Latest News

Sunday, February 19, 2017

ကြက်ဖနဲ့ တွေ့ဆုံခြင်း

ကြက်ဖနဲ့ တွေ့ဆုံခြင်း

ဂီတဘက်ထက် သရုပ်ဆောင်ဘက်မှာ ပိုမိုမြင်တွေ့နေရတဲ့ ဟစ်ပ်ဟော့ပ် အဆိုရှင်ကြက်ဖနဲ့ တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ ဗီဇ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ တစ်ကိုယ်တော် စီးရီးထွက်ရှိမယ့်အကြောင်းနဲ့ မူးယစ်ဆေးနွံထဲကနေ ပြန်လည် ရုန်းထွက်ခဲ့တဲ့အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ လက်ရှိ ရိုက်ကူးနေတဲ့ “ဗီဇ” ရုပ်ရှင်ဇာတ်ကားအကြောင်းကနေစပြီး ပြောပြပေးပါဦး။
KP : ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ လမ်းပေါ်က အပေအတေ တစ်ယောက်ပါပဲ။ ဘော်ဒါတွေကို အရမ်းချစ်တတ်တဲ့ လူငယ်တစ်ယောက်ပေါ့။ ဒီကားမှာ ကျွန်တော့် ကာရိုက်တာက အပေအတေ ဇာတ်ရုပ်ပေါ့။ ကိုယ့်နေရာလေးနဲ့ ကိုယ်တော့ လုပ်ကွက်ရပါတယ်။ အခုနောက်ပိုင်း ဇာတ်ကားတွေ ကျွန်တော် သေချာ ပြန်ရိုက်ဖြစ်နေပါတယ်။ အစပိုင်းကတော့ အချိန်မပေးနိုင်တာရော၊ ကျန်းမာရေး အခြေအနေအရရော၊ အဆက်အသွယ် မရတာတွေရောကြောင့် သိပ်မရိုက်ဖြစ်ခဲ့ဘူး။

Voice : သရုပ်ဆောင်ပဲ လုပ်တော့မှာလား။ ဂီတဘက်မှာရော ပြန်ပြီး မလှုပ်ရှားတော့ဘူးလား။
KP : ဂီတဘက်မှာလည်း လုပ်ဖြစ်ပါတယ်။ အရင်ကတည်းက ကျွန်တော်က သီချင်းအသစ်တွေ လုပ်ပါတယ်။ ပရိသတ်အတွက် တရားဝင် ဖြန့်ချိပေးတာမျိုးတော့ မရှိပါဘူး။ ရှိုးမှာဆို သီချင်းအသစ်တွေ ဆိုပါတယ်။ တချို့ သီချင်းအသစ်တွေဆို ရှိုးမှာဆိုလွန်းလို့ ပရိသတ် တော်တော်များများတောင် အလွတ် ရနေပါပြီ။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် စီးရီးကတော့ နောက်နှစ်လောက်မှ ထွက်ဖြစ်မယ်။ သီချင်းတွေကတော့ အပြုသဘော များလာမယ်။ ပေါက်ကွဲတာတွေ၊ ကြေကွဲတဲ့ သီချင်းတွေ သိပ်ပြီး မပါတော့ဘူး။

Voice : တစ်လောတုန်းက မူးယစ်ဆေးနွံထဲကနေ ရုန်းထွက်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး Facebook မှာ ရေးတင်ဖြစ်တာလည်း တွေ့ရပါတယ်။ ဒီလိုကိစ္စမျိုးကို ဘယ်လိုကြောင့် ဖွင့်ဟဝန်ခံဖြစ်တာလဲ။
KP : အဲ့ဒါတွေကတော့ ပထမက ဘာရယ်မဟုတ်ဘူး။ ပျင်းတာနဲ့ ၊ အမေ့ဓာတ်ပုံတွေလည်း ဖုန်းထဲမှာ ပြန်ကြည့်ရင်းနဲ့ Status လေးတစ်ခုလောက် တင်ဦးမယ်လို့ စိတ်ကူးမိတယ်။ အဲ့ဒါနဲ့ အမေငွေဆောင်မှာ ရိုက်ထားတဲ့ ပုံလေးတင်ပြီးတော့ တစ်ခုခုရေးရမယ့်နေရာ ရောက်တဲ့အချိန်မှာ စိတ်ထဲမှာပေါ်လာတဲ့ ကိုယ့်ရဲ့ ခံစားချက်လေးကို ရေးဖြစ်တာပါ။ Facebook သုံးတဲ့ ပရိသတ်တွေလည်း အသိလေးတစ်ခု ရသွားရင် ကောင်းမယ်ဆိုပြီး ရေးလိုက်တာပါ။ အဲ့ဒီ Post တင်ပြီးနောက်ပိုင်းမှာ စာနယ်ဇင်းတွေက မေးလာကြတော့ ပြန်ဖြေရင်းနဲ့ အားလုံး သိသွားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေက ကျွန်တော့်အစား ပီတိဖြစ်တယ်ဆိုတဲ့ အကြောင်းလေးတွေလည်း လာပြောကြပါတယ်။

Voice : မူးယစ်ဆေးဝါး ဆိုတာက ဖြတ်နိုင်ဖို့ တော်တော်ခက်တယ်လေ။ ကိုယ်တိုင်ရော ဒီနွံထဲကနေ ဘယ်လိုစိတ်နဲ့ ပြန်ရုန်းဖြစ်တာလဲ။
KP : ကျွန်တော်တို့ သံရည်ကျိုစက်တွေမှာ ကားတွေကို သံလိုက်တုံးကြီးနဲ့ ကပ်လိုက်ရင် သူ့ထက်နည်းနည်း ပိုအားကြီးမယ့် သံလိုက်တုံးကြီးနဲ့ ပြန်ဆွဲရတယ်။ လောကမှာတော့ အကြီးမားဆုံးက မိဘမေတ္တာပါပဲ။ အဲ့ဒီစိတ်ကြောင့်ပဲ ဒီမူးယစ်ဆေးနွံထဲကနေ ပြန်ရုန်းထွက်နိုင်တာပါ။ ကျွန်တော်ကလည်း အမေ့ကို အရမ်းချစ်တယ်။ အမေ စိတ်ချမ်းသာစေချင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

Voice : တချို့ အနုပညာသမားတွေကျတော့ မူးယစ်ဆေး သုံးလိုက်ရင် အနုပညာ ဖန်တီးမှုပိုင်းမှာ ဈာန်ဝင်စားလို့ ပိုကောင်းတယ်လို့ ထင်ကြတယ်။ ကြက်ဖရဲ့ အတွေ့အကြုံအရရော ဘယ်လိုထင်လဲ။
KP : ဒါကတော့ အနုပညာသမားရယ်မှ မဟုတ်ပါဘူး။ ဒီမူးယစ်ဆေးဝါး သုံးလိုက်ရင် ပိုပြီး ဈာန်ဝင်တယ်လို့ ထင်ကြတာပေါ့။ တကယ်ကတော့ အလေ့အကျင့်တစ်ခု ဖြစ်သွားတဲ့ အကျင့်ပါသွားတဲ့သဘောပါ။ ဘယ်နေရာမှာမဆို၊ ဘယ်လုပ်ငန်းလုပ်တဲ့သူမဆို အကျင့်ပါသွားရင်းနဲ့ သုံးဖြစ်သွားကြတာပါပဲ။ ဘယ်လုပ်ငန်းရယ်မှ မဟုတ်ပါဘူး။

Voice : လက်ရှိမှာ ကြက်ဖက လိမ္မာသွားပြီဆိုတော့ အမေနဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။
KP : အဲ့ဒါကတော့ အမေနဲ့ကျွန်တော် နှစ်ယောက်လုံးက သူငယ်ပြန်နေကြတယ်။ တစ်ခုခု ပြောစရာ ရှိရင်တောင် နှစ်ယောက်လုံးက စကားက မပီကလာ ပီကလာနဲ့ ပြောကြတယ်။ ကျွန်တော့် မိန်းမကတော့ အခုလို ပြောင်းလဲသွားတာကို မယုံသေးဘူး။ ကျွန်တော် ဖောရှောလုပ်နေတယ်လို့ပဲ ထင်တာပေါ့။ အမေရယ်၊ သူရယ် ယုံကြည်အောင် ကျွန်တော့်ဘက်ကလည်း ကြိုးစားရတာပေါ့။

Voice : ကြက်ဖမှာ ဂီတနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိပေမယ့် သေချာ တစိုက်မတ်မတ် မလုပ်ဖြစ်တဲ့အပေါ် အားမရတဲ့ ပရိသတ်တွေလည်း ရှိတယ်နော်။
KP : ဂီတဘက်က ပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်တော့် သီချင်းအသစ်တွေ နားထောင်ရဖို့ သိပ်မလိုတော့ပါဘူးလို့။ နောက်နှစ်၊ ဇွန်လလောက် နောက်ဆုံးထားပြီး တစ်ကိုယ်တော်စီးရီး ထွက်ပါမယ်လို့ ပရိသတ်တွေကို ကျိန်းသေကတိပေးပါတယ်။ အရင်ကတော့ ဘယ်တော့လောက်မှ ထွက်နိုင်မယ် ထင်တယ်ဆိုပြီး မယုတ်မလွန် ပြောခဲ့တာမျိုး ရှိတယ်။ ဒီတစ်ခေါက်ကတော့ ကျွန်တော့်ပရိသတ်တွေကို ကျိန်းသေကတိပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ စီးရီးသစ် ထွက်နိုင်မှာပါ။

Voice : ကြက်ဖကို အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများ ဖြည့်စွက် ပြောကြားချင်သေးလဲ။
KP : ကျွန်တော့်ပရိသတ်တွေကို ပြောချင်တာကတော့ အကောင်းမြင်စိတ်လေးကို နဂိုထက်ပိုပြီး မွေးကြည့်ကြဖို့ ပြောချင်ပါတယ်။ ဒေါသဖြစ်စရာ၊ စိတ်ညစ်စရာ၊ စိတ်တိုင်းမကျစရာကြုံရင်လည်း ဘယ်လိုစိတ်တိုင်းကျသွားအောင် ပြောင်းပြီး မြင်ကြည့်မလဲ။ အဓိကကတော့ ကိုယ့်စိတ်လေး ငြိမ်းချမ်းအောင် အရာရာကို အကောင်းမြင်စိတ်လေးနဲ ကြည့်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ဘဝက နေပျော်စရာ ကောင်းမှာပါ။

သန့်ဇင်ဦး

The Voice

No comments:

Post a Comment