Latest News

Tuesday, March 7, 2017

ယုံကြည်မှုပျောက်ဆုံးသူများကြားက ယုံကြည်မှုတည်ဆောက်နေသူ

ယုံကြည်မှုပျောက်ဆုံးသူများကြားက ယုံကြည်မှုတည်ဆောက်နေသူ


မြန်မာပြည် အနောက်ပိုင်းရှိ လူ့အဖွဲ့အစည်း နှစ်ခုကြား ကွာဟမှုက မြန်မာသိ၊ ကမ္ဘာသိဖြစ်လာသည်။ ရခိုင်ပြည်နယ်ဟု ဆိုလိုက်သည်နှင့် သမိုင်းနှင့်ချီသည့် ထိလွယ်ရှလွယ် ပြဿနာများနှင့် အကြမ်းဖက်မှု၊ မယုံကြည်မှု သံသယများကသာ ထင်ထင်ရှားရှားရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက မည်မျှခက်ခဲမည်ဆိုသည်ကို လုံခြုံရေးတာဝန် ထမ်းဆောင်သူများ၏ အသက်အန္တရာယ်ပင် ခြိမ်းခြောက်ထိပါးခံခဲ့ရသည့် အခြေအနေက သက်သေပြနေ၏။ ထို့ကြောင့်လည်း လူ့အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန် မေတ္တာတရားကို မြင်ရသည့်အကြောင်းအရာမျိုး ပြည်တွင်းမှာရော ပြည်ပမှာပါ မတွေ့ရပေ။

သို့သော် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများကြား ထူးခြားသည့် ဆက်ဆံမှုတစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာ တတိယပတ်အတွင်း 7Day News ဂျာနယ် သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။

ဘင်္ဂါလီအမျိုးသမီးများအတွက် မရှိမဖြစ်ဟုဆိုရအောင် အားကိုးအားထားရသည့် ဆရာဝန်ကို မြင်တွေ့ရ၍ဖြစ်သည်။ မောင်တောမြို့ဇာတိ ရခိုင်တိုင်းရင်းသူဖြစ်ပြီး ဘူးသီးတောင်မြို့နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦး ဖြစ်သည်။

ဆရာဝန်ဖြစ်၍ ဘာသာ၊ လူမျိုး၊ အသားအရောင်မခွဲခြား၊ ကုသရန် တာဝန်ဆိုသည့်တိုင် လုံခြုံ ရေးဝန်ထမ်းများအတွက်ပင် အန္တရာယ်ရှိနေသည့် ဘင်္ဂါလီကျေးရွာများသို့လည်း သွားလာကုသနေသည့် ရခိုင်ဆရာဝန်ဖြစ်သည်။

ဘူးသီးတောင်၊ မောင်တော နှစ်နယ်စလုံးတွင် ဒေါက်တာခင်သူဇာအကြောင်း မေးကြည့်ရာ ဘင်္ဂါလီသုံးဦးက ယခုကဲ့သို့ တူညီသော မှတ်ချက်ပြုသည်။

‘‘ဆရာမက တော်တယ်’’

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရမည့် သူများအဖို့ အသက်အန္တရာယ် စိုးရိမ်ပူပန်မှု၊ ဆက်သွယ်သွားလာရေးခက်ခဲပင်ပန်းမှု၊ ဘာသာစကားအခက်အခဲများကြား ရခိုင်-ဘင်္ဂါလီမခွဲ ဆေးကုသပေးနေသူ အခြားဆရာဝန် များလည်းရှိသည်။ ဒေါက်တာခင်သူဇာကတော့ ရခိုင်တိုင်းရင်းသူစစ်စစ်၊ ရခိုင်မှာ မွေး၊ ရခိုင်မှာကြီး၊ ရခိုင်မှာ သူတတ်သည့်ပညာနှင့် အလုပ်အကျွေးပြုနေသူဖြစ်သည်။

၂၀၀၂ တွင် ဆရာဝန်ဘွဲ့ရပြီးကတည်းက စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအတွင်း အလုပ်သင်ဆရာဝန်၊ လက်ထောက်ဆရာဝန် တာဝန်များကို ဆယ်စုနှစ်တစ်စုကျော်တာ ဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သားဖွားမီးယပ် ဒီပလိုမာ သင်တန်း တစ်နှစ် ဆက်တက်ခဲ့ပြီး လွန်ခဲ့သော ကိုးလခန့်ကစကာ ဘူးသီးတောင်ဆေးရုံသို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

အပြန်အလှန် မယုံကြည်မှုများရှိနေသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား လူမျိုး၊ ဘာသာခွဲခြားခြင်းမရှိဘဲ ဆေးဝါးကုသပေးနေပုံနှင့် ပတ်သက်၍ သူ၏ခံယူချက်ကို ယခုလိုပြောပြသည်။

‘‘လူနာကို လူနာလို့မြင်လိုက်ရင် အားလုံးအဆင်ပြေသွားတယ်’’ ဟု ဒေါက်တာခင်သူဇာက ဆိုသည်။

ဘင်္ဂါလီလူဦးရေ များပြားသည့် နယ်စပ်ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရသည်မှာ ဒေါက်တာခင်သူဇာတို့လို ဆရာဝန်များအတွက် လွယ်ကူလှသည်မဟုတ်။ အထူးသဖြင့် ဘင်္ဂါလီလူနာများနှင့် ပတ်သက်၍ နှောင့်နှေးကြန့်ကြာရသည့် အကြောင်းနှစ်ချက် ကြုံတွေ့ရလေ့ရှိသည်။

အဆိုပါ နှောင့်နှေးကြန့်ကြာခြင်းအကြောင်းနှစ်ရပ်မှာ ဘင်္ဂါလီလူမျိုးများအနေဖြင့် မည်သူနှင့် ဆေးဝါးကုသမည်ကို ဆုံးဖြတ်ချက်မချနိုင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတို့ဖြစ်သည်။

‘‘ဒီမှာက ပထမနှောင့်နှေးကြန့်ကြာခြင်း (First Delay) ကြောင့် ဖြစ်နေတာပိုများတယ်’’ဟု ဒေါက်တာခင်သူဇာက ပြောကြားသည်။

ကုသမှုရလဒ်မကောင်းသည့်အခါတိုင်း စိတ်မကောင်းဖြစ်ရသည်ဟု သူကဆိုသည်။ ဘင်္ဂါလီလူမျိုးများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရာတွင် အားနည်းချက်များရှိနေခြင်းမှာ အမျိုးသမီးများအနေဖြင့် ပညာကို ဆုံးခန်းတိုင် မသင်ယူရခြင်း၊ အိမ်ထောင်ဦးစီးအမျိုးသားကသာ ဆုံးဖြတ်ချက်ချနိုင်ခြင်းတို့ကြောင့် အဓိကဖြစ်ကြောင်း သူ၏အမြင်ကို ပြောပြသည်။

 ‘‘ဆုံးဖြတ်ချက်ချတဲ့သူတစ်ယောက်မှားပြီဆိုတာနဲ့ သားဖွားမီးယပ်ပြဿနာ အကုန်မှားတာပဲ’’ ဟု ဒေါက်တာခင်သူဇာက ဆိုသည်။

‘‘အမျိုးသမီးတွေက အိမ်တွင်းမှာပဲ နေရတာဆိုတော့ အမြင်ကျဉ်းတာပေါ့’’

ဘူးသီးတောင်ဆေးရုံတွင် လာရောက်ကုသသည့် လူနာဦးရေအချိုးအစားမှာ ရခိုင်နှင့်ဘင်္ဂါလီ ညီတူညီမျှ အခြေအနေသာရှိသည်။ သို့သော် ဘင်္ဂါလီလူမျိုးများသာ ပုံမှန်အတိုင်း လာရောက်ကုသပါက ၎င်းတို့အနေဖြင့် နားချိန်ပင် ရှိမည်မဟုတ်ကြောင်း ဒေါက်တာခင်သူဇာက ယခုလို ရယ်မောရင်းက ပြောပြသည်။

‘‘သူတို့သာ ပုံမှန်လာရင် ကျွန်မတို့ ထမင်းတောင်စားရမှာ မဟုတ်ဘူး’’ဟု သူ၏လူနာဘင်္ဂါလီအမျိုးသမီးတစ်ဦးကို ပြုံးကြည့်ရင်းဆိုသည်။ ၎င်းဘင်္ဂါလီလူနာအမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ် ငါးရွာမှဖြစ်ပြီး ရှစ်ယောက် မြောက်ရင်သွေးကို ဒေါက်တာ ခင်သူဇာတို့ထံတွင် လာရောက်မီးဖွားခြင်းဖြစ်သည်။

လူနာ၏ခင်ပွန်း အဒူဆလင်က ‘‘ပိုက်ဆံလည်း မပေးရဘူး။ အဆင်ပြေပါတယ်’’ဟု စကားပြန်မှတစ်ဆင့် 7Day News အား ပြောသည်။

နယ်စပ်မောင်တော၊ ဘူးသီးတောင်ဒေသနှင့်ပတ်သက်၍ ရခိုင်အပါအဝင် တိုင်းရင်းသားများ၏ စိုးရိမ်မှုတစ်ခုမှာ ဘင်္ဂါလီလူမျိုးများ၏သားဖွားနှုန်းမြင့်မားခြင်းနှင့် လူဦးရေ အဆမတန်များပြားလာခြင်းကိစ္စလည်း အပါအဝင်ဖြစ် သည်။

အမှတ်(၁) နယ်ခြားစောင့်ရဲ တပ်ဖွဲ့၏ ၂၀၁၆ စာရင်းများအရ မောင်တောဒေသတွင် စုစုပေါင်း လူဦးရေ ရှစ်သိန်းကိုးသောင်းကျော်ရှိသည့်အနက် ဘင်္ဂါလီလူဦးရေမှာ ရှစ်သိန်းခန့်ရှိသည်။ ၁၉၉၂ တွင် မောင်တောဒေသ၌ ဘင်္ဂါလီ လူဦးရေ နှစ်သိန်းခွဲကျော်သာရှိရာ ၂၀၁၆ တွင် လူဦးရေ ရှစ်သိန်းခန့် ရှိ၍ ၆၆ ရာခိုင်နှုန်းဖြင့် တိုးမြင့်လာခြင်းဖြစ်သည်။

လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အကဲဆတ်ပြဿနာများကို နိုင်ငံတကာဖိအားအောက်တွင် အစိုးရက ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေရသည့် ဒေသလည်း ဖြစ်သည်။

7Day News က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာသို့ ရောက်ရှိရာ ဘင်္ဂါလီလူမျိုး ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် အသက်(၉၀)ကျော်အရွယ် ဆွေယောဒူလာက ၎င်း၌ သားသမီး ၂၈ ဦးနှင့် မြေး ၈၀ ဦးရှိကြောင်း ပြောပြခဲ့ဖူးသည်။

ဒေါက်တာခင်သူဇာ အပါအဝင် ဘူးသီးတောင်မြို့နယ်ဆေးရုံမှ ဝန်ထမ်းများက ၎င်းတို့ထံ ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုးများကို လူနာအဖြစ်သာ ရှုမြင်ပြီး တတ်နိုင်သလောက် စောင့်ရှောက်မှုပေးကြောင်း ဆိုသည်။

နယ်စပ်ဒေသရှိ ဘင်္ဂါလီလူနာများအား ဆေးကုသပေးခြင်းနှင့် ပတ်သက်၍ အမှတ်တရအတွေ့အကြုံများအနက် ဖြစ်ရပ်တစ်ခုကိုလည်း ဒေါက်တာခင်သူဇာက ပြန်ပြောင်းပြောပြသည်။ ဘူးသီးတောင်ဆေးရုံနှင့်ကပ်လျက် ဘင်္ဂါလီလူမျိုးများနေထိုင်သည့် အမှတ် (၂)ရပ်ကွက်မှ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ခြောက်ယောက်မြောက် ရင်သွေးကို လွယ်ထားပြီး မီးဖွားခါနီး၌ သွေးဆင်းသဖြင့် ဒေါက်တာခင်သူဇာ၏ ကိုယ်ပိုင်ဆေးခန်းသို့ လာရောက်ပြသခြင်းဖြစ်သည်။ လူနာကို စမ်းသပ်ကြည့်ရာ အချင်းရှေ့ရောက်နေသဖြင့် လိုအပ်သည့် အရေးပေါ် ဆေးဝါးကုသမှုများ ဆောင်ရွက်ရန် ဆေးရုံချက်ချင်းတက်ရန် မှာကြားခဲ့သော်လည်း လူနာက မလိုက်နာခဲ့ကြောင်း သူက ဆိုသည်။

ဒေါက်တာခင်သူဇာက ဆေးခန်းချက်ချင်းပိတ်၍ ဆေးရုံတွင် ငါးနာရီခန့်အကြာ စောင့်နေသော်လည်း လူနာမှာ ရောက်ရှိမလာ၍ အိမ်သို့ ပြန်လာခဲ့ရာ ကြားလိုက်ရသည့်သတင်းက သူ့အဖို့ ကရုဏာဒေါသဖြစ်စေခဲ့သည်။

‘‘ဆေးရုံက လှမ်းပြောတယ်။ အမပြောတဲ့လူနာ ရှော့ခ်နဲ့ ရောက်နေပါပြီတဲ့ ပရက်ရှာက ဇီးရိုး’’ ဟု ဒေါက်တာခင်သူဇာက ဆိုသည်။

‘‘သေချာမှာတဲ့ကြားက သူတို့အရပ်လက်သည်နဲ့ စမ်းတယ်။ သွေးခြောက်လုံးသွင်းလိုက်ရတယ်’’ဟု သူက ကရုဏာဒေါသဖြစ်ခဲ့ရသည့် အမှတ်တရအတွေ့အကြုံကို ပြန်ပြောင်းပြောသည်။

လူမျိုး၊ ဘာသာမခွဲခြားဘဲ ကျရာတာဝန်ကို ထမ်းဆောင်နေသည့် ဒေါက်တာခင်သူဇာသည်လည်း လူသားတစ်ဦးသာ ဖြစ်သည်။

သူ့တွင် သုံးနှစ်သားအရွယ် သားငယ်လေးတစ်ဦးရှိပြီး ခင်ပွန်းမှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းက ဖြစ်ပွားခဲ့သည့် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် တစ်ဦးတည်းသော သားလေးနှင့် သူ့မှာ အနေဝေးခဲ့ရပြန်သည်။ နယ်ခြားစောင့်ရဲစခန်းသုံးခုကို အကြမ်းဖက်အဖွဲ့က စီးနင်းတိုက်ခိုက်ပြီးနောက် လုံခြုံရေးစိုးရိမ်မှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ကြသော ထောင်နှင့်ချီ ဒေသခံများနည်းတူ ဒေါက်တာခင်သူဇာမှာလည်း တစ်ဦးတည်းသော ရင်သွေးအတွက် အစိုးရိမ်ပိုခဲ့သည်။ ထို့ကြောင့် မိဘများရှိရာ စစ်တွေမြို့သို့ သားလေးကို ပို့ဆောင်ထားရန် ဒေါက်တာခင်သူဇာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်မတို့က ၂၄ နာရီ ဂျူတီဆင်းနေတာ။ ကိုယ့်သားသမီးဘာဖြစ်သွားမလဲ အကြောက်တရားတော့ ရှိတာပေါ့’’ဟု သူက ပြည်သူတစ်ယောက်အနေဖြင့် ဆိုပါသည်။

သားသမီးနှင့် ခွဲခွာနေရသည့် မိခင်တစ်ဦး၏ခံစားချက်ကိုလည်း ယခုကဲ့သို့ ပြောပြသည်။

‘‘မနက်မိုးလင်းရင် ကစားနေကြတာ သူတို့(ဘင်္ဂါလီ)ကလေးတွေချည်းပဲ။ ကျွန်မမှာ ခံစားရတယ်’’ဟု ဒေါက်တာခင်သူဇာက ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေဖြင့် မဟုတ်ဘဲ ပြောသည်။

‘‘ကိုယ့်မြေကိုယ့်ရေမှာ ခံစားရပါတယ်။ ကျွန်မတို့က လူနည်းစုလေ’’

ထို့အပြင် ဘူးသီးတောင်သာမက မောင်တောမြို့နယ် ဝေးလံခေါင်ဖျားဒေသများမှ လူနာများပါ လာရောက်မီးဖွားခြင်း၊ ရခိုင်သာမက ဘင်္ဂါလီအသိုင်းအဝိုင်းကပါ အားကိုးခြင်း စသည့်အကြောင်းရင်းများနှင့် ပတ်သက်၍လည်း ဒေါက်တာခင်သူဇာက ‘‘ဆရာကြီးရဲ့ စွမ်းဆောင်ရည်ကြောင့်ဖြစ်မှာပါ’’ ဟု ဆိုသည်။

‘‘ကျွန်မတစ်ယောက်တည်းကြောင့်တော့ မဖြစ်နိုင်ဘူး။ ဒီက ဆရာ၊ ဆရာမတွေအားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်မှာပါ’’

ဒေါက်တာခင်သူဇာတို့ တာဝန်ကျရာ ရခိုင်ဒေသမှာတော့ ရှုပ်ထွေးလှသည့် သမိုင်းနှင့်ချီ ပြဿ နာများစွာ ဖြေရှင်းရန် ကျန်ရှိနေဆဲ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ကျဆုံးဟု ဆိုနိုင်သည့် အနောက်ဘက်တံခါးဒေသတွင် ဒေါက်တာ ခင်သူဇာကဲ့သို့ အသက်ကယ် လက်ပိုင်ရှင်များရှိနေခြင်းမှာ မျှော်လင့်ချက်တစ်ခုဖြစ်စေခဲ့သည်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် အဆင်းရဲဆုံး ပြည်နယ်တစ်ခုမှ လူ့အသိုင်းအဝိုင်းနှစ်ခုကို ဒေါက်တာခင်သူဇာက ယခုလို သတင်းစကားပါးခဲ့သည်။

‘‘ရခိုင်ကွန်မြူနတီပဲဖြစ်ဖြစ်၊ ဘင်္ဂါလီကွန်မြူနတီပဲဖြစ်ဖြစ် သားဖွားမီးယပ်အနေနဲ့ပြောရရင် ကျွန်မတို့ အဓိက ရည်ရွယ်ချက်က အမေမသေဖို့၊ ကလေးမသေဖို့ပဲ’’

7Day News Journal

No comments:

Post a Comment