Latest News

Sunday, February 26, 2017

နယ်ခြားစောင့်ရဲစခန်းတွေ မတိုက်ခိုက်ခံရခင် သတင်းကြိုရခဲ့တယ်လို့ ဆို

နယ်ခြားစောင့်ရဲစခန်းတွေ မတိုက်ခိုက်ခံရခင် သတင်းကြိုရခဲ့တယ်လို့ ဆို

သတင်းကြိုတင် ရရှိခဲ့ပေမယ့် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာပါ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသက နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေကို အကြမ်းဖက်သူတွေက အလစ်ဝင်ရောက်မတိုက်ခိုက်ခင်အချိန်မှာ သတင်းကြိုတင် ရရှိခဲ့ပေမယ့် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ရေးသားထားပါတယ်။

“တိုက်ခိုက်မှုမတိုင်ခင်မှာ ရွာသားတွေက ရဲတပ်ဖွဲ့ကို ကြိုတင် သတင်းပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် ရဲအရာရှိတွေက ဒီသတင်းက မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပြီးတော့ ကြိုတင် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပါတယ်”လို့ ရဲမှူးကြီးမျိုးသူစိုးက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖြစ်ပေါ်ခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများလည်း ပျောက်ဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မွတ်စလင်သောင်ကျန်းသူ အဖွဲ့သစ်တစ်ခုက လုပ်ဆောင်ခဲ့တာလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါတယ်။ အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သစ်သည် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သောင်းကျန်းသူအဖွဲ့သစ်က သူတို့အဖွဲ့အမည်ကို Harakah al-Yaqin (Faith Movement) ဟု မှည့်ခေါ်ထားကြောင်း International Crisis Group (အိုင်စီဂျီ)က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Myanmar-A New Muslim Insurgency in Rakhine State အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးချိန်ကစပြီး ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာတော့ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ရပ်တန့်လိုက်ပြီဖြစ်ပြီး နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့က တာဝန်ယူထားတာ ဖြစ်ပါတယ်။


Source : Forientior : Duwun : 7Day New



No comments:

Post a Comment