Latest News

Tuesday, March 14, 2017

ရွှေစက်တော် ဘုရားပွဲ တည်းခိုခန်းခ ပိုကောက်သည့် လုပ်ငန်းရှင်များကို ကျပ်သိန်း ၂၀ အထိ ဒဏ်ရိုက်

ရွှေစက်တော် ဘုရားပွဲ တည်းခိုခန်းခ ပိုကောက်သည့် လုပ်ငန်းရှင်များကို ကျပ်သိန်း ၂၀ အထိ ဒဏ်ရိုက်

မကွေး၊ မတ် ၁၄

ဘုရားဖူး ရာသီအတွင်း ဈေးနှုန်း မြင့်တက်လေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်အတွင်း ဂေါပကအဖွဲ့က သတ်မှတ်ထားသည့် တည်းခိုခန်းခ ဈေးနှုန်းများထက် ပိုမို ကောက်ခံသည့် လုပ်ငန်းရှင်နှစ်ဦးကို ကျပ် ၁၀ သိန်းနှင့် သိန်း ၂၀ အထိ ဒဏ်ကြေး သတ်မှတ်လိုက်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

ရေစပ် တည်းခိုဆောင်နံပါတ် ၁၁၄ ပိုင်ရှင်ကို ကျပ်သိန်း ၂၀ နှင့် ကုန်းတွင်း တည်းခိုဆောင်နံပါတ် ၁၁၇ ပိုင်ရှင်ကိုလည်း ကျပ် ၁၀ သိန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

“သူတို့(လုပ်ငန်းရှင်)ကို ဘုရားပွဲ မစခင်ကတည်းက ကျင်းပရေး ကော်မတီနဲ့ တွေ့ဆုံပြီး လုပ်ကိုင်ရမယ့် စည်းကမ်းချက်တွေ သဘော တူပြီးသားပါ။ ဒီလို ဒဏ်ကြေး သတ်မှတ်လိုက်တာကလည်း စည်းကမ်းချက်နဲ့အညီ လုပ်တာပါ”ဟု ယင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဆိုသည်။

ရွှေစက်တော် ဘုရားပွဲ ကျင်းပရေး ကော်မတီမှ တည်းခိုခန်းခများကို ကုန်းတွင်း တည်းခိုဆောင်များရှိ အခန်းတစ်ခန်းလျှင် ၂၀ဝ၀ဝ ကျပ်နှင့် ရေစပ်တည်းခိုဆောင်များရှိ အခန်းတစ်ခန်းလျှင် ၃၀ဝ၀ဝ ကျပ်ဖြင့်သာ ငှားရမ်းရမည်ဟု သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းသတ်မှတ်ချက်များကို ကျူးလွန် ဖောက်ဖျက်ပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေး ယူခြင်းခံရမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အဆိုပါ လုပ်ငန်းရှင်နှစ်ဦးက ရေစပ် တည်းခိုဆောင်နံပါတ် ၁၁၄ ကို ကျပ် ၅၀ဝ၀ဝ နှင့် ကုန်းတွင်း တည်းခိုဆောင် နံပါတ် ၁၁၇ ကို ကျပ် ၃၀ဝ၀ဝ တို့အဖြစ် ကောက်ခံခဲ့ခြင်းကြောင့် ထိုသို့ အရေးယူခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အဲဒီလို အကြောင်းကြားထားတယ် ဆိုတာလောက်တော့ ကျွန်တော် ကြားမိတယ်။ ဒီမှာက တကယ် အရေးယူမယ်ဆိုရင် အခြားအချက်တွေလည်း အများကြီးပါ။ ကျွန်တော်တို့ကတော့ ပြောထားတဲ့အတိုင်း တကယ်လုပ်မလုပ် စောင့်ကြည့်နေပါတယ်”ဟု ဒေသခံ ပန်းချီဆရာ ဦးဝင်းချိုက ပြောဆိုသည်။

ယခုနှစ်သည် အပြောင်းအလဲ ကာလဖြစ်သည်နှင့်အညီ သတ်မှတ်စည်းကမ်းများအတိုင်း မလိုက်နာသူများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ကြိုးပမ်းနေပြီး ယင်းအချက်မှာလည်း ယခုပွဲတော်ကြီးကို နောင်ကာလထိ စည်းကမ်းနှင့်အညီ ရှင်သန်နိုင်ရေးအတွက်ကို ရည်ရွယ်ကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။

The Voice

No comments:

Post a Comment