Latest News

Thursday, February 23, 2017

ဇော်ဗလနှင့် YBS တစ်နေ့တာ

ဇော်ဗလနှင့် YBS တစ်နေ့တာ
.
“အထဲကို တိုးကြပါဆိုဗျာ၊ လူတွေဖြစ်ပြီး လူလို နားမလည်ကြဘူးလား”
 ကြားနေကျ နံနက်ခင်းချိန်ခါ YBS တေးသံသာလေး။ အကြော်ဆရာဇော်ဗလမှာ ဘတ်စ်ကား ခြေနင်းခုံပေါ် တင်ထားပြီးသား ခြေထောက်လေးတစ်ဖက်တောင် စပယ်ယာကိုကို၏ အသံကြားပြီး လန့်ဖျတ်ကာ ပြန်ရုပ်လိုက်မိသည်။ ဒီနေ့ သူ လက်ဖက်ရည်ဆိုင်မှ နားရက်ရသောကြောင့် တာမွေဖက်ရှိ အသိများထံ အလည်သွားရန် ထွက်လာခဲ့ခြင်း ဖြစ်၏။ အခုတော့ တာမွေရောက်ဖို့ နောက်ထား၊ ကားထဲကို  ရောက်ဖို့တောင် မနည်းတိုးတက်နေရသည်။
.
 “ဟာ.. ဒီအဒေါ်ကြီး အထဲတိုးပါလို့ ပြောနေတာ နားမပါဘူးလားဗျာ၊ ကျွန်တော် အဲဒီလို မအော်ချင် ဘူးနော်၊ စကားနားမထောင်လို့ အော်တော့မှ စပယ်ယာ ဟောက်တယ်တွေ အပေါက်ဆိုးတယ်တွေ မလုပ်နဲ့”
 ဟုတ်ပါသည်။ YBS များ ပြောင်းလဲသွားသည်။ အရင်က လိုင်းကား စပယ်ယာတွေလို မပြောမဆို  အော်ဟစ်နေတာမျိုး မလုပ်တော့။ အော်တော့မည် ဆိုသည့်အကြောင်း အရင်ဆုံး သတိပေးပြီးမှ အော်တာ။ ညက သီချင်းဆိုပြိုင်ပွဲ ကြည့်ထားသော အရှိန်မသေသေးသဖြင့် ဒီစပယ်ယာက လေးဖြူကီးနဲ့ အော်တာပဲဟု   ကားပေါ်တက်ရင်း ဇော်ဗလ တွေးမိသည်။ အအော်ခံရသော အဒေါ်ကြီးကလည်း အားကျမခံ ပြန်အော်၏။
.
 “ဟဲ့.. ရှေ့တိုးဖို့ မပြောနဲ့၊ ခြေထောက်တောင် နှစ်ဖက်လုံး ချမရလို့ ခြေတစ်ပေါင်ကျိုး ရပ်နေရတာ မမြင်ဘူးလား.. ဟင်၊ ငါ့နေရာ နင်လာရပ်ကြည့်ပါလား၊ အဲဒီတော့မှ ဟုတ်ပါတယ် အဒေါ်ရယ်ဆိုပြီး ကန်တော့ပွဲနဲ့တောင် ထိုင်တောင်းပန်ရဦးမယ်”
 အောင်မယ်.. သူကလည်း ခေသူမဟုတ်၊ ဇော်ဝင်းထွဋ်ကီးနှင့် ပြန်အော်တာ။ တခြားသူများလိုပင်  ဇော်ဗလလည်း ခြေတစ်ပေါင်ကျိုး ရပ်ရင်းက တွေးမိသည်။ ဇော်ဗလကတော့ အကောင်းမြင်သမား မို့လို့လားမသိ။ ရန်ကုန်တိုင်းအစိုးရက အမျိုးသားရင်ကြားစေ့ရေးကို သွယ်ဝိုက်သောနည်းနှင့် အကောင် အထည်ဖော်ဖို့ ကြိုးစားတာပဲ ဖြစ်ရမည်ဟု ဥာဏ်မီသလောက် ခပ်ပြုံးပြုံး တွေးမိသည်။ ဟုတ်တယ်လေ.. ကြပ်လွန်လွန်းလို့ တစ်ကားလုံး ရင်ကြားစေ့ရုံမက တင်ကြားတွေပါ စေ့ကုန်သည် အထိပဲ။ ဒါက မနက်ပိုင်း ကြုံရတာ။ ညနေပိုင်း တာမွေက အပြန်ကျတော့ နောက်တစ်စီးနှင့် နောက်တစ်မျိုး။
.
 နံပါတ်တူ လိုင်းကားချည်း လေးစီးဆက်တိုက် မှတ်တိုင်မှာ အလုအယက် ရပ်ကြသည်။ ဆင်းမည့် သူတွေ အလုအယက် ဆင်းရသည်။ စပယ်ယာက အလုအယက် လူခေါ်သည်။ တက်မည့်သူတွေ အလုအယက် တက်ရသည်။ ဇော်ဗလလည်း အလုအယက် လိုက်တက်ရသည်။ ပြီးတော့ အလုအယက်  မောင်းထွက်သည်။ ဒါတော့ ဘယ်လိုမှမကောင်း။ ဇော်ဗလ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားသည်။ သို့သော် အခြေအနေ ကြည့်ရသေး၏။ စပယ်ယာလေးပုံစံက ဇော်ဗလထက်တော့ ငယ်မည့်ပုံရှိသည်။ လူကလည်း ပိန်ပိန်သေးသေးလေး။ ဒီလောက်ဆို အရိုက်ခံရကိန်းမမြင်။  ဇော်ဗလ သတ္တိတွေ ချက်ချင်းရှိလာသည်။ မျက်နှာ ခပ်တည်တည် ထားပြီး  မေးလိုက်၏။
.
 “ဘာလဲ.. ဒါက လုမောင်းလာကြတာလား”
 “ဟာ.. အစ်ကိုကြီးကလည်း၊ ကိုယ့်အစီးကိုယ် မောင်းလာကြတာပါ၊ လုမောင်းတာ မဟုတ်ပါဘူး အဟဲ”
 သူပြောတာလည်း ဟုတ်သားပဲ။ နောက်တစ်မျိုး ပြောင်းမေးရသည်။
.
 “ဒါဖြင့် ပြိုင်မောင်းလာကြတာပေါ့”
 “အာ.. မဟုတ်ရပါဘူးဗျာ၊ ကျွန်တော်တို့ အချင်းချင်း အပျင်းပြေ ကစားကြတာပါ”
 “ဘယ်လို.. ဘယ်လို”
 “ငယ်ငယ်က တိုင်ဦးတမ်း ကစားတာ မှတ်မိတယ် မဟုတ်လား၊ အဲလိုမျိုးလေ၊ ဘယ်မှတ်တိုင် ဘယ်သူ အရင်ရောက်ရောက်၊ ငါအရင်ရောက်ပေါ့.. အဟိ”
 အင်းပေါ့လေ။ တစ်နေကုန် တစ်နေခမ်း သွားလာနေရတာ ဆိုတော့ သူတို့လည်း ပျင်းရှာပေမပေါ့။ ပျင်းတော့လည်း ကစားချင်ကြရှာပေမပေါ့။ ရှိစေတော့.. ရှိစေတော့ဟုတွေးပြီး စိတ်လျှော့လိုက်သည်။  ဇော်ဗလက အကောင်းမြင်သမား မဟုတ်လား။ ဘယ်လိုပင် အကောင်းမြင် သော်လည်း အမြင်ကတော့ မကောင်းရေးချ မကောင်း။ ရှေ့ကို ကြည့်မိတော့ ဘေးမှဖြတ်သွားသော ကားတွေ၊ လူတွေကို ရိပ်ခနဲ ရိပ်ခနဲသာ မြင်ရတော့သည်။ အောင်မလေး.. ခေါင်းတွေ မူးလိုက်တာ။ ဂျက်လေယာဉ် မောင်းခဲ့သည့် ပိုင်းလော့ကြီး အငြိမ်းစာယူပြီး YBS လာမောင်းနေတာ ဖြစ်မှာ။ ဆင်းရမည့် မှတ်တိုင် မရောက်သေး  သော်လည်း ကြောက်ကြောက်နှင့်ပင် တွေ့ရာမှတ်တိုင်မှာ ဆင်းလိုက်ရသည်။
.
 မ.ထ.သ မှ YBS သို့ ပြောင်းလဲသည့် စနစ်တွင် ခရီးသွားပြည်သူများ အသားမကျကြသေး။ သို့သော်လည်း စိတ်ပျက်စရာတော့ မဟုတ်ပါ။ ကြီးမားသော ပြောင်းလဲမှုတိုင်း ဒီလိုပဲ စခဲ့ကြရသည် မဟုတ်လား။ ယာဉ်ဝန်ထမ်း၊ ခရီးသွားနှင့် ကားလိုင်းများ သုံးဦးသုံးဖလှယ် အကုန်လုံး အဆင်ပြေဖို့ ဆိုတာ အချိန်တစ်ခုတော့ ပေးရမှာပေါ့။ အခုလောလောဆယ်တော့ “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် စီးရန် YBS” ဟု သဘောထားပြီး စီးကြရပေလိမ့်မည်။ ဒါပေမဲ့ အခုတော့ မဟုတ်၊ သူများတွေ စီးချင်စီးပစေ။ ဇော်ဗလ မစီးရဲတော့။ အငှားကားတစ်စီးတွေ့တော့ ရှိစုမဲ့စု ပိုက်ဆံလေးကို ပြန်တွက်ရင်း နှမျောသော်လည်း တားလိုက်သည်။ “သင်္ဃန်းကျွန်း သွားချင်လို့” ဆိုတော့ တက္ကစီ ဆရာကြီးက ကိုယ့်ပင်လှည့်မကြည့်ဘဲ တစ်ခွန်းတည်း ပြတ်ပြတ်သား ပြောသည်။ “ခြောက်ထောင်” တဲ့။ ဇော်ဗလ သူ့ကို အံ့သြတကြီးသာ ကြည့်မိ တော့၏။ ငါ့များ တောသားမှတ်နေလား မသိဘူး၊ ရန်ကုန်ရောက်တာ သုံးလေးနှစ် ရှိနေပြီ.. ဟွန်း။ ဒါမျိုးတော့ ဘယ်ရမလဲ။ ဘယ့်နှယ်ဗျာ.. တာမွေကနေ သင်္ဃန်းကျွန်းကို ခြောက်ထောင်တဲ့။  တောင်းတာလည်း ရလိုရငြား တောင်းတဲ့ ပုံမဟုတ်၊ အာနိုးလိုလို စတားလုံးလိုလို မျက်နှာမာကြီးနဲ့။
.
 “ဟင်.. ခင်ဗျား လူဆိုရင် လူစကားပြော၊ ကျွန်တော် အဲဒီလို မအော်ချင်ဘူးနော်၊ အော်မိတော့မှ  ဇော်ဗလက ဟောက်တယ် အပေါက်ဆိုးတယ် မပြောနဲ့၊ ဂျောင်း”
 တစ်ချိန်လုံး အကောင်းမြင်ခဲ့သော ဇော်ဗလ ဒေါသပေါက်ကွဲလေပြီ။ ထူးဆန်းစွာပင် မနက်က စီးခဲ့သော YBS ပေါ်မှ စပယ်ယာ၏ လေသံအတိုင်း တထေရာတည်း ပါးစပ်က ထွက်သွား၏။ ဒါတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ပြီ။ ဒီကိစ္စကို အရေးကြီး အဆိုအဖြစ် သတ်မှတ်ပြီး ဖေ့စ်ဘုတ်ပေါ် စတေးတပ်စ် တင်ရမည်။ ဖီလင် Angry ဆိုတာပါ ထည့်ပစ်လိုက်မည်။ အဲဒါကို အစိုးရမင်းများ၊ လွှတ်တော်အမတ်များ မတော်တဆ မြင်သွားလျှင် ပွဲပြီးပြီ။ YBS လိုမျိုး ခပ်ဆင်ဆင်တူသော YTS (Yangon Taxi Service) ဆိုတာမျိုး ထပ်ပေါ်လာနိုင်သည်။ ဒါဆို “YTS အစ ဇော်ဗလက” ဆိုပြီးတောင် မှတ်တမ်းဝင်နိုင်သည်။ အငှားကား စီးသူများလည်း YBS စီး ခရီးသည်များလို အဆင်ပြေသွားမည်။ လောလောဆယ်တော့.. အင်း..  လောလောဆယ်တော့ ရွှေသရဖူ လက်ဖက်ရည်ဆိုင်ကို ပြန်ရောက်ဖို့ တစ်နည်းပဲ ရှိတော့သည်။
.
 ထိုသို့ဖြင့် အကောင်းမြင်သမားလေး အကြော်ဆရာ ဇော်ဗလတစ်ယောက် ဖီလင် Angry ဖြင့်  ဖေ့စ်ဘုတ်တွင် စတေးတပ်စ်တင်ရင်း တာမွေမှ သင်္ဃန်းကျွန်းသို့ လမ်းလျှောက် ပြန်လာခဲ့ရဖူးလေတော့ သတည်း။
.
သူရဿဝါ

လက်ဖက်ရည်တစ်ခွက်ရဲ့ဒိုင်ယာရီ

No comments:

Post a Comment