Latest News

Saturday, February 18, 2017

သင်္ကြန်အထိဖွင့်ခွင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူနှင့် နှုတ် အားဖြင့် သဘောတူညီချက် ရရှိထားဟု ဆို

သင်္ကြန်အထိဖွင့်ခွင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူနှင့် နှုတ်

အားဖြင့် သဘောတူညီချက် ရရှိထားဟု ဆို



သစ်တောဦးစီးဌာနက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနီးရှိ Morning Star Cafe ဆိုင်၏ ဆိုင်ပိုင်ရှင်အား အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၉ (၁) ဖြင့် အမှုဖွင့်ထားပြီး သင်္ကြန်အထိ ဆိုင်ဖွင့်ခွင့်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူနှင့် နှုတ်အားဖြင့် သဘောတူညီချက် ရရှိထားကြောင်း သိရသည်။

သစ်တောဦးစီးဌာနမှ Morning Star Cafe ဆိုင်အား ၂၀၀၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလအထိ နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ အဆိုပါ မြေနေရာကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ရာ ၂၀၁၃ ခုနှစ် မတ်လမှစ၍ ငှားရမ်းခမယူဘဲ ခြောက်လအခမဲ့ ဖွင့်လှစ်ခွင့်ပြုပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ဖယ်ရှားပေးရန် နှစ်ကြိမ်တိုင် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Morning Star လက်ဖက်ရည်ဆိုင်အား ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၆ နာရီတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားရှင်းလင်းမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ဆိုင်ရှေ့တွင် အသိပေးစာကပ်ထားသည်။

ထိုသို့ကပ်ထားသဖြင့် ဆိုင်အားဖယ်ရှားပေးရမည် ဖြစ်သော်လည်း Morning Star Cafe ဆိုင်ဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၎င်းတို့ကိုယ်တိုင် ရွှေ့ပြောင်းခွင့်ပေးရန် တောင်းဆိုခဲ့ပြီး ဆိုင်အား သင်္ကြန်ကာလအထိ ဖွင့်လှစ်ခွင့်ပေးရန် အချိန်တိုးမြှင့် တောင်းဆိုထားသည်ဟု သိရသည်။

“တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို ကျွန်တော်တို့ သင်္ကြန်အထိ ဆိုင်ဖွင့်ခွင့်တောင်းထားတယ်။ သူက နှုတ်အားဖြင့် သဘောတူထားတယ်။ သင်္ကြန်ပိတ်တာနဲ့ ကျွန်တော်တို့ တန်းပိတ်မှာပါ။ ဒီအတောအတွင်းတော့ ဖွင့်ထားမယ်။ ဒီနေ့တစ်ရက် ပိတ်ထားပြီးတော့ မနက်ဖြန်က စဖွင့်ပြီးတော့ သင်္ကြန်ရောက်တာနဲ့ ဆိုင်ပိတ်မှာပါ။ အချိန်ယူလိုက်တာပေါ့” ဟု Morning Star Cafe ဆိုင်ပိုင်ရှင် ဦးကျော်စိုးမိုးက ပြောကြားသည်။

Morning Star Cafe ဆိုင်ပိုင်ရှင်အား သစ်တောဦးစီးဌာနက ဖေဖော်ဝါရီ ၁၇ ရက် ညနေတွင် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၉ (၁) ဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မနေ့က ရဲစန်းမှာ အစ်ကိုတို့ အမှုဖွင့်ထားတယ်။ မနေ့က ညနေ ၄ နာရီမှာ သူတို့ ဆိုင်အ၀န်းအ၀ိုင်းထဲက ထွက်ပေးရမှာပေါ့။ သူတို့က လူတွေထွက်မပေးလို့ ဦးကျော်စိုးမိုးနဲ့ ဆိုင်တာဝန်ခံ ကိုနိုင်လင်းကို မင်္ဂလာတောင်ညွန့် ရဲစခန်းမှာ ညွှန်ကြားရေးမှူး ဦးတင်ထွန်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်။ ၁၉၉၅ ခုနှစ် အက်ဥပဒေအရ ၉ (၁) နဲ့ ဖွင့်ထားတာ” ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ Morning Star Cafe ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံတို့အား အမှုဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးအား မေးမြန်းရာ ၎င်းက “မနေ့က ဆိုင်ပိုင်ရှင်နဲ့ ဆိုင်ကတစ်ယောက်ကို ၁၉၅၅ အစိုးရဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၉ (၁) နဲ့ မင်္ဂလာတောင်ညွန့် ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်” ဟု အတည်ပြု ပြောကြားသည်။

Writer:
ရှိုင်းလင်းအောင်

Eleven Media Group

No comments:

Post a Comment