Latest News

Tuesday, March 14, 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပွင့်လင်းမြင်သာမှု မရှိသည်များကို တွေ့ရှိနေရကြောင်း တိုင်းဒေသကြီးလွှတ်တော်၌ ဝေဖန်ပြောကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပွင့်လင်းမြင်သာမှု မရှိသည်များကို တွေ့ရှိနေရကြောင်း တိုင်းဒေသကြီးလွှတ်တော်၌ ဝေဖန်ပြောကြား


ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပွင့်လင်းမြင်သာမှု မရှိသည်များကို တွေ့ရှိနေရကြောင်း ရေကြည်မဲဆန္ဒနယ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က မတ် ၁၄ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်၌ ဝေဖန် ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီး၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် အရည်အသွေးနှင့် ကုန်ကျစရိတ်များကို မည်ကဲ့သို့သော နည်းစနစ်စံနှုန်းများ သတ်မှတ်ဖော်ဆောင် ရေးဆွဲချမှတ်သည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းရာ၌ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အနေနှင့် ပွင့်လင်းမြင်သာမဖြစ်သော လုပ်ငန်းများကို တွေ့ရှိနေရပါတယ်။ မူလငွေလုံးငွေရင်း ဘတ်ဂျက်ချထားသော လုပ်ငန်းများအပြင် ခေါင်းစဉ်အမျိုးမျိုးနှင့် ချလာသော လုပ်ငန်းများမှာ လွှတ်တော်ကိုယ်စားလှယ်များ မသိဘဲချလာသော လုပ်ငန်းများရှိသလို တင်ဒါမဟုတ်ဘဲ ၎င်းဌာနကသာလုပ်ပြီး တင်ဒါမအောင်သော ကုမ္ပဏီများကို တစ်ဆင့်ပြန်ချပေးကာ လုပ်ဆောင်နေမှုများကိုလည်း တွေ့နေရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောကြားသည်။

“ဌာနမှ တင်ဒါခေါ်ယူမည့်စနစ်မှာ တင်ဒါဆွဲလိုသော ကုမ္ပဏီများအားလုံးကို ရက်သတ်မှတ်ချိန်းဆို၍ ကုမ္ပဏီတစ်ခုချင်းရဲ့ Profile ပြည့်စုံမှုကို စိစစ်ချထားပေးခြင်းဟု သိရပါသော်လည်း တင်ဒါခေါ်ယူခြင်း မဟုတ်ဘဲ ဌာနက ဖော်ဆောင်နေသည့် တစ်ဆင့်ခံ ကန်ထရိုက်စနစ်မှာ Profile အပိုင်းအနေဖြင့် ပွင့်လင်းမြင်သာ မဖြစ်နိုင်တော့ပါ။ အစကတည်းက တင်ဒါအောင်ကုမ္ပဏီတွေရဲ့ အရည်အသွေး ပြည့်မီအောင် ပြုလုပ်ရန် ကြီးကြပ်ဖို့ ခက်ခဲရတဲ့အထဲ ဌာနကနေတစ်ဆင့် ပြန်ခိုင်းနေပါ၍ စီမံကိန်းလုပ်ငန်းရဲ့ တန်ဖိုးနဲ့ အရည်အသွေး အပြည့်အ၀ရဖို့ ပြည်သူတွေအနေနဲ့ များစွာနစ်နာနေရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ မေးမြန်းချက်အပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြန်လည်ဖြေကြားရာတွင် “လုပ်ငန်း အရည်အသွေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ယခုဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီများကို တာဝန်ပေးအပ်မည် ဖြစ်စေ၊ ဌာနက တိုက်ရိုက်တာဝန်ယူသည် ဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင် တစ်ခုချင်းစီအတွက် ဌာနတွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်းနှင့် အားနည်းချက် တစ်စုံတစ်ရာ ရှိလာပါက သက်ဆိုင်ရာ ၀န်ထမ်းအဆင့်ဆင့်ကို တာဝန်ယူ၊ တာဝန်ခံမှုဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနဲ့အညီ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ဌာနမှ တိုက်ရိုက်တာဝန်ယူသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ကုမ္ပဏီများသို့ တစ်ဆင့်ခံ ကန်ထရိုက်ပေးကာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်စေခြင်း မရှိကြောင်း၊ သို့သော် ဌာနကသော်လည်းကောင်း၊ ကျေးရွာကော်မတီကသော်လည်းကောင်း၊ လုပ်ငန်းအဖွဲ့များ ပုတ်ပြတ်ငှားရမ်းခြင်းနှင့် လိုအပ်သည့်ယန္တရားများ ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ရကြောင်း ၀န်ကြီးက ထည့်သွင်း ဖြေကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ယခုဘဏ္ဍာနှစ်၌ ဆောင်ရွက်သည့် အိတ်ဖွင့်တင်ဒါစနစ်မှာ ပွင့်လင်းမြင်သာမှု အားကောင်းသောစနစ်အဖြစ် တင်ဒါဝင်ရောက် ယှဉ်ပြိုင်ကြသည့် ကုမ္ပဏီအားလုံးနီးပါးက မှတ်ချက်ပြု လက်ခံကြသည်ဟု ကြားသိရကြောင်း ၀န်ကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

အောင်ကျော်မျိုး



Eleven Media Group

No comments:

Post a Comment