Latest News

Friday, March 17, 2017

ပြည်တွင်းဘုရားဖူးနှင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားနေကြသည့် ဇွဲကပင်တောင်ခြေ အပျော်စီးကေဘယ်ချဲ

ပြည်တွင်းဘုရားဖူးနှင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားနေကြသည့် ဇွဲကပင်တောင်ခြေ အပျော်စီးကေဘယ်ချဲ


ဘားအံမြို့နယ် တော်ပုံကျေးရွာ ဇွဲကပင်တောင်ခြေ လုမ္ဗိနီ ဥယျာဉ်တွင် တည်ဆောက် ဖွင့်လှစ်ထားသော ကေဘယ်ချဲ (CableChair)ကို ဇွဲကပင်ဆံတော် ရှင် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်သို့ လာရောက်သော ပရိသတ်များ၊ ပြည်တွင်းပြည်ပ ဘုရားဖူးများနှင့် နိုင်ငံခြား ခရီးသွားများအား စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်တွင် အပျော်စီးကေဘယ် ချဲကို မတ် ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင် ဆရာတော်နှင့် သံဃာတော်များက အ္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကျင်းပ ဖွင့်လှစ် ခဲ့ပြီး ထိုနေ့က ဇွဲကပင်တောင်သို့ ဘုရားဖူးလာရောက်သော ပရိသတ်များကို အခမဲ့စီးနင်းစေခဲ့ကြောင်းသိရသည်။

တပေါင်းလပြည့်နေ့က ဇွဲကပင်ဆံတော်ရှင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့ လာရောက်သော ပရိသတ်များအပါအဝင် ဇွဲကပင်တောင်ခြေသို့ ပြည် တွင်းပြည်ပ ဘုရားဖူးများ၊ နိုင်ငံခြား ခရီးသည်များ လာရောက်မှု ပိုမိုများပြား လာသဖြင့် အပျော်စီး ကေဘယ်ချဲကိုလည်း တစ်နေ့ထက်တစ်နေ့ လာရောက် စီးနင်းသူ ပိုမိုများပြားလာကြောင်း သိရသည်။

''ကျွန်တော့်အနေနဲ့ ကေဘယ်ချဲကို လာရောက်စီးနင်းဖို့ ပရိသတ်ပြည်သူတွေ သိအောင် နှိုးဆော်ပေးနေပါတယ်။ ဘုရားဖူးလာရောက်တဲ့ သံဃာတော်နဲ့ သီလရှင်တွေကို အခမဲ့ စီးနင်းခွင့်ပြုပေးထားပြီး လူပုဂ္ဂိုလ်တွေအနေနဲ့တော့ ကေဘယ်ချဲ ကို စီးမယ်ဆိုရင် အလှူငွေ တစ်ထောင်ကျပ်ထည့်ပြီး စီးနင်းရပါ တယ်။ ရရှိလာတဲ့ အလှူငွေတွေကလည်း ဇွဲကပင်တောင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆရာတော်ဘုရားရဲ့ သာသနာပြု လုပ်ငန်းတွေအတွက် သုံးစွဲသွားမှာဖြစ်ပါတယ်''ဟု နှိုးဆော်ရေး ကော်မတီဝင် ဦးဝင်းဗိုလ်က ပြောသည်။

ဇွဲကပင်တောင်ခြေရှိ အပျော်စီးကေဘယ်ချဲကို ရဟန်းရှင်လူ၊ ပြည်သူများနှင့် နိုင်ငံခြားခရီးသည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေစီးနင်းနိုင်ရေးအတွက် လိုအပ်သည်များကို ဇွဲကပင် တောင်ခြေ၌ ဆရာတော်ဖွင့်လှစ်ထားသည့် ယူနိုက်တက် အကယ်ဒမီပွိုင့် ဂျပန်စကားပြောသင်တန်းမှ တိုင်းရင်းသား လူငယ်မောင်မယ်များက ပရဟိတဒါနအဖြစ် ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကေဘယ်ချဲကို ကြိုးထောက်တိုင် ၁ဝ တိုင်ဖြင့် အရှည်မီတာ ၃ဝဝ တည်ဆောက်ထားပြီး အတွဲပေါင်း ၃ဝ ပါရှိ ကာ တစ်တွဲလျှင် လူကြီးနှစ်ယောက်၊ ကလေးဆိုလျှင် သုံး ယောက်မှ လေးယောက်အထိ စီးနင်းလိုက်ပါနိုင်ပြီး အချိန် တစ်နာရီလျှင် လူဦးရေ ၅ဝဝ ခန့် စီးနင်းနိုင်ကြောင်း သိရသည်။ ကေဘယ်ချဲကို လျှပ်စစ်ဓာတ်အားသုံးစွဲ၍ လည်ပတ်ပြီး ဓာတ် အားချို့ယွင်းပြတ်တောက်မှုများ ဖြစ်ပေါ်ပါကလည်း အင်ဂျင် မီးစက်ဖြင့် အစားထိုးလည်ပတ်နိုင်ရေးနှင့် စီးနင်းသူများ၏ ဘေးကင်းလုံခြုံရေးအတွက်လည်း စီမံဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ကေဘယ်ချဲကို တာဝန်ယူတည်ဆောက်ခဲ့သည့် ပြည်တွင်း အင်ဂျင်နီ ယာ ဦးကျော်ကျော်က ကေဘယ်ချဲကို ဇွဲကပင်တောင်မှာ ပထမဆုံး လာတပ်ဆင်ရတာ ဦးအနေနဲ့ အင်မတန်ကိုဝမ်းသာပါတယ်။ ဦးရဲ့ ပညာ၊ အတွေ့အကြုံ၊ ဗဟု သုတ၊ အရင်းအနှီးနဲ့ ခွင့်ပြုမိန့်ရရှိမယ့် နေရာတွေမှာ တပ်ဆင် သွားချင်တယ်။ တပ်ဆင်ချင်တဲ့နေရာကတော့ ခွင့်ပြုမိန့်ရအောင် လျှောက်ပေါ့။ တည်ဆောက်ပြီးစီးရင် ပိုက်ဆံကောက်၊ ရရှိတဲ့ ကောက်ခံငွေထဲ ကနေ အစိုးရကိုပေးရမယ့် အခွန်အခတွေ၊ အလုပ်သမားဝန်ထမ်းစရိတ်တွေ၊ ပြုပြင်ထိန်းသိမ်းရေးစရိတ် တွေနုတ်ပြီး ၅ဝ ရာခိုင်နှုန်းသာ ဦးအနေနဲ့ ရယူမယ်။ ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းကို အဲဒီနေရာမှာ လှူဒါန်းပေးသွားမှာဖြစ်တယ်။ ဦးယူတဲ့ ၅ဝ ရာခိုင်နှုန်းကလည်း လိုအပ်တဲ့နေရာသုံးခုမှာ ထပ်မံ တပ်ဆင်နိုင်ရေး အတွက် သုံးစွဲသွားဖို့ဖြစ်တယ်။ အထူးသဖြင့် ဘာသာရေး၊ ပရဟိတဆေးရုံ၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ နေရာတွေမှာ တည်ဆောက်လှူဒါန်း သွားချင်ပါ တယ်''ဟု ပြော သည်။

ဇွဲကပင်တောင်ခြေ ကေဘယ်ချဲကို ကျပ်သိန်းပေါင်း ၃၅ဝဝ အကုန်ကျခံ၍ ရွှေတိုင်းကျော် စက်မှုလက်မှုလုပ်ငန်းက တာဝန် ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပစ္စည်းတန်ဖိုးနှင့် စရိတ် အနေဖြင့် ကျပ်သိန်း ၁၅ဝဝ ကိုသာ ဇွဲကပင်တောင် ဆရာတော် ထံမှ စွန့်ယူမည်ဖြစ်ပြီး ကျပ်သိန်း ၂ဝဝဝ ကျော်ကို ကေဘယ်ချဲ တာဝန်ယူတည်ဆောက်ပေးသည့် ရွှေတိုင်းကျော် စက်မှုလက်မှု လုပ်ငန်းရှင် ဦးကျော်ကျော် (AGTI-EC)မိသားစုက ကမ္ပည်း ထိုး လှူဒါန်းသွားမည်ဟု သိရသည်။

ကေဘယ်ချဲကို စတင်ဖွင့်လှစ်သည့် မတ် ၁ ရက်မှ မတ် ၁၆ ရက်အထိ ငွေကျပ် သိန်းတစ်ရာကျော် အလှူငွေ ရရှိနေပြီ ဖြစ်ပြီး ဇွဲကပင်ကေဘယ်ချဲကို လာရောက် စီးနင်းသူများအနေဖြင့် လူတစ်ဦးလျှင် လက်မှတ်တစ်စောင်စီ ဝယ်စီးရန်၊ လက်မှတ်တစ် စောင်လျှင် တစ်ကြိမ်သာစီးနင်းခွင့်ရှိကြောင်း၊ သက်ကြီးရွယ်အို နှင့် ကလေးငယ်များ၊ ရောဂါရှိသူများ မစီးရန်၊ ဆေးလိပ်၊ ကွမ်း၊ ပီကေမစားရန်၊ မထွေးရန်၊ အမှိုက်မပစ်ချရန်၊ ခုန်ပေါက်ဆော့ ကစားခြင်း၊ အောက် သို့ခုန်ချခြင်းများ မပြုလုပ်ရန်၊ အဂါရဝဖြစ် စေမည့်(မလုံခြုံသော) အဝတ်အစားများဖြင့် မစီးရန် စသည့် ကေဘယ်ချဲစီးနင်း သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက် များလည်း ထုတ်ပြန်ထားကြောင်း သိရသည်။ ။သတင်းဆောင်းပါး - ထွန်းထွန်းထွေး(ဘားအံ)ပြန်/ဆက်

No comments:

Post a Comment