Latest News

Sunday, February 19, 2017

ကင်ဂျုံနမ်းလုပ်ကြံမှုမှာ သံသယရှိသူရဲ့ အချက်အလက်ထပ်ရဖို့ အင်ဒို ကြိုးစားနေ

ကင်ဂျုံနမ်းလုပ်ကြံမှုမှာ သံသယရှိသူရဲ့ အချက်အလက်ထပ်ရဖို့

အင်ဒို ကြိုးစားနေ

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၉ - အင်ဒိုနီးရှားအာဏာပိုင်တွေဟာ စီတီအိုင်စီယာရဲ့သတင်းအချက်အလက်တွေကို ပိုမိုရရှိရေး အတွက် အသည်းအသန်ကြိုးစားနေရပြီး သူဟာ တကယ်ပဲ မလေးရှားအာဏာပိုင်တွေဖမ်းဆီးထားတဲ့ ဗီယက်နမ်အမျိုးသမီး၊ မလေးရှားအမျိုးသားတို့နဲ့အတူ အဖမ်းခံထားရတဲ့တစ်ယောက်လားဆိုတဲ့အချက်တွေကို စစ်ဆေးနေပါတယ်။

မနေ့ကညနေပိုင်းအထိ လူဝင်မှုကြီးကြပ်ရေးအထွေထွေညွန်ကြားရေးဌာနဟာ စီတီရဲ့ပတ်စပို့ မှန်မမှန်ကို ကွာလာလမ်ပူမှာ စစ်ဆေးနေဆဲဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အဂန်ဆမ်ပါနိုက ပြောပါတယ်။

တရားဝင်မှန်ကန်မှုစစ်ဆေးခြင်းကို စောင့်ဆိုင်းဆဲဖြစ်ပေမယ့် ပတ်စပို့အရ သူ အင်ဒိုနီးရှားကနေ နောက်ဆုံးထွက်ခွာတာက ဂျိုဟိုးဘာရူကို ဘန်တန်းကတဆင့် ဖေဖော်ဝါရီ ၂ ရက် မနက်က ထွက်ခွာခြင်းဖြစ်ပါတယ်။

အမျိုးသားရဲတပ်ဖွဲ့ဟာ ကွာလာလမ်ပူသံရုံးကိုယ်စားလှယ်တွေကတဆင့် စီတီနဲ့ တွေ့ဆုံဖို့ ကြိုးစားနေပါတယ်။

“ကျွန်တော်တို့က သက်သေခံကတ်ပြားကို အတည်ပြုချင်တယ်။ ဘာကြောင့်ဆို သူ အင်ဒိုနီးရှားမဟုတ်တာ ဖြစ်နိုင်ချေ ရှိသေးလို့ပါပဲ။ သူ တကယ်ပဲ အင်ဒိုနီးရှားနိုင်ငံသားဖြစ်ရင် ကျွန်တော်တို့က ဂျကာတာမှာ သူ့လှုပ်ရှားမှုတွေကို သိဖို့ လိုပါတယ်”လို့ အမျိုးသားရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မာတီးနပ် စီတွန်ပူးက ပြောပါတယ်။

ဂျကာတာက တာဝန်ရှိသူတွေက အင်ဒိုနီးရှားဟာ စီတီနဲ့ပတ်သက်လို့ မလေးရှားရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ၀င်ရောက် စွက်ဖက်မှာမဟုတ်ပေမယ့် ဒုနိုင်ငံခြားရေးဝန်ကြီး ဖာချီယာက “သံရုးက တရားဝင်ပူးပေါင်းဆောင်ရွက်မှုကို ရယူနေကြောင်း” ပြောပါတယ်။

စီတီဟာ နိုင်ငံခြားအေးဂျင့်ဖြစ်သလားဆိုတာ သေချာစွာ မသိရပေမယ့် ဒုသမ္မတ ဂျူးဆက်ကာလာအပါအ၀င် အင်ဒိုနီးရှား နိုင်ငံသားအများအပြား ယုံကြည်နေတာက တခြားအင်ဒိုရွှေ့ပြောင်းလုပ်သားတွေလိုပဲ သူဟာ အကွက်ချစီစဉ်ခံရပြီး ဒီအမှုမှာ ဓားစာခံဖြစ်နေတယ်လို့ ယုံကြည်နေကြပါတယ်။

စုပြည့်စုံ

Ref: Jakatapost, Feb 19th

Kumudra

No comments:

Post a Comment