Latest News

Saturday, February 18, 2017

ကျပ်သိန်းရာဂဏန်း အပ်နှံသူများ မပါဝင်ဘဲ ပမာဏများပြားစွာ အပ်နှံ သူများ အပေါ်၌သာ ကောက်ခံမည်ဟု ဆို

ကျပ်သိန်းရာဂဏန်း အပ်နှံသူများ မပါဝင်ဘဲ ပမာဏများပြားစွာ အပ်နှံ

သူများ အပေါ်၌သာ ကောက်ခံမည်ဟု ဆို


ဘဏ်တိုးရငွေအပေါ် ၀င်ငွေခွန်ကောက်ခံမည့်ကိစ္စမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းမှသာ စတင်နိုင်ဖွယ်ရှိပြီး ကျပ်သိန်းရာဂဏန်း အပ်နှံသူများ မပါဝင်ဘဲ ပမာဏများပြားစွာ အပ်နှံထားသူများ အပေါ်၌သာ ကောက်ခံမည်ဟု ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

“လောလောဆယ်မှာ ဒါကိုကျွန်တော်တို့က စပြီးတော့ ပြင်ဆင်တာပေါ့။ တကယ်တော့ ကျွန်တော်တို့ ၀င်ငွေခွန်ဥပဒေမှာတော့ စည်းကြပ်ထိုက်တဲ့ ၀င်ငွေရှိရင် ပေးဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့က ဒါကို အဆင့်ဆင့် တင်ပြရဦးမှာပေါ့။ နောက်ပြီးတော့ အိုကေပြီဆို ကျွန်တော်တို့ရဲ့ အသိပေးချက်တွေကိုလည်း ပြန်ပြင်ရမှာပေါ့။ နောက်တစ်ခုကျရင်လည်း အချိန်၊ ပြည်သူတွေကို အသိပေးတဲ့ အချိန်တစ်ခုလည်း ယူရဦးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ဘဏ်တိုးရငွေအပေါ် ၀င်ငွေခွန် ကောက်ခံနိုင်ရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေသော မြန်မာ့စီးပွားရေးဘဏ် ဥပဒေတွင် ပါဝင်သော ပြဋ္ဌာန်းချက်ကို ကျော်လွန်နိုင်ရန် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်လိုက်ကြောင်း သိရသည်။

၎င်းက “ကျွန်တော်တို့မှာ အရင်တုန်းက ဘာရှိခဲ့လဲဆိုတော့ မြန်မာ့စီးပွားရေးဘဏ်မှာ Saving Law ဆိုတာရှိတယ်။ အဲဒီမှာ ငွေစုတဲ့လူတွေကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုသည်ဆိုတဲ့ အချက်တစ်ခု ထည့်ထားတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့က ပုဂ္ဂလိကဘဏ်လည်း မရှိတော့ ပြဿနာမရှိပေမယ့် နောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေ ရှိလာတဲ့အခါကျတော့ မညီမျှမှုတစ်ခု ဖြစ်နေတာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က ၂၀၁၆ နှစ်ကုန်လောက်မှာ ကျွန်တော်တို့ရဲ့ ၀င်ငွေခွန်ဥပဒေကို ပြင်လိုက်တယ်။ ပြင်လိုက်တဲ့ဟာမှာ ကျန်တဲ့ဥပဒေတွေမှာ မည်သို့ပင်ဆိုစေကာမူ ၀င်ငွေခွန်နဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ဥပဒေအတိုင်း လိုက်နာရမယ်လို့ ထည့်ထားတယ်။ ထည့်ထားတဲ့အတွက် ကျွန်တော်တို့က ကောက်လို့တော့ရပြီပေါ့။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့က ဒါကို အဆင့်ဆင့် တင်ပြရဦးမှာပါ” ဟု ရှင်းပြသည်။

ဘဏ်တိုးရငွေအပေါ် အခွန်ကောက်ခံရာတွင် ဘဏ်အပ်ငွေပမာဏအလိုက် ကောက်ခံရန် ပြင်ဆင်နေပြီး အပ်ငွေပမာဏ အတိုင်းအတာ တစ်ခုအထိကို အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့ပြင် အစိုးရဌာနများနှင့် ဘဏ်များ အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ရမည့် အချိန်နှင့် အများပြည်သူသို့ အသိပေးကာလများ ဖြတ်ကျော်ရမည် ဖြစ်သောကြောင့် လာမယ့်ဘဏ္ဍာနှစ်မှ ယင်းအစီအစဉ် စတင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“ကျပ်သိန်း ၄၀၀ လောက် ဘဏ်ထဲထည့်တဲ့လူကတော့ ပေးရဖို့ မရှိနိုင်လောက်ပါဘူး။ ပမာဏ အများကြီးတွေတော့ ကောက်မှာပေါ့။ သိန်း ၂၀၀ တို့ ဘာတို့ကတော့ အခွန်ပေးဖို့ မဖြစ်နိုင်ဘူးလေ။ တချို့ကျတော့ Amount အများကြီး ထည့်ထားတာမျိုးရှိတယ်။ အဲဒါမျိုးတော့ ပေးရမှာပေါ့။ ဒီလိုကောက်ဖို့အတွက်ကလည်း အခုလာမယ့်ဘဏ္ဍာနှစ်တော့ မဖြစ်နိုင်သေးဘူးထင်တယ်။ နောက်တစ်နှစ်လောက် ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဘဏ်တွေနဲ့ ညှိရမယ်။ လုပ်ငန်းဆိုင်ရာ ဆော့ဝဲလ်တွေ ထည့်ရမှာတွေ၊ ပြင်ဆင်ရမှာတွေ ရှိတယ်။ ၂၀၁၈ လောက် ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကလည်း ဘတ်ဂျက်တွေ အရမ်းများနေတော့ ၀င်ငွေရလမ်းတွေ ထူထောင်နေရတယ်” ဟု ဦးမင်းထွဋ်က ဆက်လက်ပြောကြားသည်။

အဆိုပါ ဘဏ်တိုးရငွေအပေါ် ၀င်ငွေခွန် ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာအရှေ့တိုင်းဘဏ်မှ ဒါရိုက်တာဦးသန်းဝင်းက “ဘဏ်ကရတဲ့အတိုးကို ၀င်ငွေခွန်ကောက်တာက တခြားနိုင်ငံတွေလည်း ကောက်နေတော့ ဒီမှာလည်း ကောက်သင့်ပါတယ်။ ဒါပေမဲ့ အပ်တဲ့ပမာဏနဲ့ မဟုတ်ဘဲ အတိုးရတဲ့ ငွေပမာဏကို မူတည်ပြီး ကောက်သင့်တယ်။ နောက်တစ်ချက်က အတိုးရပြီးလို့ ငွေစာရင်းထဲ ပြန်ထည့်ပြီး ထပ်ပြီးအတိုးရတဲ့ငွေကို အခွန်ထပ်ကောက်ရင် အခွန်အဆင့်ဆင့်တွေ ဖြစ်ကုန်လိမ့်မယ်။ အတိုးရငွေ နည်းနည်းပါးပါးလေးတွေကို အခွန်ကောက်ခံမယ်ဆိုရင် ပြည်သူတွေနဲ့ ဘဏ်တွေအတွက်ရော၊ နိုင်ငံ့စီးပွားရေးပါ ထိခိုက်နိုင်ပါတယ်။ ဒီကိစ္စက အများကြီး ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်သင့်တဲ့ ကိစ္စပါ” ဟု ထင်မြင်ချက်ပေးသည်။


စည်သူအောင်

Eleven Media Group

No comments:

Post a Comment