Latest News

Tuesday, March 28, 2017

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဧပြီလတွင် ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်အထိ ပိုလာနိုင်

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဧပြီလတွင် ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်အထိ ပိုလာနိုင်

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ဧပြီလတွင် နေ့အပူချိန်မှာ ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

ဧပြီလတွင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်အထိ ပိုလာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ထားသည်။

လက်ရှိ မတ်လတတိယပတ် အတွင်း၌ မန္တလေးမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်မှ  ဒီဂရီစင်တီဂရိတ် ၄၀ အတွင်းရှိပြီး ထူးခြားနေ့အပူချိန်များအဖြစ် ချောက်၊ ကျောက်ဆည်၊ မင်းဘူး၊ မကွေး၊ တောင်ငူ၊ ဇောင်းတူး စသည့်မြို့များတွင် အမြင့်ဆုံး နေ့အပူချိန်မှာ ဒီဂရီစင်တီဂရိတ် ၄၀ မှ ၄၁ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့ကြောင်း သိရသည်။

“နေ့အပူချိန်ကတော့ မတ်လတတိယပတ် အတွင်းမှာ တော်တော်လေး သိသိသာသာ မြင့်တက်လာတယ်။ မန္တလေးအနေနဲ့ နှစ်စဉ်သင်္ကြန်ကာလအတွင်း ဧပြီလနဲ့ သင်္ကြန်ပြီးနောက် မေလတွေမှာ အပူဆုံး အချိန်တွေဖြစ်တာကြောင့် အဲဒီအချိန်တွေမှာ မန္တလေးဆေးရုံကြီးကို အပူဒဏ်ခံစားရတဲ့သူတွေ လာရောက်ကုသမှုများတယ်။ လက်ရှိ အထိတော့ အပူဒဏ်ခံစားရတဲ့လူနာ ရောက်ရှိမှု မရှိသေးပါဘူး။ ဆေးရုံကြီးအနေနဲ့ကတော့ လာမယ့်သင်္ကြန်ကာလနဲ့ အပူချိန်မြင့်တဲ့ အချိန်တွေမှာ ရောက်ရှိလာတဲ့ လူနာတွေကို အလွယ်တကူ မြန်မြန်ဆန်ဆန်နဲ့ လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလအတွင်း အမြင့်ဆုံး နေ့အပူချိန် စံချိန်သစ်အဖြစ် ဘီးလင်းတွင် ဒီဂရီစင်တီဂရိတ် ၄၀ အထိ မြင့်တက်ခဲ့ရာ ယင်းအပူချိန်မှာ ဘီးလင်း၏ ယခင်အမြင့်ဆုံး စံချိန်တင် အပူချိန်ဖြစ်သော ၃၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ကာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ( Eleven )

No comments:

Post a Comment