Latest News

Sunday, March 12, 2017

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာမေးခွန်း၌ ၂၄ မှတ်ဖိုး မှားယွင်းနေ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာမေးခွန်း၌ ၂၄ မှတ်ဖိုး မှားယွင်းနေ


၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ (ပြည်တွင်း) မေးခွန်း၌ ၂၄ မှတ်ဖိုး မှားယွင်းနေကြောင်း သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ (ပြည်တွင်း) မေးခွန်းလွှာ၌ တစ်မှတ်တန် Section (A), No.24 ၌ မေးခွန်းလွဲမှားမှု၊ သုံးမှတ်တန် Section (B), No.4 ၌ ပေးချက်မပြည့်စုံမှု၊ ငါးမှတ်တန် မေးခွန်းများဖြစ်သည့် Section (C), No.7 (A), 7 (B) နှင့် Section (C), No.8 (B) တို့၌ ပုစ္ဆာမေးခွန်း သတ်မှတ်ချက်များ မပြည့်စုံဘဲ အားနည်းနေမှု၊ Section (C), No.15 (A) ၌ ပုစ္ဆာလွဲမှားနေမှုတို့ ဖြစ်ခဲ့ကြောင်း သိရသည်။

“သင်္ချာမေးခွန်းမှာက ငါးမှတ်တန်က လေးပုဒ်၊ သုံးမှတ်တန်က တစ်ပုဒ်နဲ့ တစ်မှတ်တန်က တစ်ပုဒ် စုစုပေါင်း ၂၄ မှတ်ဖိုး မေးခွန်းမှားယွင်းနေတာကို တွေ့ရပါတယ်။ ဒါမျိုးက မဖြစ်သင့်ပါဘူး။ တစ်နှစ်ကို တစ်ကြိမ်ပဲ ထုတ်ရတဲ့ မေးခွန်းမျိုးကို ဒီလိုပုံစံမျိုး မမှားမယွင်းသင့်ပါဘူး။ တစ်နှစ်လုံးမှာက တစ်ခါပဲထုတ်ရတာပါ။ ဆရာတို့ဖြစ်စေချင်တာက ပါမောက္ခတွေက ဦးဆောင်ပြီး ထုတ်ချင်ထုတ်၊ ဒီသင်ရိုးကို သင်နေတဲ့ B.Ed လေးယောက်၊ ငါးယောက်လောက်ကို ကျပန်းခေါ်ပြီး ထုတ်သင့်တယ်လို့ ထင်ပါတယ်။ တချို့ပါမောက္ခတွေက တက္ကသိုလ်ဝင်တန်းတွေ မသင်ကြတော့ ဒီသင်ရိုးတွေနဲ့ ထိတွေ့မှု အားနည်းသွားပြီ။ အရင်တုန်းကဆိုရင် တက္ကသိုလ်က ပါမောက္ခကြီးတွေက ရန်ကုန်မြို့ကြီးက လက်ရှိသင်ရိုးကို သင်နေတဲ့ B.Ed ဆရာ ဆရာမကြီးတွေနဲ့ ဘုတ်အဖွဲ့ဖွဲ့ပြီး မေးခွန်းထုတ်ကြတယ်။ မေးခွန်းထုတ်ပြီး ဆရာ ဆရာမကြီးတွေကို သုံးနာရီမေးခွန်းကို နှစ်နာရီနဲ့ အပြီးဖြေခိုင်းတယ်လို့ သိရပါတယ်။ ဖြေပြီးတော့ အမှားအယွင်း ဘယ်လိုရှိနိုင်လဲ၊ တွက်နည်း ဘယ်လိုတွေရှိနိုင်လဲဆိုတာ ဆန်းစစ်တယ်လို့ သိရပါတယ်။ ပြီးတော့ အမှတ်ပေး စည်းမျဉ်းဆွဲတယ်။ အဆင့်ဆင့် ဆန်းစစ်ပြီးမှ မေးခွန်းထုတ်တယ်လို့ သိရပါတယ်။ အရင်ခေတ်တုန်းက မေးခွန်းတွေက အမှားအယွင်း နည်းပါတယ်။ မရှိသလောက်ပါပဲ။ ဒါ့ကြောင့် မေးခွန်းထုတ်တဲ့အခါ ပါမောက္ခတင်မကဘဲ လက်ရှိသင်ရိုးကို သင်နေတဲ့ ဆရာကြီး ဆရာမကြီးတွေ ပါသင့်တယ်လို့ ထင်ပါတယ်။ ဒီလို အမှားအယွင်းဖြစ်ပြီဆိုရင် တစ်နိုင်ငံလုံးသိအောင် ၀န်ခံတာတို့ တရားဝင် ပြန်ရှင်းလင်းတာတို့ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် အမှတ်ပေးတဲ့ အခါမှာလည်း ကလေးတွေအနေနဲ့ ဘ၀နဲ့ရင်းဖြေရတဲ့ စာမေးပွဲဖြစ်တာကြောင့် နစ်နာမှုမရှိအောင် လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု K.ဦးမောင်မောင်ဌေး (သင်္ချာ)၊ ယုယုယယ အဆင့်မြင့်ဘော်ဒါ (မုံရွာ)မှ အဆိုပါ မေးခွန်းမှားယွင်းမှုနှင့် ပတ်သက်၍ ထောက်ပြပြောဆိုခဲ့သည်။

ဆက်လက်၍ မိုးအဆင့်မြင့် စာသင်ဝိုင်းနှင့် ဘော်ဒါမှ ဦးနေ၀င်းမြင့် (သင်္ချာ) ကလည်း သင်္ချာမေးခွန်းလွှာ၌ အမှားပါဝင်မှုနှင့် ပတ်သက်၍ “ဒီအမှားက ၂၀၁၂ ခုနှစ်တုန်းက မှားခဲ့တဲ့ အမှားမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ ပုစ္ဆာက ပုစ္ဆာတစ်ပုဒ်အဖြစ်နဲ့ တွက်လို့တော့ ရနေတယ်။ ပုစ္ဆာတွက်တာနဲ့ ထွက်တဲ့အဖြေက အံကိုက်တော့ဖြစ်တယ်။ ဒါပေမဲ့ ပုစ္ဆာရဲ့နောက်ကြောင်း ရာဇ၀င်ကို ပြန်လေ့လာကြည့်တဲ့အခါ ပုစ္ဆာတည်ဆောက်ပုံက မမှန်ဘူး။ တွက်လို့မရလောက်အောင် မှားတဲ့အမှားမျိုးတော့ မဟုတ်ဘူး။ တွက်လို့တော့ရနေပေမယ့် ပုစ္ဆာရဲ့ဖြစ်နိုင်ခြေက ယုတ္တိသိပ်မရှိဘူး။ ဒီအလွဲတွေက ကလေးတွေအတွက်တော့ အန္တရာယ်ရှိတာပေါ့လေ။ အဲဒီအတွက် တာဝန်ယူပေးသင့်တာပေါ့။ ဖြေရတဲ့ကလေးတွေအတွက် နစ်နာမှုတွေ ရှိတာပေါ့” ဟု ပြောကြားသည်။

အဆိုပါ မေးခွန်းမှားယွင်းမှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိခဲ့ပေ။

“စာမေးပွဲခန်းထဲမှာတော့ မေးခွန်းမှားတယ်ဆိုတဲ့အကြောင်း ဆရာ ဆရာမတွေလိုက် ပြောပေးတာ မရှိပါဘူး။ တွက်တာတော့ တွက်ခဲ့တာပါပဲ။ တချို့မေးခွန်းတွေက တွက်ရင်းနဲ့ လည်သွားတာမျိုးတော့ ရှိခဲ့တယ်။ မေးခွန်းမှားတယ်လို့တော့ မထင်ခဲ့ပါဘူး။ မေးခွန်းခက်ပြီး ဖြေရတာ နည်းနည်း အဆင်မပြေဘူးလို့ပဲ ထင်ခဲ့တာပါ” ဟု ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသူတစ်ဦးက ဆိုသည်။

“တွက်မရတော့ ကျောင်းသားတွေ တွက်ရင်းအချိန်မလောက် ဖြစ်ကုန်တယ်။ အတိအကျ တွက်မရတော့ ကလေးတွေက အားမလို အားမရဖြစ်ကုန်တယ်။ ကျောင်းသားတွေ နစ်နာပါတယ်။ မေးခွန်းထုတ်တဲ့ပုဂ္ဂိုလ်တွေ ကိုယ့်တာဝန်ကိုယ်ယူသင့်တယ်” ဟု ရေဦးမြို့နယ်မှ မိဘတစ်ဦးက ပြောကြားသည်။

အေးပပ


Eleven Media Group

No comments:

Post a Comment