Latest News

Tuesday, March 7, 2017

ရန်ကုန်တွင် စွန်ရဲစီမံချက်ဖြင့် လူဆိုးလူမိုက်များကို ဖမ်းဆီးမည်

ရန်ကုန်တွင် စွန်ရဲစီမံချက်ဖြင့် လူဆိုးလူမိုက်များကို ဖမ်းဆီးမည်

ရန်ကုန်၊ မတ် ၇

ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းကျဆင်းစေရန် မတ်လ ၁ ရက်နေ့မှ စတင်ပြီး စွန်ရဲစီမံချက်ဖြင့် လူဆိုးလူမိုက်များကို နယ်မြေအနှံ့ မြေလှန်ရှာ ဖမ်းဆီးအရေးယူမှုများ အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကာလနှင့် သင်္ကြန်ကာလ မတိုင်မီ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအမံများကို စွန်ရဲစီမံချက်ဖြင့် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ နှစ်လကြာ အရှိန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကိုကိုးကျွန်းမပါ ကျန် ၄၄ မြို့နယ်မှာ ဒီစီမံချက်ကို ဆောင်ရွက်နေပါပြီ၊ နယ်မြေအနှံ့မှာရှိတဲ့ ခိုးဆိုးလုနှိုက်တွေ၊ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတဲ့ လူဆိုးလူမိုက်တွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမယ်၊ လက်ရှိ လှိုင်သာယာနဲ့ တောင်ဒဂုံဘက်မှာ တရားခံပြေးတွေ ဆက်တိုက်ဖမ်းမိထားပါပြီ၊ မှုခင်းသိသာစွာ ကျဆင်းလာတဲ့အထိ ဒီစီမံချက်ကို ထိရောက်စွာ ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

စွန်ရဲစီမံချက် ကာလတွင် မှုခင်းကြိုတင်ကာကွယ်မှုများအပြင် စစ်ပြေး၊ ရဲပြေး၊ တရားခံပြေးနှင့် ရဲဘက်ပြေးများ ဖမ်းဆီးရေး၊ ခိုးဆိုးလုနှိုက် ကျော်စောသတင်းရှိသူနှင့် လောင်းကစား ကျော်စောသတင်း ရှိသူများကို မြို့နယ်အလိုက် ဖမ်းဆီးစစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စီမံချက်ကာလတွင် မြို့နယ်အနှံ့ရှိ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းများအနီး လုံခြုံရေးဆောင်ရွက်မှု၊ ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်မှုနှင့် မေးခွန်းနှင့်အဖြေလွှာများ လုံခြုံရေး ဆောင်ရွက်မှုအပြင် အခြားမလိုလားအပ်သည့် ဆူပူအုံကြွမှုများ မဖြစ်စေရန် လုံခြုံရေးကို တင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ကြားဖြတ်ရွေးကောက်ပွဲကာလ မဲရုံလုံခြုံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ အများပြည်သူ နားလည်စေရန် အသိပေးချပြ ရှင်းလင်းမှုများကို ရဲတပ်ဖွဲ့က မြို့နယ်အလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ နှစ်လအတွင်း လူသတ်မှု ၂၀ မှု၊ မုဒိမ်းမှု ၄၂ မှု၊ လုယက်မှု ၂၁ မှု အပါအဝင် အမှုပေါင်း ၂၇၁၄ မှု ဖြစ်ပွားခဲ့ပြီး မှုခင်းကျဆင်းရေး ကြိုတင်ကာကွယ်မှုများ ဖြစ်သော လောင်းကစားမှု၊ မူးယစ်မှု၊ ပြည့်တန်ဆာမှု၊ လက်နက်ပုန်းမှု၊ ယစ်မျိုးမှုများ အပါအဝင် အမှုပေါင်း ၁၀ မှုမှ လူအယောက် ငါးထောင်ကျော်ကို ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နိုင်ခဲ့သည်။

The Voice

No comments:

Post a Comment