Latest News

Wednesday, February 8, 2017

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သတ်သည့် သတင်းထုတ်ပြန်မှုများကို နိုင်ငံတော်သမ္မတရုံးနှင့်အတိုင်ပင်ခံရုံးတို့ကဲ့သို့သော နိုင်ငံတော်အဆင့်ဌာနများကသာလျှင် ကိုင်တွယ်ထုတ်ပြန်သွားတော့မည်

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သတ်သည့် သတင်းထုတ်ပြန်မှုများကို နိုင်ငံတော်သမ္မတရုံးနှင့်အတိုင်ပင်ခံရုံးတို့ကဲ့သို့သော နိုင်ငံတော်အဆင့်ဌာနများကသာလျှင် ကိုင်တွယ်ထုတ်ပြန်သွားတော့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်မှုတွေကို နိုင်ငံတော်သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတို့လို နိုင်ငံတော်အဆင့်ကပဲ ကိုင်တွယ်ထုတ်ပြန်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာဖြစ်ပွားခဲ့တဲ့ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ အခုချိန်ထိ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ကြိမ်တစ်ခါမှ ပြုလုပ်ပေးခြင်းမရှိသေးတဲ့အပေါ် ပြည်သူလူထုကြားမှာ ဝေဖန်သံအမျိုးမျိုးရှိနေသလို၊ အမှုနဲ့ပတ်သတ်ပြီးတော့လည်း ထင်ကြေးပေးကောက်ချက်ချမှု အမျိုးမျိုးပျံ့နှံ့နေတာ အခုချိန်ထိပါပဲ။

ဒီအမှုကို ပြီးခဲ့တဲ့ ၄ ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ CID ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ပြီးတော့ကာ နောက်နောင် ဦးကိုနီ လုပ်ကြံခံရမှု မှုခင်းနဲ့ပတ်သတ်ပြီး ထုတ်ပြန်ဖို့ ရှိတဲ့ကိစ္စ တွေအားလုံးကိုလဲ နိုင်ငံတော်သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးတို့လို နိုင်ငံတော်အဆင့်ဌာနတွေကပဲ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကအကြီးတန်းအရာရှိကြီးတစ်ဦးက ဆိုပါတယ်။ ဒါကြောင့် နောက်ပိုင်း ဦးကိုနီ ကိစ္စကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှုလုပ်မှာ မဟုတ်တော့ဘူးလို့ သူကဆိုပါတယ်။

လက်ရှိမှာ ဦးကိုနီကို သေနတ်နဲ့ပစ်ခတ်သွားတဲ့ ပုံရိပ်တွေကို ရိုက်ကူးထားတဲ့ CCTV မှတ်တမ်းကို တော့ နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံးတို့ကို တင်ပြထားပြီးဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိအချိန်ထိတော့ နိုင်ငံတော်သမ္မတရုံးက ဦးကိုနီအမှုနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်မှု နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့  "ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်"  ဆိုတာရယ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ထပ်မံထုတ်ပြန်တဲ့ "ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နောက်ဆက်တွဲ"ဆိုတဲ့ ထုတ်ပြန်ချက်တွေပဲဖြစ်ပါတယ်။

ရဲလွင်
PopularNews

No comments:

Post a Comment