Latest News

Wednesday, March 29, 2017

တရားမဝင်သစ်ထုတ်မှုမှာ ပတ်သက်တဲ့ သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေ ထုတ်ပယ်

တရားမဝင်သစ်ထုတ်မှုမှာ ပတ်သက်တဲ့ သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေ ထုတ်ပယ်

ကယားပြည်နယ် ဘော်လခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တို့က တရားမ၀င်သစ်ခိုးထုတ်မှု မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဒီလအတွင်း သစ်တောအရာရှိ ၉ ဦးကို ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။

ဘော်လခဲမြို့သစ်တောဦးစီးဌာနက တောအုပ် နှစ်ဦးနဲ့ တောခေါင်း ၇ ဦးတို့ကို ထုတ်ပယ် လိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် က ပြောပါတယ်။

" သစ်မှောင်ခိုလာတဲ့အချိန်သူတို့ ပိုက်ဆံတောင်းတယ်၊ ၂၀၁၂၊ ၂၀၁၃ ထဲက အပြစ်ရှိတဲ့ ဟာတွေဗျ၊ ၃လပိုင်းထဲမှာ အားလုံးပေါင်း ၉ ဦးကိုပေးနားလိုက်တာပေါ့"

ရာထူးကနေ ထုတ်ပယ်ခံရသူ ၉ ဦးဟာ ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်တွင်းက တရား မဝင် သစ်ခိုးထုတ်လာတဲ့ သစ်ကားတွေဆီကနေ ကားတစ်စီးကို ငွေကျပ်ငါးသောင်းစီယူ ပြီး ဖြတ်သန်းခွင့်ရအောင် ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ၉ ဦးအပြင် မြို့နယ်သစ်တောဦးစီးမှူးကို ရာထူးကနေ လျှော့ချခဲ့တယ်လို့လည်း ဝန်ကြီး ဦးတီရယ် က ပြောပါတယ်။

ကယားပြည်နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုတွေကို ဖမ်းဆီးရာမှာ အရင်က သစ်တောဦးစီး ဌာနတစ်ခုတည်းကသာ တာဝန်ယူဆောင်ရွက်ခဲ့ပေမယ့် လက်ရှိမှာ  သစ်တောဌာနအပြင် ကျန်တဲ့ဌာနဆိုင်ရာတွေနဲ့ပါ ပူးပေါင်းဖမ်းဆီးတာတွေဆောင်ရွက်နေ သလို အစိုးရစစ်တပ်ရဲ့အကူအညီနဲ့ ဖမ်းဆီးတာတွေရှိတယ်လို့လည်း ဦးတီရယ် က ပြောပါတယ်။

လက်ရှိ အန်အယ်လ်ဒီအစိုးရတာဝန်ယူတဲ့ကာလအတွင်း ကယားပြည်နယ်မှာ တရား မ၀င်သစ်တန်ချိန် ၇၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားကို အဓိကတင်ပို့တဲ့ သစ်မာအမျိုး အစားကို အများဆုံး ဖမ်းဆီးရ မိတာဖြစ်တယ်လို့ သိရပါတယ်။

Photo: Kyaw Myo Min/ RFA

No comments:

Post a Comment