Latest News

Sunday, February 26, 2017

ဖခင်လုပ်ကြံခံတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ရှင်းလင်းချက်အပေါ် မိသားစုအနေနဲ့ကျေနပ်မှုရှိ မရှိပြောဖို့ အချိန်မတန်သေးဘူးလို့ဒေါက်တာယဉ်နွယ်ခိုင်ပြော

ဖခင်လုပ်ကြံခံတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ရှင်းလင်းချက်အပေါ် မိသားစုအနေနဲ့ကျေနပ်မှုရှိ မရှိပြောဖို့ အချိန်မတန်သေးဘူးလို့ဒေါက်တာယဉ်နွယ်ခိုင်ပြော

၂၆၊ဖေဖော်ဝါရီ၊ရန်ကုန်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေး တရားလွတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် သူတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မီဒီယာတွေကို တွေ့ဆုံကာ ပြောဆိုချက်တွေပေါ်မှာ မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိပြောဖို့ အချိန်မတန်သေးဘူးလို့  ဦီးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်ကပြောပါတယ်။

သည်ကနေ့ မှာ တရားလွတ်တော်ရှေ့ နေ ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေ၀င်းတို့ ကွယ်လွန်ခြင်း တလပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။

အဲသည့်အခမ်းအနားမှာ ဒေါက်တာယဉ်နွယ်ခိုင်က ဖခင်လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲဖြစ်နေတာကြောင့် မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိကို ပြောဖို့ အချိန်မတန် သေးဘူးလို့ပြောပါတယ်။

”အခုဟာက ongoing investigation လေ။အလည်ကြီးမှာပဲ ရှိနေသေးလို့  အဲဒီအပေါ်မှာ ဘာcomment မှ မပေးချင်ပါဘူး။ အားလုံးအပြီးသတ်ရုံးတင်ပြီးမှ ကျွန်မတို့ မိသားစုရဲ့  သဘောထားက မကျေနပ်ဘူး။ ကျေနပ်တယ်ဆိုတာကို ပြောပါမယ်။အခုတော့ ပြောဖို့  အချိန်မတန်သေးဘူးလို့  ကျွန်မအနေနဲ့  ဘာမှမပြောလိုပါဘူး။” လို့  ဒေါက်တာယဉ်နွယ်ခိုင်က ပြောပါတယ်။

ဦးကိုနီလုပ်ကြံခံရပြီး တလနီးပါးအကြာ ဖေဖော်ဝါရီလ၂၅ ရက်နေ့ မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့ကသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဦးကိုနီလုပ်ကြံခံခဲ့ရတာဟာ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်သာဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ ဘယ်လိုခေါ်မလဲ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ …………. လုပ်ကြံလိုက်တယ်လို့ အစ်ကိုတို့ ဖော်ထုတ်လို့ရတယ်” လို့  ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံဖို့  ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ ဟာ “လူမှုကွန်ရက်မှာ တွေ့ရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင်ချက်တွေအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှ ကောင်းမယ်”လို့  ပြောဆိုခဲ့ရာကနေ လုပ်ကြံဖို့ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့  ရဲချုပ်ဇော်ဝင်းက ပြောဆိုထားပါတယ်။

ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သတ်ပြီး သေနတ်သမား ကြည်လင်း၊ လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေသူ အောင်ဝင်းဇော်နဲ့  ငွေပေးခိုင်းစေသူ ဇေယျာဖြိုးတို့ ကိုသာ ဖမ်းဆီးရမိထားပေမယ့် ဇေယျာဖြိုးနဲ့ အတူ ငွေပေးခိုင်းစေသူတစ်ဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ အဲဒီ နောက်မှာ သည်လုပ်ကြံမှုဟာ ကွင်းဆက်ပြတ်ပြီး ရပ်တန့်သွားမှာကို နိုင်ငံရေးစောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။

ဦးကိုနီရဲ့အမှုနဲ့ပတ်သတ်ပြီး တရားမျှတမှုကိုလိုချင်သူတွေက ရဲတပ်ဖွဲ့ရဲ့ရှင်းလင်းချက်တွေကို မချင့်မရဲခံစားနေရတာနဲ့ပတ်သတ်ပြီး ဒေါက်တာ ယဉ်နွယ်ခိုင်က”အခု ဒီပွဲကြီးလုပ်ပြီးတော့ ဂုဏ်ပြုပေးတယ်။ ကိစ္စတိုင်းကိုတော့ ကျွန်မတို့ က စိတ်ခံစားချက်တွေနဲ့  အများကြီး တိုင်းတာနေလို့ မရဘူးလေ။ ကိုယ်ဖြစ်စေချင်တာတွေကိုပဲ အရမ်းပြောလို့ မရဘူး။ သူတို့ မှာလည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။NLDအစိုးရဆိုတာကလည်း တကယ်လုပ်ရမယ့်ဟာတွေ အများကြီးရှိပါသေးတယ်။ ဖြစ်ချင်တာတွေပဲ ပြောနေလို့ မရပဲ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဘက်မျှပြီး တွေးပေးဖို့ တော့ လိုပါတယ်။ ” လို့  ပြောပါတယ်။

ချမ်းသာ

Photo - စစ်ထက်အောင်

Kumudra


No comments:

Post a Comment