Latest News

Tuesday, March 7, 2017

သေဒဏ်ချမှတ်ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးအား မြန်မာသံရုံးအဖွဲ့ သွားရောက်တွေ့ဆုံအားပေးမည်

သေဒဏ်ချမှတ်ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးအား
မြန်မာသံရုံးအဖွဲ့ သွားရောက်တွေ့ဆုံအားပေးမည်


ဗန်ကောက် မတ် ၇

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း)တွင် ဖြစ်ပွားခဲ့သော အယူခံတရားရုံးမှ သေဒဏ်ချမှတ်လိုက်သည့် မြို့တော်ဗန်ကောက်၊ ဘန်ခဝင် အကျဉ်းထောင်၌ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးအား မြန်မာသံရုံးအဖွဲ့မှ သွားရောက်တွေ့ဆုံ အားပေးမည်ဖြစ်ကြောင်း ဗန်ကောက်မြန်မာသံရုံး အထူး စုံစမ်းရေးကော်မတီအဖွဲ့မှ သိရသည်။

လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေးကော်မတီမှ မြန်မာရှေ့နေ ဦးအောင်မျိုးသန့်က ''မတ် ၈ ရက်မှာ ကလေးတွေကို သွားရောက်တွေ့ဆုံအားပေးဖို့ရှိပါတယ်။ ကလေးတွေအတွက်ကတော့ နောက်ဆုံးအဆင့် ဖြစ်နေပါပြီ။ ဒီကလေးနှစ်ယောက်အတွက် နိုင်ငံတော် အနေနဲ့ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ ပြီးတော့မီဒီယာတွေ အနေနဲ့လည်း ဒါကိုမေ့ထားလို့မဖြစ်ပါဘူး။ ဒါ့အပြင် နိုင်ငံတော်အတွင်းမှာရှိနေတဲ့ ပြည်သူပြည်သားတွေအနေနဲ့လည်း မေ့မနေဖို့လိုအပ်ပါတယ်။ တစ်ဖက်ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ပြုလုပ်တဲ့ ကိစ္စတွေမှာ တစ်ဖက်နိုင်ငံက ဘုရင်ကြီးနဲ့ သူတို့ဥပဒေကိုတော့ မြန်မာပြည်သူတွေအနေနဲ့ မစော်ကားမိစေချင်သလို မကျူးလွန်မိစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကလေးတွေဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးလက်အောက်မှာ ရှိနေသေးတာ မို့ပါ''ဟု ဆိုသည်။

ယခင်ကာလက လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေးကော်မတီအား သံအမတ်ကြီး ဗိုလ်ချုပ်ဝင်းမောင်ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ပြီး သံအမတ်အသစ်ပြောင်းလဲပြီးနောက် လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန် လိုအပ်ကြောင်း သေဒဏ်ချမှတ်ခံရသည့် အားငယ်နေကြသော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အားတွေ့ဆုံအားပေးမည်ဖြစ်ပြီး၊ အဖွဲ့၏ တွေ့ရှိချက်များကို မြန်မာနိုင်ငံတော်မှ ကူညီပံ့ပိုးပေးနေကြသော ဥပဒေ ပညာရှင်များအား တွေ့ဆုံကာ တွေ့ဆုံဆွေးနွေးရန်စီစဉ် ထားကြောင်း၊ ထိုမှတစ်ဆင့်ရရှိလာသည့်အချက်အလက် များအား ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၏တရားဝင်ခွင့်ပြုချက်ဖြင့် ထိုင်းရှေ့နေများကောင်စီကို တွေ့ဆုံကာရရှိသည့်အချက် အလက်များအား အတိုး၊အလျှော့ ပြုလုပ်သွားမည်ဖြစ် ကြောင်းနှင့် အဆင့်မြင့်အယူခံတရားရုံး (High Court) သို့တင်ရန်အတွက် အကြောင်းပြချက်များအား ပြုစုရေးသားသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

''ဘာလို့လဲဆိုတော့ အရင်တင်ခဲ့တဲ့အယူခံမှာဆိုရင် မြန်မာနိုင်ငံက ပံ့ပိုးပေးခဲ့တဲ့ဥပဒေပြုအဖွဲ့က သူတို့ရဲ့ တွေ့ရှိချက်တွေကို အင်္ဂလိပ်လိုရေးပြီး သေချာအကြံပြု ရေးသားထားပါတယ်။ ဒီစာကိုကျွန်တော်တို့သံရုံးအဖွဲ့ကသေချာစိစစ်ပြီး ထိုင်းရှေ့နေများကောင်စီကိုပေးပို့ခဲ့ပါတယ်။ ဒါကြောင့်မို့ ထိုင်းရှေ့နေများကောင်စီက ထုတ်ပြန်တဲ့အချက်တွေထဲမှာလည်း မြန်မာနိုင်ငံက ဥပဒေအရာရှိတွေရဲ့ပံ့ပိုးအကြံဥာဏ်များကို ထည့်သွင်းသုံးသပ်ပြီး ဒီလိုအယူခံတင်ခဲ့တာပါ။ ဒါကြောင့် အဲဒီအချက်အလက်တွေကို ကျွန်တော်တို့အနေနဲ့ ခုပြန်အသက်သွင်းမယ်။ လိုရင်ဖြည့်မယ်။ ပိုနေရင်လျှော့ပစ်မယ်ဆိုတဲ့ပုံစံနဲ့သွား တော့မှာပါ။ နောက်ပိုင်းမှာ ကြားလာတဲ့သတင်းတွေ အရဆိုရင်တော့ တချို့အချက်အလက်တွေက ဖျက်သင့် တာတွေရှိနေပါတယ်။ သို့သော် အယူခံတရားရုံးတော်တို့ မည်သည်မှာ အောက်ရုံးတော်က စစ်ခဲ့တဲ့စာမျက်နှာပေါင်း ၄ဝဝဝ ကျော်ကနေ ရှိတဲ့အချက်တွေ သွေဖည်ပြီး ကောလာဟလကြားတဲ့သတင်းတွေကို ထည့်သုံး လေ့တော့မရှိပါဘူး။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီ အချက်အလက်တွေအပေါ်မှာ မူတည်ပြီး လုပ်ဆောင်သွား မှာပါ။ ကျွန်တော်တို့အနေနဲ့မူလအယူခံတရားရုံးတွေကနေ တင်ပြချက်တွေလည်းရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကလေးနှစ်ဦးဟာ ပြစ်မှုကျူးလွန်ကြသူတွေမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ကလေးတွေအနေနဲ့ ဒီအပြစ်ကိုမခံထိုက်ဘူးဆိုပြီးရုံးတော်တွေမှာ တစိုက်မတ်မတ်ပြောလာ ခဲ့တဲ့အတွက်ကြောင့် အပြစ်မရှိကြောင်းထုချေနေတာပါ။ နောက်ဆုံးအဆင့်မြင့်အယူခံတရားရုံး (High Court) ကို တက်မှာဖြစ်ပြီး အဲဒီရုံးတော်က Yes or No ဆိုတာ ကတော့ ကလေးတွေရဲ့ ဥပဒေအရအဖြေပါ။ အဲတော့လွတ်မြောက်ပြီဆိုရင်လည်း အပြစ်မရှိဘူးပေါ့။ လိုအပ်မယ်ဆိုရင် နောက်ပိုင်းမှာ ထိုင်းနိုင်ငံဘုရင်ကြီး ဆီအထိ အသနားခံစာတင်မယ်ဆိုတဲ့ နိုင်ငံတော်တာဝန်ရှိ သူပြောဆိုချက်ကလည်း နှစ်နိုင်ငံသံတမန်နည်းလမ်းအရ တောင်းဆိုတာပါ။ ဒါကကျတော့ ဥပဒေနဲ့မဆိုင်တော့ပါဘူး။ လက်ရှိကျွန်တော်တို့အနေနဲ့ အဆင့်မြင့် အယူခံတရားရုံးကို တက်မယ်ဆိုတာကတော့ ဥပဒေအရသွားနေတာပါ။

ထိုင်းရှေ့နေများကောင်စီကလည်း ကြိုးစားပမ်းစား အစွမ်းရှိသလောက် ဆောင်ရွက်ပေးနေကြပါတယ်''ဟု ရှင်းပြသည်။

ပြီးခဲ့သည့်ဇန်နဝါရီလပိုင်းက ထိုင်းနိုင်ငံ နမ့်ခေါင်စီ ထမရထောင်၌ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား မြန်မာသံရုံးအဖွဲ့ ကိုးဦးမှ ပထမအကြိမ်သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း)တွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကမ္ဘာ လှည့်ခရီးသည် ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သော David Miller နှင့် Hannah Witheridge တို့ နှစ်ဦးသေဆုံး ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်သော ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့အား ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကော့စမွေီခရိုင် တရားရုံးတော်မှ လူသတ်မှု၊ မုဒိမ်းမှု တို့အပါဝင် ပုဒ်မ ခုနစ်ခုတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ် ၁ ရက်ကလည်း အယူခံတရားရုံးတော်မှ သေဒဏ်အမိန့် ထပ်မံချမှတ်ခဲ့ကြောင်း လိပ်ကျွန်း အထူးစုံစမ်းစစ်ဆေးရေး ကော်မတီမှ သိရသည်။

(စိုးဝင်း-MLA)ပြန်/ဆက်

No comments:

Post a Comment