Latest News

Saturday, February 25, 2017

ဦးကိုနီကို ဘယ်သူသတ်သလဲ

ဦးကိုနီကို ဘယ်သူသတ်သလဲ


ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတာကို ဘယ်သူတွေဝမ်းသာနေကြသလဲ။ စစ်အုပ်စုကဝမ်းသာတယ်။ အစွန်းရောက်မျက်ကန်းမျိုးချစ်တွေဝမ်းသာကြတယ်။

ရာဇဝတ်မှုတွေနဲ့ပတ်သက်ရင် ရဲကကျင့်သုံးနေတဲ့ စဉ်းစားပုံစဉ်းစားနည်းဟာ သိပ်အသုံးဝင်တယ်။ အသုံးဝင်လို့လည်း နိုင်ငံတကာကရဲတွေ ခေတ်အဆက်ဆက်ကျင့်သုံးနေကြတာပါပဲ။ အဲဒီစဉ်းစားနည်းက တော့ လူတယောက်အသတ်ဖြတ်ခံလိုက်ရတယ်ဆိုရင် ဒီလူသေလို့ ဘယ်သူတွေအကျိုးရှိသွားသလဲလို့ စဉ်းစားတဲ့နည်းပါ။

အခုဦးကိုနီကွယ်လွန်တော့ ဘယ်သူတွေအကျိုးရှိသလဲ။ အကျိုးအရှိဆုံးလူက စစ်အုပ်စုပဲ။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တာဟာ တချက်ခုတ်နဲ့ သုံးလေးချက်ပြတ်စေနိုင်မယ့် လုပ်ကြံမှုမျိုးပဲ။ စစ်အုပ်စုက တသက်လုံးမီးမွှေးဆွပေးနေတဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကို ပိုပြီး အားပေးလှုံ့ဆော် ပြီးသားဖြစ်သွားတယ်။ (ရခိုင်မှာ သီတာထွေးကိစ္စ စပြီးဖြစ်တော့ အဓိကရုဏ်းအဆင့်ဖြစ်လာအောင် ဦးဆောင် လှုံ့ဆော်သူဟာ သမ္မတရုံးညွှန်မှူး မှူးဇော်ခေါ် ဇော်ဌေးဖြစ်တယ်။)

ဦးကိုနီကို လုပ်ကြံခြင်းအားဖြင့် ဒီချုပ်ပါတီနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူအားလုံးကို ခြိမ်းခြောက်ပြီး သားဖြစ်သွားတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံချင်ရင် အချိန်မရွေး လုပ်ကြံနိုင် တယ်လို့ ခြိမ်းခြောက်ပြီးသားဖြစ်သွားတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်းမှာ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲမလား၊ ဖျက်ပြီး အသစ်ရေးမ လားလို့ မဲခွဲဆုံးဖြတ်ကြတော့ ဖျက်ရေးဘက်ကနေ လက်ညှိုးထောင်တဲ့သူဟာ ဦးဝင်းတင်ကလွဲရင် ဦးကိုနီ တယောက်ပဲရှိတယ်လို့ကြားဖူးတယ်။ ဦးကိုနီဟာ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးကို တစိုက်မတ်မတ် ဟောပြောစည်းရုံးခဲ့သူဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ရုံနဲ့မရဘူး၊ ဖျက်ကိုဖျက်သိမ်းပစ်ရမယ်လို့ လုံးဝယုံကြည်သူ တယောက်ပဲ။ ဒီချုပ်ပါတီရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ပိုင်းမှာ ဖျက်ရေးကို ကျယ်ကျယ်လောင်လောင် မပြောတော့ပေမယ့် သူ့ယုံကြည်ချက်ဟာ ဖျက်ရေးပဲဆိုတာကို လူတော်တော် များများကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်သူ ဖြစ်တယ်။ ဒါ့ကြောင့် စစ်အုပ်စုအတွက်ဆိုရင် ဦးကိုနီဟာ ပြင်ရေး သဘောထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ထက်တောင် အန္တရာယ်ကြီးတဲ့သူဖြစ်တယ်။ ဒီချုပ်ပါတီတွင်းမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံရေး အန္တရာယ်ကို ဦးကိုနီလောက်နားလည်တဲ့သူ တယောက်မှ မရှိဘူး။ ဦးကိုနီဟာ တခြားဒီချုပ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးဝင်းထိန်တို့ ကိုဖြိုးမင်းသိန်းတို့လိုမျိုး စစ်အုပ်စုခေါင်းဆောင်တွေ၊ စစ်အုပ်စုဆွေတော်မျိုးတော်တွေနဲ့ ဘယ်တုန်းကမှ ပလူးပလဲလုပ်တတ်သူလည်း မဟုတ်ဘူး။

ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်လိုက်ခြင်းအားဖြင့် မြန်မာ့နိုင်ငံရေးမှာ မတည်မငြိမ်ဖြစ်မယ်။ ကသောင်းကနင်း ဖြစ်မယ်။ ဒီချုပ်အစိုးရ သိက္ခာကျမယ်။ ဒါဟာ စစ်အုပ်စုနဲ့ ကြံ့ဖွတ်တွေအတွက် အထူးအကျိုးရှိစေမယ့် အချက်ပဲ။ ဒီချုပ်အစိုးရတက်လာကတည်းက စစ်အုပ်စုက လုပ်နေသမျှဟာ အဲဒီရည်ရွယ်ချက်နဲ့ ချည်းပဲ လုပ်နေတာဖြစ်တယ်။ ဒီချုပ်အစိုးရက ရှေ့ကနေ ၂၁ ရာစုပင်လုံဆိုပြီးလုပ်တယ်။ နောက်ကနေ စစ်အုပ်စုက စစ်ပွဲကြီးတွေ အကြီးအကျယ် တိုက်တယ်။ ဒီချုပ်အစိုးရလုပ်သမျှ အကုန်လိုက်ပြီး ဖျက်ဆီးနေတာ ဖြစ်တယ်။ ဒီချုပ်အစိုးရလက်ထက်မှာ ဘယ်တော့မှ ငြိမ်းချမ်းရေး မရစေရဘူးဆိုတဲ့ သန္နိဋ္ဌာန်နဲ့ အကြီးအကျယ် တိုက်ပွဲတွေ ဆင်နေတာဖြစ်တယ်။

ဒီချုပ်အစိုးရတက်လာပြီးနောက်မှာ ရခိုင်မှာပဋိပက္ခတွေပိုပြီးကြီးကျယ်လာတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းဖို့ တခြားနိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်တွေကနေ နှိုးဆော်တိုက်တွန်း တောင်းဆိုလာကြတဲ့ အထိ ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျတယ်။ အဲသလိုအခြေအနေရောက်အောင် ထောက်လှမ်းရေး အစီအမံတွေနဲ့ အကွက်ကျကျတွန်းပို့နေတာဟာ စစ်အုပ်စုပဲ ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိပ်မကြာသေးခင်ကပဲ ဦးဝီရသူကို သွားပြီး ဆွမ်းကပ် ကန်တော့ခဲ့သေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် မလုပ်နိုင်ဘူး။ စစ်တပ်ကအုပ်ချုပ်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းလိမ့်မယ်ဆိုတဲ့ အမြင်မျိုးကို အများပြည်သူမြင်လာတဲ့အထိ ရုပ်လုံးဖော် စည်းရုံးသိမ်းသွင်းရေးဟာ စစ်အုပ်စုရဲ့ အဓိကအကြံအစည်ပဲ။ အဲသလိုအမြင်မျိုးပေါ်ပေါက်လာရင် နောက်ရွေးကောက်ပွဲမှာ ဒီချုပ်ရမယ့်မဲလျော့သွားမယ်။ ကြံ့ဖွတ်ပါတီမဲပြန်ရလာမယ်။ ညွန့်ပေါင်းဖွဲ့မယ်။ အဲဒါဆိုရင် စစ်အုပ်စုအာဏာခိုင်ပြီ။ လုပ်ချင်တာလုပ်လို့ရပြီ။ တတိုင်းတပြည်လုံး စစ်ဖိနပ်အောက် နင်းထားမယ်။ စစ်မျိုးစစ်နွယ်ဆက်လက်ထူထောင်မယ်။ စစ်မျိုးစစ်နွယ်တွေချမ်းသာကြွယ်ဝရေး အင်အားတောင့်တင်းရေး ဆက်လုပ်မယ်။အဲဒါ စစ်အုပ်စုရဲ့ နိုင်ငံရေးရည်မှန်းချက်ပဲ။

ဒီလိုအချိန်မျိုးမှာ စစ်အုပ်စုရဲ့ အဲဒီလုပ်ရပ်ကို ဖွင့်ချဖော်ထုတ်ရမယ်။ စစ်အုပ်စုရဲ့ အထုပ်ကို ဖြည်ပြရမယ်။ စစ်အုပ်စုရဲ့ အရှက်ကိုခွဲရမယ်။ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ရမယ်။ စစ်အုပ်စုတခုလုံး ဖရိုဖရဲဖြစ်သွားတဲ့ အထိ ဆွဲခါလှုပ်ယမ်းချေမွပစ်ရမယ်။

ဒါပေမယ့် irony လို့ခေါ်တဲ့ဟာသမြောက်စေတဲ့ ဖြစ်ရပ်ကတော့ စစ်အုပ်စုကို အဲသလို မဆန့်ကျင် မတိုက်ခိုက်အောင် ရှေ့ကနေ ကာကွယ်ဟန့်တားနေတဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြစ်နေတယ်။ ဒီချုပ်ပါတီဖြစ်နေတယ်။ စစ်အုပ်စုရှေ့ကနေ ဟန့်တားကာကွယ်ရုံသာမက စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်သူတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီက ရန်သူသဖွယ်ပြုမူဆက်ဆံ နေတယ်။ ဒုက္ခပြန်ပေးနေတယ်။ အဲဒါကတော့ တကယ့်ပြက်လုံးပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ် ပါတီဟာ စစ်အုပ်စုကို ဖိနပ်တိုက်ပေးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးရမယ်လို့ ယူဆနေတဲ့ အတွေး အခေါ်မှားကြောင့် တနိုင်ငံလုံး အခုလို ပရမ်းပတာ ကသောင်းကနင်း ဖြစ်နေတာပဲ။ ဒီ့ထက်ပိုဆိုးတာတွေ ဖြစ်ဦးမယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဒီ့ထက်ပိုဆိုးတာတွေကို စစ်အုပ်စုက ဆက်လုပ်နေဦးမှာမို့လို့ပဲ။

မကြာခင်မှာ ဦးကိုနီကို လုပ်ကြံတဲ့ တရုတ်လူမျိုးရဲ့ နောက်ကွယ်က လူတွေ ထွက်ပေါ်လာလိမ့်မယ်။ အဲသလိုထွက်လာတဲ့အခါ အဲဒီလူတွေဟာ စစ်အုပ်စုနဲ့ မပတ်သက်တဲ့ လူတွေအဖြစ်နဲ့ ထွက်ပေါ်လာဖို့ များတယ်။ အခုလုပ်ရပ်က စစ်ထောက်လှမ်းရေး လုပ်ရပ်။ ဒီလောက်ညံ့မှာ မဟုတ်ဘူး။ တရုတ်ကိုငွေ ပေးပြီး တိုက်ရိုက်လုပ်ကြံခိုင်းတဲ့သူဟာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့သူတွေ တိုက်ရိုက်ဟုတ်မှာ မဟုတ်ဘူး။ ကြားလူပွဲစားတွေ ဖြစ်မှာပဲ။ ပွဲစားနှစ်ဆင့်သုံးဆင့်ခံပြီး ကြံစည်မှာပဲ။ ဒါဟာ သေသေချာချာ အကွက်ချ ကြံစည်ထားတဲ့ စီမံကိန်းပဲ။ စစ်အုပ်စုကလူတွေကို လွယ်လွယ်နဲ့ ဆွဲထုတ်နိုင်မယ် မထင်ဘူး။

စစ်ထောက်လှမ်းရေးက အလုပ်မလုပ်တော့ဘူး၊ ဒီမိုကရေစီရပြီထင်နေတဲ့သူတွေ အတွက်တော့ အိပ်မက် ဆက်မမက်ကြတော့နဲ့၊ ထကြတော့လို့ အခုဖြစ်ရပ်က လှုပ်နှိုးလိုက်တာပါပဲ။

ဆွန်လွတ်ရွယ်ဂျာသေပြီးတော့ ပြီးပါပြီလေ ထင်ပြီး ငြိမ်နေကြတော့ တော်တော်လေးကြာတော့ ဒေါ်ခင်ဝင်းသေတယ်။ ဒေါ်ခင်ဝင်းသေပြီး၊ ပြီးပါပြီလေဆိုပြီး ကောက်ရိုးမီးလိုငြိမ်သွားတော့ ကိုပါကြီးသေတယ်။ ကိုပါကြီးသေပြီး၊ ပြီးပါပြီလေဆိုပြီး ဆေးလိပ်ကလေးဖွာနေကြတော့ ကချင် ဆရာမလေး နှစ်ယောက် အသတ်ခံရပြန်တယ်။ ကချင်ဆရာမလေး နှစ်ယောက်သေပြီး၊ ပြီးပါပြီ လေဆိုပြီး သင်ပုန်းချေလိုက်ပြန်တော့ သတင်းထောက်စိုးမိုးထွန်း အသတ်ခံရပြန်တယ်။ သတင်းထောက်စိုးမိုးထွန်း သေပြီး ပြီးပါပြီလေ ဆိုပြီး သင့်မြတ်ရေးလုပ်မယ်ဆိုတော့ ဦးကိုနီအလုပ်ကြံခံရပြန်တယ်။ အခုထိ ရန်သူပျောက်နေတုန်း၊ နားလည်မှုလွဲနေတုန်းဆိုရင်တော့ နောက်ထပ်လည်း သေဦးမှာပဲ၊ မီးခိုးမဆုံးမိုးမဆုံး။

အခုချိန်မှာ ရန်ငါခွဲခြားနားလည်ဖို့ သိပ်အရေးကြီးနေပြီ။ ရန်ငါ ခွဲခြားနားမလည်ရင် အားလုံးမိတ်ဆွေ၊ ရန်သူမရှိ၊ ဒုက္ခတွေ အန္တရာယ်တွေကတော့ ဘယ်ကရောက်လာမှန်းမသိ၊ နေရာတိုင်းမှာအပြည့် ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်မဆုံးတဲ့ နိုင်ငံရေး နဝေတိမ်တောင် ဖြစ်မှုကြီးထဲ တဝဲလည်လည် ဖြစ်နေဦးမယ်။ စစ်အုပ်စုနဲ့ ရန်ငါမပြတ်ရင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူပြည်သား အားလုံးပါ တနေ့တခြားပိုပိုဆိုးဝါးတဲ့ ဒုက္ခတွင်းထဲကို ကျရောက်လိမ့်မယ်။

https://www.facebook.com/zw.zawwin/posts
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း

Credit : ဇော်ဝင်း (Zaw Win) ၈၈ ဗကသကျောင်းသားဟောင်း

No comments:

Post a Comment