ်။
Source : 7DayDaily:Duwun
Photos : rfa
Monday, March 27, 2017
ဦးကိုနီအမှု တတိယအကြိမ်ရုံးချိန်းမှာ လက်နက်မှုကိုစတင်စစ်ဆေး
ဦးကိုနီအမှု တတိယအကြိမ်ရုံးချိန်းမှာ လက်နက်မှုကိုစတင်စစ်ဆေး
Reviewed by Ar Ti
on
6:40 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment