Latest News

Monday, February 27, 2017

နှစ်ပေါင်း ၃ဝ ကျော်အတွင်း လက်ရှိအပူချိန်ထက် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တိုးလာမည့် လပွတ္တာမြို့နယ်နှင့် သတိထားရမည့် ပြောင်းလဲ လာသော မြန်မာ့ရာသီဥတု

နှစ်ပေါင်း ၃ဝ ကျော်အတွင်း လက်ရှိအပူချိန်ထက် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တိုးလာမည့် လပွတ္တာမြို့နယ်နှင့် သတိထားရမည့် ပြောင်းလဲ လာသော မြန်မာ့ရာသီဥတု

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် နှစ်ပေါင်း ၃ဝ ကျော်အတွင်း လက်ရှိ အပူချိန်ထက် ၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တိုးလာနိုင်ကြောင်း ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်ခံစားရနိုင်မှု တိုင်းတာစစ်ဆေးခြင်းရလဒ်အရ သိရသည်။

Myanmar Climate Change Alliance (MCCA)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဋ္ဌာန၊ World Wildlife Fund Myanmar (WWF) နှင့် ကိုလံဘီယာတက္ကသိုလ်တို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ရာသီဥတုပြောင်း လဲခြင်းများ ထိခိုက်ခံစားရနိုင်မှု တိုင်းတာစစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပြီး အဆိုပါစစ်ဆေးခြင်းရလဒ်ကို ဖေဖော်ဝါရီလ ပထမပတ်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝ၁၆ ခုနှစ် ရာသီဥတုဆိုင်ရာ အန္တရာယ်အညွှန်းကိန်းအရ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များကို ဒုတိယအမြင့်ဆုံးခံစားရသည့် နိုင်ငံဖြစ်လာပြီး အပူချိန်မြင့်မားသည့် အကျိုးဆက်များအနေဖြင့် လပွတ္တာဒေသတွင် နေ့အပူချိန်မြင့်မားလာနိုင် ခြင်း၊ မုတ်သုံရာသီ တိုတောင်းလာနိုင်ပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ကောက်ပဲသီးနှံများ အထွက်နှုန်းကျဆင်းလာနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း MCCA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဘာကြောင့် အပူချိန်တိုးမှာလဲ

Myanmar Climate Change Alliance ၏ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာနည်းပညာအကြံပေး ဦးဆိုင်မွန်က ''ဘာကြောင့်အပူချိန်တိုးသလဲဆိုတော့ ကျွန်တော်တို့က ရာသီဥတုပြောင်းလဲခြင်းများ ထိခိုက်ခံစားရနိုင်မှုကို လေ့လာတဲ့နေရာမှာ သုံးခုကို အခြေခံပါတယ်။ ဂေဟစနစ်ကို အခြေခံတယ်။ အခြေခံအဆောက်အအုံ (Infrastructure) ကို အခြေခံတယ်။ နောက်သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အခြေခံတယ်။ လပွတ္တာမြို့က ကျွန်တော်တို့ အခြေခံထားတဲ့ အခြေအနေတွေကို လိုက်လျောညီထွေစွာ တုံ့ပြန်ဖို့အားနည်းတယ်။ နာဂစ်ဒဏ်ခံထားရတဲ့ လပွတ္တာက လုံလောက်တဲ့ တိုးတက်မှုမရှိဘူး။ လက်ရှိရာသီဥတုပြောင်းလဲခြင်းအခြေအနေတွေနဲ့ မလွဲမသွေ ကြုံတွေ့နေရပါပြီ''ဟု ပြောသည်။

လက်ရှိအချိန်တွင် အပူချိန်မြင့်မားလာပြီးရာသီဥတု ပြောင်းလဲခြင်းကြောင့် ရလဒ်အနေဖြင့် လူဦးရေ ၃၁၅ဝဝဝ ခန့် နေထိုင်လျက်ရှိသည့် လပွတ္တာမြို့နယ်ပတ်ဝန်းကျင်နှင့် ကျေးရွာများတွင် မြစ်ဝကျွန်းပေါ် ဂေဟစနစ်ကြောင့် သဘာဝပတ်ဝန်းကျင်ထွက်ကုန်များ ထုတ်ယူမှုမြင့်မား၍ ဒီရေတောများပြုန်းတီးလာခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ မိုးရေချိန်မြင့်တက်မှုများရှိသော်လည်း မိုးရွာသွန်းမှုအချိန် တိုတောင်းခြင်း၊ ဆားငန်ရေဝင်ရောက်မှုကြောင့် စပါးသီးနှံများ အထွက်နှုန်းလျော့လာခြင်း၊ အလုပ်အကိုင်ရှားပါးမှုကြောင့် ရွှေ့ပြောင်းလုပ်သားများ များပြားလာခြင်းကြုံတွေ့ နေရကြောင်း လပွတ္တာမြို့နယ်၏ ရွာပေါင်း ၆ဝ ကျော်ကို ကွင်းဆင်းလေ့လာခဲ့သည့် Myanmar Climate Change Alliance ၏ လေ့လာချက်အရ သိရသည်။

လက်ရှိကြုံတွေ့နေရသည့်အခြေအနေ

လပွတ္တာမြို့နယ်အတွင်းနှင့် ကျေးရွာများတွင် လက်ရှိကြုံတွေ့နေရသည့်အခြေအနေနှင့်ပတ်သက်၍ ဦးဆိုင်မွန် က ''လပွတ္တာအတွက် အဲဒီလိုကြုံတွေ့ရတဲ့အခြေအနေမှာ သောက်သုံးရေကတော့ အဓိကပေါ့။ အခုက မိုးရေချိန် မြင့်တက်လာတယ်ဆိုပေမယ့် အချိန်အခါမဟုတ်ဘဲ ပုံမှန်တစ်ပတ်လောက်ရွာတဲ့မိုးဟာ တစ်ရက်၊ နှစ်ရက်လောက်ပဲ သဲကြီးမဲကြီးရွာချတယ်။ ဒါဟာ သောက်သုံးရေ ရရှိဖို့ အဓိကဖျက်ဆီးခံရတဲ့ အကြောင်းပါ။ သောက်သုံးရေပေါ်မူတည်ပြီး ကျန်းမာရေးအရ ထိခိုက်မှုတွေရှိလာတယ်။ ဆားငန်ဓာတ်ဝင်ရောက်မှုပိုများလာတော့ စိုက်ပျိုးနေတဲ့ ဆန်စပါးအထွက်နှုန်းနည်းလာတယ်။ ဆားငန်ဓာတ်ခံနိုင်တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ လိုလာတယ်။ ငါးတွေ၊ ပုစွန်တွေ စားကျက်တွေပြောင်းကုန်တော့ မိသားစုစားသောက်နိုင်ဖို့ လူငယ်ပိုင်းတော်တော်များက အခြားမြို့ရွာတွေ သွားပြီး ပိုက်ဆံရှာလာကြတယ်။ အသက်အပိုင်းအခြားအရဆို အသက်(၁၅)နှစ်နဲ့ (၂ဝ)ကြားမှာရှိတဲ့ လူလတ်ပိုင်းက ရွာထဲမှာမရှိသလောက်ဖြစ်နေတယ်။ ဒါကလပွတ္တာမြို့နယ် ရဲ့ ရွာပေါင်း ၆ဝ ကျော်လောက်ကို ကျွန်တော်တို့ ကွင်းဆင်းလေ့လာပြီး တွေ့ရှိတာတွေကို အခြေခံပြောတာပါ''ဟု ဆိုသည်။

နှစ်စဉ်အပူချိန်တိုး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် အပူချိန်ပိုမိုတိုးလာနိုင်သည့် အခြေအနေကို MACC ၏ ရာသီဥတုပြောင်းလဲခြင်းများ ထိခိုက်ခံစားရနိုင်မှုတိုင်းတာ စစ်ဆေးခြင်းရလဒ် အစီရင်ခံစာထုတ်ပြန်ချက်တွင် တစ်နှစ်အတွင်း အပူဆုံးနေ့ရက် ၁၇ ရက်အထိ ရှိလာနိုင်သည်ဟု ပါရှိသည်။

လပွတ္တာမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်စင်ဦးက ''လပွတ္တာမှာ ၂ဝ၁၆ ခုနှစ် ဧပြီလတုန်းက အမြင့်ဆုံးအပူချိန် ၄ဝ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်လောက်အထိ တက်ခဲ့တယ်။ အပူချိန်တက်လာရင်လည်း တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်လောက်အထိ ဆက်တိုက်ပူလာတယ်။ ကျွန်တော်တို့ စခန်းစဖွင့်တဲ့ သုံးနှစ်လောက်အတွင်းမှာ စံချိန်တင်အပူပဲ။ ဒီထက်အပူချိန် ပိုများလာရင်တော့ ဂရုစိုက်ရမှာပါ''ဟု အပူချိန်စံချိန်တင် မြင့်တက်လာမည့်အခြေအနေနှင့်ပတ်သက်၍ ပြောသည်။

ကြိုတင်ပြင်ဆင်မည်

အပူချိန်မြင့်တက်လာမည့်အခြေနေကို ကာကွယ်နိုင်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အစိုးရဝန်ထမ်းနှင့် ဆရာ ဆရာမများအား ရာသီဥတုပြောင်းလဲမှုအတွက် သင်တန်းပေးရန် စီစဉ်လျက်ရှိပြီး သင်တန်းပေးနိုင်ရေးအတွက် သင်ရိုးရေးဆွဲလျက်ရှိကြောင်း MCCA မှ သိရသည်။

''ဧပြီလနောက်ပိုင်းမှာ သင်တန်းပေးမှာပါ။ ရာသီဥတုပြောင်းလဲမှုအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေး ဘယ်လိုချိတ်ဆက်မှုရှိသလဲဆိုတာနဲ့ အကဲဖြတ် ဆန်းစစ်မှုတွေအတွက်ပါ''ဟု ဦးဆိုင်မွန်က ပြောသည်။

သိသာစွာအပူချိန် မြင့်တက်လာမည့်ဒေသများ

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်းရှိ လပွတ္တာမြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသတွင် ပါဝင်နေသည့် ပခုက္ကူမြို့နယ်တို့တွင် MCCA နှင့် WWF တို့သည် ရှေ့ပြေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါမြို့ နှစ်မြို့သည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အမြင့်ဆုံးခံစား နိုင်ခြေရှိသည့် မြို့နယ်များ ဖြစ်လာနိုင်ကြောင်း သိရသည်။

အပူချိန်မြင့်မားမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်

အပူချိန်မြင့်မားမှုကြောင့်ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များအပေါ် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ''နှစ်ဒီဂရီစင်တီဂရိတ်ဆိုတဲ့ အပူချိန်များတယ်။ အပူ ချိန်မြင့်တက်လာပြီဆို ပြဿနာကရှိတာပဲ။ အပူချိန်မြင့်ရင် မြန်မာနိုင်ငံမှာ ကြုံတွေ့ရမယ့် ထိခိုက်မှုက ငါးမျိုးရှိမယ်။အပူချိန်စံချိန်တင်မြင့်မယ်။ ရေရှားမယ်။ မီးလောင်မယ်။ ဒီသုံးချက်လုံးကလပွတ္တာမှာရှိနိုင်တယ်။ လယ်ယာထွက်ကုန် အထွက်တွေလျော့မယ်။ နောက် အပူနဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်မယ်''ဟု ပြောသည်။

Myanmar Climate Change Alliance ၏ ရာသီ ဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်ခံစားရနိုင်မှုတိုင်းတာ စစ်ဆေးခြင်းရလဒ်များအရ မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့နှင့် မြစ်ဝကျွန်းပေါ်ဒေသတောင်ပိုင်းတွင်ရှိသော လပွတ္တာမြို့များတွင် တိုင်းတာချက်အရ ၂ဝ၅ဝ ခုနှစ်တွင် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်ကျော် တိုးလာမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတွင် ကြုံတွေခဲ့ရသည့် သဘာဝဘေးအန္တရာယ်များအနက် နံပါတ်(၈)နေရာချိတ်ခဲ့သည့် ၂ဝဝ၈ ခုနှစ် မေ ၂ ရက်တွင် တိုက်ခိုက်ခဲ့သည့် နာဂစ်မုန်တိုင်းတွင် အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ လူပေါင်း ၁၃၈ဝဝဝ ကျော်ကို သေဆုံးစေခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာ၊ ပြင်စလူ၊ ဘိုကလေး၊ ငပုတော၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ပန်းတနော်မြို့နယ်နှင့် ကျေးရွာများအတွင်းရှိ ဒေသခံများအတွက် ကုစားလျက်အဆင့်သာရှိနေဆဲဖြစ်သည်။

သတင်းဆောင်းပါး - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဟုန်းလိန်း

ပြန်/ဆက်

No comments:

Post a Comment