Latest News

Wednesday, February 8, 2017

NCA လက်မှတ်ထိုးရန် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး တိုက်တွန်း

NCA လက်မှတ်ထိုးရန် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး တိုက်တွန်း


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်မှတ်ရေးထိုးရန် ၀ိုင်းဝန်း တိုက်တွန်းကြပါလို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ အတွင်းရေးမှူး ဦးနိုင်ငံလင်းက ပြောကြားပါတယ်။

ဦးနိုင်ငံလင်းက ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ Reno Hotel မှာ သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်းက “ကျနော်တို့ရဲ့ အမြင်က ရိုးရိုးရှင်းရှင်းပဲ ဖြစ်တယ်။ လက်မှတ်မထိုးသေးတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပေးအယူနဲ့ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးလို့ မရတဲ့ အခြေအနေလို့ မြင်တယ်။ လက်မှတ်ထိုးပြီးသွားပြီ ဆိုရင် ဘယ်သူမှ ဆင်ခြေပေးနေလို့ မရတော့ဘူး” လို့ ဆိုပါတယ်။

“နောက်တခုက နိုင်ငံရေးဆွေးနွေးမှု လုပ်ကိုလုပ်ရတော့မယ်။ ဒီအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် NCA မထိုးရသေးတဲ့အဖွဲ့တွေ အမြန်ထိုးပြီး စားပွဲဝိုင်းထိုင် ဆွေးနွေးနိုင်မှ အမှန်တကယ် ငြိမ်းချမ်းရေးကို အမြန်ရနိုင်မယ်ဆိုတာ ကျနော် ယုံကြည်တယ်” လို့လည်း ဦးနိုင်ငံလင်းက ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးထားပြီး မကြာမီ ကျင်းပတော့မယ့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပသည်အထိ လာရောက် လက်မှတ်ထိုးနိုင်ဖွယ် မရှိသေးဘူးလို့လည်း နိုင်ငံရေးအသိုင်းအ၀ိုင်းတချို့ က သုံးသပ်ထားပါတယ်။

ဦးနိုင်ငံလင်းက “NCA လက်မှတ်ထိုးဖို့ ဘာလိုအပ်တယ်။ ညာလိုအပ်တယ်။ ဘာကြောင့် လက်မှတ်မထိုးဘူးလို့ ပြောနေတာလဲဆိုတာတွေက အဖြေမဟုတ်ဘူးလို့ ယူဆတယ်။ ၂၀၁၂ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား ပြဿနာဖြစ်ခဲ့တယ်။ အခြေခံဥပဒေ စာသားလေး ပြင်ပေးမလား၊ မပြင်ပေးဘူးလား လေးစားလိုက်နာ စောင့်ရှောက်ပါ့မယ်တို့ ဘာတို့ မှတ်မိကြမှာပါ။ ဒါပေမယ့် ပြည်သူလူထုက NLD ရွေးကောက်ပွဲ ၀င်ကိုဝင်စေချင်ကြတယ်။ ဒီစာသားတွေကို ဂရုစိုက်မနေနဲ့၊ အဲဒီလို ပြည်သူ့အသံတွေ ထွက်လာတာကြောင့် နောက်ဆုံး ရွေးကောက်ပွဲ ၀င်လိုက်တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၄င်းက “ပထမဆုံး အနိုင်ရတာ ခြေလှမ်းတလှမ်းပဲ။ နောက်တော့ ကျနော်တို့ လုံးဝနိုင်သွားတယ်။ ဒီဥပမာလေးကို ကြည့်ပြီး NCA မှာ အရင်ဆုံး လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး ခြေလှမ်း စစေချင်တယ်” လို့လည်း ဆက်ပြောပါတယ်။

NCA လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ၊ စာရေးဆရာ ဦးကျော်ဝင်းက “လက်မှတ်ထိုးလိုက်တာက မူလထက်စာရင် ပိုနီးသွားတယ်။ ကျနော်ကိုယ်တိုင်ကလည်း ထိုးစေချင်တယ်။ ဘာလို့လဲဆိုတော့ လက်မှတ်မထိုးထားဘဲ ခုလို စစ်ရေးပဋိပက္ခတွေ ဖြစ်ကြပြီဆိုရင် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ပြောဖို့ ခက်ခဲသွားပြီ။ လက်မှတ်ထိုးထားတယ်ဆိုရင် ထိခိုက်မှု ဖြစ်တယ်ဆိုရင် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ သက်ဆိုင်ရာကနေ အလွယ်တကူရှင်းလို့ရတယ်” လို့ ဆိုပါတယ်။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ကို သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့ကာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ မူချောကို အတည်ပြုနိုင်ခဲ့ပြီး စာချုပ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနဲ့အညီ ဖြစ်ပေါ်လာရေး စတဲ့ အချက်များ ပါဝင်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့က အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားပေမယ့်လည်း လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့နဲ့လည်း တိုက်ပွဲအချို့  ဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။
DVB

No comments:

Post a Comment