ပင်လုံ ပြည်ထောင်စုနေ့ အခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွှာစုံ တိုင်းရင်းသား လူငယ်များနှင့် ငြိမ်းချမ်းရေး အကြောင်း ဆွေးနွေးမည်
လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင် ပင်လုံ၌ ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တိုင်းရင်းသား အရပ်ဖက် အဖွဲ့အစည်းများ အပါအ၀င် လူငယ် ကိုယ်စားလှယ်များ ပါဝင်သည့် အလွှာစုံမှ ကိုယ်စားလှယ်အချို့တို့ အကြား ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးရန်အတွက် ကိုယ်စားလှယ် ၁၂ ဦးကို ဖိတ်ကြားထားပြီး ယင်းကိုယ်စားလှယ် များထဲတွင် ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ ( လက်နက်ကိုင် ကိုယ်စားလှယ်များမှအပ ) အလွှာစုံ ထည့်သွင်းထားသည်ဟု သိရသည်။
“ကျွန်တော်တို့ကိုလည်း ဖိတ်ထားတယ်။ ဘာဆွေးနွေးမယ် ဆိုတာတော့ အတိအကျ ခေါင်းစဉ်ပေးထားတာ မရှိသေးဘူး” ဟု တိုင်းရင်းသား လူငယ်များ မဟာမိတ်အဖွဲ့ NEYA မှ စိုင်းအောင်မြင့်ဦးက ဖေဖော်ဝါရီ ၉ ရက်နေ့က The Ladies News သို့ ပြောသည်။
ဖိတ်ကြား ခံထားရသူများတွင် တောင်သူ လယ်သမား သမဂ္ဂကိုယ်စားလှယ် ၊ လူငယ်စီးပွားရေး လုပ်ငန်းရှင် ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ အစုအဖွဲ့ NBF ကိုယ်စားလှယ် စသဖြင့် ပါဝင်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံခရီးစဉ်မှာ နှစ်ပေါင်း ၃၀ နီးပါး ကာလအတွင်း သူမ၏ ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း ၊ ချင်း ၊ ကချင် တိုင်းရင်းသား ခေါင်းဆောင်များမှာ လွန်ခဲ့သည့် နှစ် ၇၀ က ပင်လုံမြို့၌ သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းစာချုပ်ကြောင့်ပင် တောင်တန်း- ပြည်မ အတူပူးပေါင်း၍ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
The Ladies News
Thursday, February 9, 2017
ပင်လုံ ပြည်ထောင်စုနေ့ အခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွှာစုံ တိုင်းရင်းသား လူငယ်များနှင့် ငြိမ်းချမ်းရေး အကြောင်း ဆွေးနွေးမည်
ပင်လုံ ပြည်ထောင်စုနေ့ အခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွှာစုံ တိုင်းရင်းသား လူငယ်များနှင့် ငြိမ်းချမ်းရေး အကြောင်း ဆွေးနွေးမည်
Reviewed by Ar Ti
on
3:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment