မြန်မာ့ အမျိုးသား ပညာရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
လာမယ့် ၅ နှစ်တာ ကာလတွင်း ကျောင်းသား လူငယ်တွေနဲ့ အရွယ် ရောက်တဲ့ သူတွေကို တသက်တာ ပညာသင်ယူမှုရရှိစေဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပညာရေး စနစ်ကို အဓိကထားပြောင်းလဲရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ ဗဟို ကွန်ဗင်းရှင်း စင်တာ (MICC 2)မှာ ကျင်းပ ပြုလုပ်တဲ့ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀) စတင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။
“အခုဟာက ကျမတို့ လာမယ့် ၅ နှစ်တာကာလ အတွင်းမှာ ကျောင်းသား လူငယ်များနဲ့ အရွယ်ရောက်တဲ့ သူတွေရဲ့ ဘဝတသက်တာ ပညာသင်ယူမှု ရရှိစေဖို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေဖို့ မြန်မာ နိုင်ငံရဲ့ အမျိုးသား ပညာရေး စနစ်ကို အဓိကထား ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီပြောင်းလဲပေးရမှာက ပညာရေး ကနေစရမှာပဲ အမျိုးသား မဟာဗျူဟာ စီမံကိန်းကို ချမှတ်တာကတော့ ဟုတ်ပါတယ်။ စီမံကိန်း အောင်မြင်ဖို့ အတွက် အဓိက ဘာလိုအပ်လဲ ဆိုတာ အားလုံး စဉ်းစားရမှာပါ။”
ဒါ့အပြင် ပညာရရှိရေး အတွက် အရေးကြီးဆုံးက သင်ယူချင်တဲ့စိတ် ဖြစ်ပြီး ဆရာ၊ ဆရာမတွေဟာ ပညာရေး မူဝါဒတွေကို ချမှတ်ပြီးတော့ အကောင်အထည်ဖော် ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များဟာ နိုင်ငံသူ နိုင်ငံသားများ အကြားမှာ အသက်ကြီး အသက်ငယ်မရွေး သင်ယူချင်တဲ့ စိတ်များ ပေါ်လာအောင်လို့ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သင်ယူချင်တဲ့စိတ်ကို လူငယ်တွေ အကြားထဲ ထွန်းကား အောင်၊ သင်ပေးတဲ့သူတွေ ကိုယ်တိုင်က သင်ယူချင်တဲ့ စိတ်ရှိဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို ပညာရေး ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရေး ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်၊ UNICEF ဌာနေ ကိုယ်စားလှယ်နဲ့ အခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော် ရှိပြီး ကျေးရွာပေါင်း ၃ သောင်းကျော်မှာတော့ အခြေခံ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၃၃၂၂ ကျောင်းဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
DVB
Thursday, February 23, 2017
မြန်မာ့ အမျိုးသား ပညာရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
မြန်မာ့ အမျိုးသား ပညာရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Reviewed by Ar Ti
on
5:05 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment