Latest News

Wednesday, March 1, 2017

သားဖောက်မွေးထားသည့် ရှားပါးကြယ်လိပ်အကောင်ရေ ၃၀၀ ကို မင်းစုံတောင်ရှိ စမ်းသပ်လွှတ်ခြံတွင် ထိန်းသိမ်း

သားဖောက်မွေးထားသည့် ရှားပါးကြယ်လိပ်အကောင်ရေ ၃၀၀ ကို

မင်းစုံတောင်ရှိ စမ်းသပ်လွှတ်ခြံတွင် ထိန်းသိမ်း



သားဖောက်မွေးမြူထား သည့် ရှားပါးစာရင်းဝင် ကြယ် လိပ်အကောင်ရေ ၃၀၀ ကို မင်းစုံ တောင်ဘေးမဲ့တော အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့်လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့(TSA)ဌာနေကိုယ်စားလှယ် ဒေါက်တာကလျာက ပြောကြားသည်။

ကြယ်လိပ်မွေးခြံအတွင်းမှ ပေါက်ပွားလာသည့် (၃)နှစ်သား (၅)နှစ်သားအရွယ် မြန်မာ့ကြယ် လိပ်များကို ယင်းတို့နေထိုင်ရာဒေ သနှင့် ယဉ်ပါးစေရန် မင်းစုံတောင် သဘာဝဘေးမဲ့တောရှိ စမ်းသပ် လွှတ်ခြံကြီးအတွင်း၌ တစ်နှစ်ခန့် ထိန်းသိမ်းထားမည်ဟု ဒေါက် တာကလျာက ပြောသည်။

‘‘ဒါက တတိယအကြိမ် မြောက်လွှတ်တာ၊ ပထမအကြိမ် က ၁၅၀ နဲ့ ဒုတိယအကြိမ် ၃၀၀ လွှတ်ခဲ့ပြီးပြီး၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၅ တုန်း အခိုးခံရတာ၊ပျောက် ဆုံးတာတွေရှိတော့ အဲဒီနှစ်ကြိမ် ကောင်ရေမှာ ၅၄ ရာခိုင်နှုန်းကျန် တယ်’’ဟုဒေါက်တာကလျာကပြောသည်။မြန်မာနိုင်ငံတွင် ကြယ်လိပ် များကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ တရားမ၀င် ရောင်းဝယ်နေသဖြင့် ကောင်ရေလျော့နည်းလာပြီး မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေရသည်။

ထို့အပြင် ၂၀၁၅ ကလည်း မင်းစုံတောင်၌ ရေဒီယို အာရုံခံကိရိယာတပ်ဆင်ပြီး သဘာဝ အတိုင်း လွှတ်ထားသည့် ကြယ်လိပ်ကောင်ရေ ၃၀၀ အနက်ကောင်ရေ၁၈၀ ခန့် ပျောက်ဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် ကုန်းလိပ် နှင့် ရေချိုလိပ်မျိုးစိတ် ၂၆ မျိုးရှိ ပြီး ယင်းအနက်ကြယ်လိပ်အပါအ ၀င် မျိုးစိတ်ခြောက်မျိုးသည် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသည့် လိပ်မျိုးများဖြစ်သည်။

ရှားပါးစာရင်းဝင် ကြယ်လိပ် များ မျိုးသုဉ်းရန် နီးကပ်နေ၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ (IUCN)၏ မှတ်တမ်းစာအုပ် တွင် မှတ်တမ်းတင်ထားသည်။ ကြယ်လိပ်ကို မြန်မာနိုင်ငံရှိ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တွေ့နိုင်သည်။



7Day News Journal

No comments:

Post a Comment