Latest News

Thursday, March 16, 2017

မြန်မာနိုင်ငံပို့မည့် ဆိုင်ကယ်တင်ကားနှင့်ကုန်ကားတိုက်မိ၊ ၄ ဦးသေဆုံး

မြန်မာနိုင်ငံပို့မည့် ဆိုင်ကယ်တင်ကားနှင့်ကုန်ကားတိုက်မိ၊ ၄ ဦးသေဆုံး

ထိုင်း - မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ မနေ့မနက်ပိုင်းက ဆိုင်ကယ်တွေတင်ဆောင်လာတဲ့ ၆ ဘီးကားနဲ့ ကြံဖတ်တင် ၁၈ ဘီးကားတို့  မျက်နှာချင်းဆိုင်တိုက်မိပြီး  ကလေးငယ်တစ်ဦးအပါအ၀င် လူ ၄ ဦး သေဆုံးသွားတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တာ့ခ်  နဲ့  မဲဆောက်မြို့နယ်ကြား  ဖဝေါကျေးရွာအုပ်စုအပိုင် တောင်ပေါ်လမ်းအပိုင်းမှာ မတ်လ ၁၆ ရက် မနက် ၁၁ နာရီကျော်က ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းရလို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေ၊ လူနာတင်ယဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ  ကုန်တင်ကားကြီး ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့အနေအထားနဲ့ တိမ်းမှောက်ပြီး ဆိုင်ကယ်တွေလည်း ပြန့်ကျဲနေကြောင်း၊  ၆ ဘီးကားထဲမှာ  သေဆုံးနေတဲ့ ယာဉ်မောင်းနဲ့  ၄ နှစ်ရွယ်ကလေးတစ်ဦး၊ ကားရဲ့ အပြင်ဘက်မှာတော့ ဒဏ်ရာရ လူရွယ်တဦး တွေ့ရတယ်လို့  ဖဝေါနယ်မြေရဲစခန်း တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက သတင်းထောက်ကို ပြောပါတယ်။

ဒါ့အပြင် ၁၈ ဘီးကားထဲမှာလည်း ယာဉ်မောင်း နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ သေဆုံးသွားကြောင်း၊  သေဆုံးဒဏ်ရာရသူတွေအားလုံးကို မဲဆောက်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အသက်ဘေးမှ လွတ်မြောက်လာသူ ပြောပြချက်အရ  သူတို့ ၆ ဘီးကားဟာ  မော်တော်ဆိုင်ကယ် ၄၄ စီးတင်ဆောင်ပြီး မဲဆောက်တဘက်ကမ်း မြန်မာပြည်က ဖောက်သည်တွေကို ပို့ပေးဖို့  ထွက်ခွာလာတာဖြစ်ကြောင်း၊ လမ်းပြုပြင်တိုးချဲ့ပြီး လမ်းလွဲထားတဲ့  ကုန်းအဆင်းမှာ ရုတ်တရက်ဘရိတ်မမိသလိုဖြစ်ပြီး  ယာဉ်မောင်းသူ့ဦးလေးက အားလုံးသတိထားဖို့ အသံကျယ်ကြီးနဲ့ သတိပေးအော်ဟစ်ပေမယ့်  ထိန်းလို့မရဘဲ ကုန်းပေါ်က လိမ့်ဆင်းသွားစဉ် အရှေ့က တက်လာတဲ့ ၁၈ ဘီးကားနဲ့ တိုက်မိခဲ့တာလို့  ဆိုပါတယ်။

သူကတော့ ကားပေါ်က လွင့်စင်ကျသွားပြီး ဒဏ်ရာသာရခဲ့ပေမယ့် သူနဲ့အတူလိုက်ပါလာတဲ့ ၄ နှစ်ရွယ်သမီးလေးကိုတော့ ဆုံးရှုံးလိုက်ရပြီလို့  တာဝန်ရှိသူတွေကို ပြောသွားပါတယ်။

DVB

No comments:

Post a Comment