Latest News

Thursday, March 9, 2017

ပျောက်ဆုံးကုန်သော နွေကျောင်းပိတ်ရက်များ

ပျောက်ဆုံးကုန်သော နွေကျောင်းပိတ်ရက်များ

လာမယ့်နှစ်မှာ တက်ရောက်ရမယ့် ကျောင်းသူကျောင်းသားတွေကို ယခုချိန်ကတည်းက စတင်သင်ကြားနေပြီ။

နေပြည်တော်၊ မတ် ၈ - လာမယ့် ပညာသင်နှစ်မှာ လေးတန်း၊ ရှစ်တန်း တက်ရောက်ကြမယ့် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ယခုနှစ်နွေရာသီကျောင်းပိတ်ရက်ကို နှစ်ရက်သာနားပြီး ကျူရှင်တွေ စတင်တက်ရောက်နေကြပါပြီ။

‘ကျူရှင်တွေကပေါတော့ သူ့ ထက်ငါ အပြိုင်ဖွင့်ကြတာ၊ နာမည်ရပြီးသား ကျူရှင်တွေကတော့ ဖြည်းဖြည်းမှ ဖွင့်ကြတာများ တယ်၊ မိဘတွေကလဲ ကိုယ့်သား သမီးနောက်ကျမှာကြောက်တော့ ဖွင့်တဲ့ရက်အလိုက်ခိုင်းတာပဲ၊ ကလေးတွေကလဲ မပျင်းဘူး၊ သူလိုက်တော့ ကိုယ်လိုက်ချင်ဆိုသလိုကို ဖြစ်နေတာ”လို့ မြိုင်မြို့နယ်မှ လာမယ့်နှစ်မှာ လေးတန်း တက်ရောက်ရမယ့် ကျောင်းသူရဲ့ မိခင် ဒေါ်ငြိမ်းအေးက ပြောပါတယ်။

နယ် ဘက်တွေမှာ ရှိ တဲ့ ကလေးတွေဟာ မြို့ပေါ်တွေလို နွေရာသီကျောင်းပိတ်ရက်မှာ ကွန်ပျူတာသင်တန်း၊ ဓမ္မစကူးတွေထားလေ့သိပ်မရှိဘဲ နွေရာသီကျောင်းပိတ်တာနဲ့ နှစ်ရက်လောက်သာ ကလေးတွေကို နားခွင့်ပြုပြီး လာမယ့်နှစ်မှာ တက်ရောက်ရမယ့် အတန်းအတွက် ကျူရှင်တွေ ထားကြတာများတယ်လို့ သိရပါတယ်။

‘ကိုယ်လိုက်နေကျ ဆရာဆရာမဖွင့်မှ လိုက်မယ်ဆိုတဲ့ သူတွေကတော့ သူတို့ ဆရာဆရာမ မဖွင့်သေးသရွေ့ မလိုက်ကြဘူး၊ ဓမ္မစကူးကို လိုက်လိုက်သေးတယ်၊ ဒီနယ်ဘက်တွေမှာက နွေရာသီကျောင်းပိတ်ရင်ကျူရှင် လောက်ပဲထားကြ တာများတော့ ဖွင့်တာနဲ့ မိဘတွေကလဲ ထည့် ကြတာပဲ၊  အဓိကက တော့ ကျူ ရှင်သင်တဲ့ သူတွေကလဲ လူရချင်တော့ အပြိုင်ဖွင့်ကြတာပါ၊ ဒီတော့ ကလေးတွေတောင် နားရက်သိပ်မရတော့ဘူး” လို့ မြိုင်မြို့မှ ကျူရှင်ဆရာ ဦးမြင့်ထွန်းက ပြောပါတယ်။

လက်ရှိနယ်ဘက်တွေမှာ ကျူ ရှင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်တဲ့ အတန်းတွေကတော့ စတုတ္ထ တန်းနဲ့ အဋ္ဌမတန်းတွေ ဖြစ်ပြီး နဝမတန်းအတွက်ကတော့ ကျူ ရှင်သင်ကြားမှု သိပ်မရှိသေးဘူးလို့ သိရပါတယ်။
‘ကိုးတန်းအတွက်က အခုချိန်သင်တဲ့သူတော့ သင်နေတာပဲ၊ ဒါပေမဲ့ လူသိပ်မရှိသေးဘူး၊ ဘာ လို့လဲဆိုတော့အောင်၊ မအောင် မသေချာသေးလို့၊ ကိုယ့်ကိုယ်ကို အောင်မယ်လို့ တွက်ထားတဲ့သူ တွေကတော့ လိုက်တယ် မနားဘဲ၊ ဒါလဲ နည်းနည်းပါ” လို့ တောရွာမှ ကျူရှင်ဆရာမ ဒေါ်အေးမြက ပြောပါတယ်။

အရင်က နယ်ဘက်မှာရှိတဲ့ ကလေးတွေဟာ နွေရာသီ ကျောင်းပိတ်ရက်မှာဆိုရင် မိဘတွေအနေနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းစာလည်း တတ်စေချင်တဲ့အတွက် ဘုန်းကြီးကျောင်းမှာ ဘုရားစာတွေကို သင်ခိုင်းလေ့ ရှိပါတယ်။ ယခုနောက်ပိုင်းမှာ တော့ ကျူရှင်သင်ကြားတဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ များလာပြီ ဖြစ်တဲ့အတွက် နွေရာသီကျောင်းပိတ်ရက်မှာ ဘုန်းကြီးကျောင်းကိုထားတဲ့သူ မရှိသလောက်ဖြစ်လာပြီလို့လည်း ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

‘အရင်ကတော့ ကျူရှင်တွေကလဲ သိပ်ခေတ်မစားသေးဘူး လေ၊ ဒီတော့ ကလေးတွေ နွေရာသီကျောင်းပိတ်ရက်မှာ ဘုန်းကြီး စာလေး ဆိုတတ်အောင် နယ် ဘက်တွေက ထားကြတယ်၊ ဘုရားစာလုံးဆင့်တွေဆိုလဲ ဆိုတတ် အောင်ပေါ့၊ အခုတော့ မဟုတ်ပါဘူး၊ ကျောင်းပိတ်တာနဲ့ ကျူရှင် တန်းပြေးကြရတယ်၊ ကျန်တဲ့ရွာ တွေတော့ မသိဘူး၊ အစ်မတို့ရွာတော့ ဘုန်းကြီးကျောင်းထည့်တဲ့ သူကို မရှိတော့တာသုံးနှစ်လောက်ရှိပြီ” လို့ ရေစကြိုမြို့နယ် မှ ရှစ်တန်းကျောင်းသားရဲ့ မိခင်ဒေါ်မြဌေးက ပြောပါတယ်။

လာမယ့်နှစ်မှာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း တက်ရောက်ရမယ့် ကျောင်းသူကျောင်းသားတွေကို ယခုချိန်ကတည်းက စတင်သင် ကြားနေပြီဖြစ်ပြီး နဝမတန်းနဲ့ ဆယ်တန်းအတွက်တော့ တန်ခူး လအပြီး အောင်စာရင်းတွေထွက်မှ စုံစုံလင်လင်ဖွင့်ကြတာများတယ်လို့ သိရပါတယ်။

Author မာရီခိုင်

Kumudra

No comments:

Post a Comment