Latest News

Wednesday, March 1, 2017

ဟာရာကာ အယ်လ်ယာကင် သို့မဟုတ် မြန်မာနိုင်ငံ အနောက်ပိုင်းက ပုန်ကန်မှုအသစ်

ဟာရာကာ အယ်လ်ယာကင် သို့မဟုတ် မြန်မာနိုင်ငံ အနောက်ပိုင်းက

ပုန်ကန်မှုအသစ်

   

၂၀၁၆ အောက်တိုဘာလ ၉ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံ အနောက်ပိုင်းမှ မွတ်ဆလင် ဘင်္ဂါလီ ၆၆,ဝ၀ဝ ခန့်သည် ရခိုင်ပြည်နယ်မှထွက်ပြေးကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက် ခိုလှုံခဲ့ကြသည်။ ၎င်းတို့သည် ဘေးကင်း လုံခြုံရေး မျှော်လင့်ချက်ဖြင့် ခနော်ခနဲ့ လှေများဖြင့်လည်းကောင်း၊ ပလတ်စတစ်ပုံးများကို ဖက်တွယ်၍လည်းကောင်း နှစ်နိုင်ငံကြားမှမြစ်ကို ဖြတ်ကူးသွားကြခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် နှစ်ပေါင်း များစွာ ဖိနှိပ်ခံနေရသော ဘင်္ဂါလီ မွတ်ဆလင်များသည် ယခုတစ်ကြိမ်တွင် ၂၀၁၂ ခုနှစ်က ပဋိပက္ခဖြစ်ခဲ့သော ရခိုင်များထံမှ ထွက်ပြေးခြင်း မဟုတ်ဘဲ ၎င်းတို့၏အစိုးရထံမှ ထွက်ပြေးကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင် ရရှိသွားသောအခါ ၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံး ထွက်ပေါ်လာမည့် အရပ်သား အစိုးရသစ်အပေါ် များစွာ မျှော်လင့်ခဲ့ကြသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အကြမ်းမဖက်သော လမ်းစဉ်ဖြင့် တိုက်ပွဲဝင်မှုကြောင့် နိုဘယ်လ်ဆု ရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအပြီးတွင် “မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအရေးနှင့် ပတ်သက်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် သူမ အစိုးရ၏ ဦးစားပေးဖြစ်ကြောင်း” ပြောကြားခဲ့သည်။ တိုင်းပြည်တွင် ငြိမ်းချမ်းမှု မရှိလျှင် ဘာမှမလုပ်နိုင်ကြောင်းကိုလည်း ၂၀၁၆ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သို့ရာတွင် သူမ၏ အစိုးရသည် ငြိမ်းချမ်းရေး အတွေးအခေါ်ကို ရခိုင်ပြည်နယ်ကိစ္စတွင် အသုံးမပြုနိုင်ခဲ့ပေ။ NLD ပါတီ အကြီးတန်း တာဝန်ရှိသူ ဦးဝင်းထိန်က “ဘင်္ဂါလီကိစ္စထက်ပိုပြီး ဦးစားပေးရမယ့် အရာတွေ ရှိတယ်”ဟု ရွေးကောက်ပွဲအပြီးတွင် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ပါဝင်ရန် ကြိုးစားမှုဟု ယူဆကြသည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကိုလည်း အစိုးရသစ်က ဆက်လက် ငြင်းပယ်ခဲ့သည်။ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ရွှေ့ပြောင်းလာသူများဟု မြန်မာနိုင်ငံမှ လူများစုက သတ်မှတ်ကြသည်။ ၁၉၈၂ နိုင်ငံသား ဥပဒေတွင် ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ထားသောအချက် ပါဝင်သည်။ ဘင်္ဂါလီများသည် နိုင်ငံအတွင်း ခွဲခြားဖိနှိပ်မှုများကို ရင်ဆိုင်နေရသော အုပ်စုဖြစ်သည်။

ကာလများစွာ ကြာမြင့်လာသော်

၂၀၁၂ ဇွန်လတွင် ရခိုင်ပြည်နယ်၌ ရခိုင်ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများနှင့် ဘင်္ဂါလီများအကြား အကြမ်းဖက် အဓိကရုဏ်း ဖြစ်ပွားမှုကြောင့် အစိုးရက ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။ ထိုနောက်ပိုင်း ငါးနှစ်ကာလအတွင်း လုံခြုံရေး အကြောင်းပြချက်ကြောင့် ဘင်္ဂါလီ ၁၄၀,ဝ၀ဝ ခန့်သည် သီးခြားခွဲထားသော ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ကြရသည်။ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော ဘင်္ဂါလီများသည် အခြေခံကျသော သန့်ရှင်းမှုစနစ်၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပညာသင်ကြားရေးတို့ကို မရရှိခဲ့ကြပေ။ လွတ်လပ်စွာ ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ခံရသောကြောင့် အလုပ်အကိုင် အခြားအခွင့်အလမ်းများ ဆုံးရှုံးလျက် ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဘင်္ဂါလီတို့၏ မဲပေးခွင့်ကို ရုပ်သိမ်းခံလိုက်ရသောအခါ ငြိမ်းချမ်းစွာ ပါဝင်လှုပ်ရှားခွင့် နောက်ဆုံးမျှော်လင့်ချက် ပျက်ပြယ်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တွင် နှစ်ပေါင်းများစွာ ဖယ်ကြဉ် ဖိနှိပ်ထားမှုများ၏ နောက်ဆက်တွဲအဖြစ် ထိုသို့ ကန့်သတ်ချိုးနှိမ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

READ  မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် Facebook အသုံးပြုသူ ၁၂ ရာခိုင်နှုန်းကျော် ရှိ
မျှော်လင့်ချက်မဲ့ခြင်းနှင့် ရင်ဆိုင်ရသောအခါ ဘင်္ဂါလီအချို့က အကြမ်းဖက် နည်းလမ်းကို ရွေးချယ်လာကြသည်။ ၂၀၁၆ အောက်တိုဘာလ ၉ ရက်တွင် လက်နက်ကိုင် ဘင်္ဂါလီအုပ်စုများက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲဌာနချုပ် စခန်းသုံးခုကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်း မီးကျောက်များကို လုယူသွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့သည်။ တစ်လခန့်အကြာ နိုဝင်ဘာလ ၁၂ ရက်တွင် ၎င်းလက်နက်ကိုင်အချို့နှင့် တပ်မတော်အကြား နောက်ထပ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦး ကျဆုံးခဲ့သည်။

၎င်းတိုက်ခိုက်မှုများသည် ဟာရာကာ အယ်လ် ယာကင်ဟု ၎င်းတို့ကိုယ်၎င်းတို့ ကြေညာသော စစ်သွေးကြွအုပ်စု၏ ပုန်ကန်မှု စတင်ခြင်းဖြစ်သည်။ ၎င်းလှုပ်ရှားမှုကို ဆော်ဒီအာရေးဗီးယားရောက် ဘင်္ဂါလီများက ဦးဆောင်ဖွဲ့စည်းကာ နိုင်ငံတကာ သင်တန်းဆင်း ဘင်္ဂါလီတစ်ဦးက ရှေ့တန်းမြေပြင်တွင် ကွပ်ကဲလှုပ်ရှားခဲ့ပြီး ပြည်တွင်း၊ ပြည်ပ တရားဟောဆရာများ ထုတ်ပြန်သော ဖတ်တဝါ ဘာသာရေး စာတမ်းများမှတစ်ဆင့် ဘာသာရေးအရ ဘောင်ဝင်မှု ရရှိအောင် ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ထိုအဖွဲ့၏ ရည်မှန်းချက်များသည် ပြည်တွင်းအဆင့်သာ ဖြစ်ပြီး ဘင်္ဂါလီများအပေါ် ဖိနှိပ်မှု ရပ်ဆိုင်းရေး၊ နိုင်ငံသားအဆင့်နှင့် ရပိုင်ခွင့်များ ရရှိရေး တို့ဖြစ်သည်ဟု International Crisis Group ၏ အဆိုအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့များအပေါ် စစ်သွေးကြွအုပ်စု၏ ပစ်မှတ်ထားမှုသည် တပ်မတော်က စစ်သွေးကြွများ ဖမ်းဆီးရမိရန်နှင့် လက်နက်များ ပြန်လည်ရယူရန်အတွက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခြင်းဟု ပြောဆိုသော အင်အား အလွန်အကျွံသုံး လက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ သတင်းထောက်များနှင့် အင်န်ဂျီအိုများအား အခင်းဖြစ်နယ်မြေသို့ သွားရောက်ခွင့်ကို ပိတ်ပင်ထားသောကြောင့် မြေပြင်မှ သတင်း အချက်အလက်များကို စုဆောင်းရန် အခက် တွေ့ခဲ့ကြသည်။ သို့ရာတွင် အဆိုပါ စစ်ဆင်ရေးများအတွင်း ဘင်္ဂါလီ ၁၀ဝ၀ ကျော် သေဆုံးခဲ့ဖွယ် ရှိသည်ဟု ကုလ တာဝန်ရှိသူများက ခန့်မှန်းကြသည်။ လုံခြုံရေးတပ်ဖွဲ့များသည် ဘင်္ဂါလီ အသိုင်းအဝိုင်းများအပေါ် ဥပဒေ ဘောင်ကျော် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ နှိပ်စက်ခြင်း၊ ရွာမီးရှို့ခြင်းတို့ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ၏ ဖေဖော်ဝါရီလ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသော ဘင်္ဂါလီများနှင့် ပြုလုပ်သော အင်တာဗျူးများက ရခိုင်ပြည်နယ်တွင် လူသားတို့အပေါ် ရာဇဝတ်မှု ကျူးလွန်ခွင့် အာဏာသဖွယ် ဖြစ်တည်နေသည်ကို ညွှန်ပြနေသည်။ အင်တာဗျူး ပြုလုပ်ခဲ့သော ဘင်္ဂါလီအမျိုးသမီး ၁၀၁ ဦးအနက် ထက်ဝက်ကျော်က အသက်မသေသော မုဒိမ်းမှု သို့မဟုတ် လိင်အကြမ်းဖက်ခံရမှု ပုံစံမျိုးစုံကို ကြုံတွေ့ခဲ့ရကြောင်း ပြောပြခဲ့ကြသည်။ ကျူးလွန်သူများမှာ အဓိကအားဖြင့် စစ်သားများဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင်ရွာသားများလည်း ပါဝင်သည်ဟု ပြောကြားကြသည်။ ဘင်္ဂါလီ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အစိုးရတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လက်သရမ်း ရှာဖွေစစ်ဆေးခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်း စသည့်ပုံစံမျိုးစုံကို ကျူးလွန်ခဲ့ကြောင်းကို Human Rights Watch ၏ သီးခြား စုံစမ်းမှုများတွင်လည်း တွေ့ရှိခဲ့ရာ OHCHR ၏ တွေ့ရှိချက်များနှင့် ကိုက်ညီလျက်ရှိသည်။

READ  ကယားမှာ ဘယ်သူအောင်ပွဲခံမလဲ
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဖေဖော်ဝါရီလ အစီရင်ခံစာတွင် လုံခြုံရေး တပ်ဖွဲ့များက ဘင်္ဂါလီ အသိုင်းအဝိုင်းအပေါ် ဥပဒေဘောင်ကျော် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများ၊ နှိပ်စက်ညှဉ်း ပန်းမှုများနှင့် မီးရှို့မှုများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

တာဝန်ပိမှုကို ပုတ်ထုတ်ခြင်း

ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ ကြီးထွားလာသောအခါ ကုလသမဂ္ဂ၏ စွပ်စွဲချက်များကို ဆန်းစစ်ရန်အတွက် အဖွဲ့ဝင်ကိုးဦး ပါဝင်သော ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ အပြစ် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသူများကိုလည်း အစိုးရက အရေးယူ အပြစ်ပေးမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ကတိပေးခဲ့သည်။ ၎င်းကြေညာချက်သည် ထိုကဲ့သို့ ကျူးလွန်မှုများမရှိဟု အစိုးရက အစောပိုင်းတွင် ဘူးကွယ်ငြင်းဆန်ခဲ့ရာမှ ပြောင်းလဲလာခြင်းကို ထင်ဟပ်သည်။ အသစ်ထပ်မံ ဖြစ်ပွားသော တိုင်ကြားမှုများကို စစ်ဆေးဖို့ အချိန်ရရန်အတွက် အစီရင်ခံစာ တင်ပြရမည့် မူလ ရက်သတ်မှတ်ချက်ကို နောက်ဆုတ်ပေးရန် ကော်မတီက ဇန်နဝါရီလတွင် တောင်းဆိုခဲ့သည်။

သို့ရာတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့မှုအပေါ် တွေ့ရှိချက်များကို စုံစမ်းရေး ကော်မတီက ထုတ်ပြန် ပေးနိုင်မလား ဆိုသည့်အချက်ကို သံသယ မေးခွန်းများ ရှိနေဆဲပင်ဖြစ်သည်။ ၎င်းစုံစမ်းရေးကော်မတီတွင် တပ်မတော် အစိုးရလက်ထက်က စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့ဖူးသူ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတကာ အကဲခတ် အဖွဲ့ဝင်များ ပါဝင်ခြင်း မရှိပေ။ ကော်မတီက ဇန်နဝါရီလတွင် ထုတ်ပြန်သော ကြားဖြတ် အစီရင်ခံစာတွင် “ရခိုင်ပြည်နယ်အတွင်း မီးရှို့မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်သော်လည်း အစုအပြုံလိုက် သတ်ဖြတ်မှုနှင့် ဘာသာရေးအရ ခွဲခြားနှိပ်စက်မှုများ မရှိပါ”ဟု သုံးသပ်ထားသည်။ ထို့အပြင် မုဒိမ်းမှု ကောလာဟလများမှာ လုပ်ကြံဖန်တီးမှုသာ ဖြစ်သည်ဟူသော နိုင်ငံတော် အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီ၏ ထုတ်ပြန်ချက်ကို သံယောင်လိုက်ကာ “ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် လုံလောက်သော အထောက်အထားများမရှိ”ဟု စုံစမ်းရေးကော်မတီက သုံးသပ်ထားသည်။ ဘင်္ဂါလီကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်က ဘင်္ဂါလီများသည် ၎င်းတို့၏နေအိမ်များကို ကိုယ်တိုင် မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။ သို့ရာတွင် လွတ်လပ်သော ဂြိုဟ်တုရုပ်သံ ဆန်းစစ်ချက် အစီရင်ခံစာသုံးခုက အစိုးရ၏ စွပ်စွဲချက်များကို ငြင်းပယ်ထားသည်။ စစ်တပ် ဝင်ရောက်ပြီးမှ မီးလောင်နေသော ပုံရိပ်များကို ဂြိုဟ်တု ဓာတ်ပုံများက ပြသနေသည်။

NLM
Ref: Foreign Affairs
(ဆက်လက်ဖော်ပြပါမည်)

Credit: The Voice Myanmar

No comments:

Post a Comment