Latest News

Wednesday, March 29, 2017

မြေကြီးတွင်းတူးရာမှ ရှေးဟောင်းဆင်းတုတော်များနှင့်အခြားပစ္စည်းများတွေ့ရှိ

မြေကြီးတွင်းတူးရာမှ ရှေးဟောင်းဆင်းတုတော်များနှင့်အခြားပစ္စည်းများတွေ့ရှိ

ဖြူး    မတ်    ၂၉

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကျီးမနိုးကွင်း(၂)အတွင်းရှိ ဦးစိန်ဝင်း ပိုင်ဆိုင်သောတဲ၌ ရှေးဟောင်းပစ္စည်းဟု ယူဆရသော ဆင်းတုတော်များနှင့် အခြားပစ္စည်းများအား မြေကြီးတွင်းတူးရာမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၄ ရက် နံနက် ၇ နာရီခွဲခန့်က ဦးစိန်ဝင်းသည် သူပိုင်သည့်  လယ်တဲတွင်   နွားစားခွက်ထားရှိရန်  တိုင်တွင်းတူးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ရှိသောပစ္စည်းများမှာ အမြင့်တစ်လက်မခွဲခန့်ရှိ ဆင်းတုတော်ငါးဆူ၊ အလေးချိန်တစ်ပိဿာခန့်ရှိ အညိုရောင်ကြေးဖြင့် ပြုလုပ်ထားသောနွားရုပ်တစ်ခု၊ ခြင်္သေ့ပုံပါကြေးကွမ်းညှပ်တစ်ခု၊ ၁၂၁၄ ခုနှစ် စာတန်းပါ  ဒေါင်းဒင်္ဂါးပြားတစ်ခု၊   ကျားဝတ်ကျောက်နီပါငွေလက်စွပ် တစ်ကွင်း၊   ကျောက်နီပါမဝတ်ငွေလက်စွပ်တစ်ကွင်း၊   ပုလဲကိုးလုံးပါ လက်ပတ်တစ်ခုနှင့် ကိုလိုနီခေတ်သုံးအကြွေစေ့အချို့တို့ဖြစ်ကြောင်း သိရပြီး မတ် ၂၈  ရက်က ဌာနဆိုင်ရာများအား အကြောင်းကြားကာ ဆင်းတုတော်များအား နေအိမ်တွင်  အနေကဇာတင်ခြင်း၊  ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်ပိုင်တဲယာကုန်းလေးမှာ နွေရာသီနွားစာကျွေးဖို့အတွက်သံတူရွင်းနဲ့ တူးနေရင်း တစ်တောင်လောက်အနက်အရောက်မှာ စောင်လေးနဲ့ ထုတ်ထားတဲ့ဆင်းတုတော်တွေ၊ လက်ဝတ်ရတနာပစ္စည်းတွေ၊ ကွမ်းညှပ်စိပ်နဲ့ နွားရုပ်ကိုတွေ့တာပါ။ တွေ့တဲ့နေရာက အရင်က ချုံနွယ်သစ်ပင်တွေနဲ့ပါ။ ခုလိုမတွေ့ခင် လယ်ထဲမှာပေါက်တူးပေါက်နေရင်း ဘုရားဆင်းတုတော်ကို ပေါက်တူးနဲ့ပေါက်မိတယ်လို့ အိပ်မက်မက်တယ်။ အခုတွေ့တဲ့ပစ္စည်းတွေကိုလည်း  အစိုးရကိုအပ်မှာပါ''ဟု အဆိုပါပစ္စည်းများ တူးဖော်တွေ့ရှိခဲ့သူ ဦးစိန်ဝင်းက ပြောသည်။      
                       
 ဖြိုးကိုလင်း(ညောင်ဝိုင်း)ကေးမှုံ

No comments:

Post a Comment