Latest News

Thursday, February 9, 2017

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးကိုနီက တစိတ်တပိုင်း ပါဝင်ခဲ့ဖူးတယ် – ဗိုလ်မှူးကြီး ခွန်ဥက္ကာ


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးကိုနီက တစိတ်တပိုင်း ပါဝင်ခဲ့ဖူးတယ် – ဗိုလ်မှူးကြီး ခွန်ဥက္ကာ

မကြာခင်က လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ် ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မှာလည်း တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တဲ့ လူတယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အန်စီအေ ပြည်ထောင်စု ငြိမ်းချမ်းရေး စာချုပ် ဖြစ်မြောက်ရေး ကိစ္စတွေမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း တွေနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အဖွဲ့ဝင် တယောက် ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး – ကျနော်တို့ အဖွင့်မှာပြောခဲ့တဲ့အတိုင်းပေါ့နော်။ တရားလွှတ်တော်ရှေ့နေ တယောက်လည်း ဖြစ်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း ဥပဒေရေးရာ အကြံပေးအဖြစ် တောက်လျှောက်လုပ်ခဲ့တယ်၊ ဒါ့အပြင် အန်စီအေ စာချုပ် ဖြစ်မြောက်ရေးမှာလည်း ပါဝင် ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား ခင်ဗျ။

ဖြေ – ဟုတ်ကဲ့။ ကျနော့်အနေနဲ့ ပထမဆုံး ပြောရရင် Legal Profession ပေါ့။ ဥပဒေပညာဘက်မှာ ပြည်တွင်းက လုပ်ဖော်ကိုင်ဘက်တဦးအနေနဲ့ ဦးကိုနီ ကျဆုံးသွားတာ ဝမ်းနည်းမိတဲ့အကြောင်းနဲ့ သူ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းတဲ့အကြောင်း ပြောချင်ပါတယ်။ ဒုတိယကတော့ ဒီလိုပဲ ဒီဗွီဘီ Debate တွေမှာ သူနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဆွေးနွေးဘက်အနေနဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ သူ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့အကျင့်ကိုလည်း တွေ့ရပါတယ်။ အဲဒီလိုပဲ လက်ရှိ ကျနော်တို့တိုင်းပြည်မှာ အကောင်အထည်ဖော်နေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် နိုင်ငံတကာ သက်သေများရှေ့မှာ ကျနော်တို့ ၈ ဖွဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ ဒီစာချုပ်က အခုအချိန်ထိ အားကောင်းကောင်း၊ ခိုင်ခိုင်မာမာနဲ့ အကောင်အထည်ဖော်တဲ့စာချုပ် ဖြစ်ပါတယ်။ ဒီစာချုပ်ကို ပြုစုရေးဆွဲတဲ့ မူကြမ်းကာလတုန်းက ၂၀၁၄ နှစ်လယ်လောက်လို့ ထင်ပါတယ်။ အဲဒီလောက်မှာ ရှေ့နေကြီးဦးကိုနီရဲ့ အကြံပြုချက်တွေကိုလည်း ကျနော်တို့ ရယူစုဆောင်းခဲ့ဖူးပါတယ်။

မေး – အကြံပြုချက်ဆိုတာက ဥပဒေကြောင်းအရလား၊ နိုင်ငံရေးအရလား။

ဖြေ – ဥပဒေကြောင်းအရ ပြဋ္ဌာန်းချက်တွေက ခိုင်မာမှုရှိအောင် ဘယ်လို ပြင်ဆင်ရေးသားသင့်လဲ၊ ဘယ်လိုအသုံးအနှုန်းတွေ ပါသင့်လဲပေါ့ဗျာ။ အဲဒါကို ကျနော်တို့ အကြံဉာဏ်ယူခဲ့ဖူးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဦးကိုနီကလည်း တစိတ်တပိုင်း ပါဝင်ခဲ့ဖူးတယ် ဆိုတာလေးကို လုပ်ဖော်ကိုင်ဘက်တွေသိအောင် ကျနော်တို့ ထောက်ပြချင်တာလည်း ဖြစ်ပါတယ်ခင်ဗျ။

မေး – နောက်တခုက ဦးကိုနီဟာ အခု ပြည်တွင်းမှာသာမက နိုင်ငံတကာကပါ အသိအမှတ်ပြု လက်ခံထားတဲ့ တကယ့် ရှေ့နေကြီးတယောက်လို့လည်း ကျနော်တို့ သိရပါတယ်ခင်ဗျ။ အခု သူ့ဈာပနကိစ္စမှာလည်း နိုင်ငံတကာ သံတမန်တွေကအစ လာပြီး တက်ကြပါတယ်။ အဲဒီတော့ ဦးကိုနီရဲ့ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ ပုဂ္ဂလိကအမြင်လေး ဘယ်လိုများ ပြောချင်ပါလဲ။

ဖြေ – ကျနော့်အနေနဲ့ကတော့ ကျနော်တို့တိုင်းပြည်မှာ ရှားရှားပါးပါး လွတ်လပ်စွာ တွေးခေါ်ပြီးတော့ အမှီအခိုကင်းကင်းနဲ့ ပြောနိုင်ဆိုနိုင်၊ ဝေဖန်သုံးသပ်နိုင်တဲ့ ဥပဒေပညာရှင်က တော်တော်ရှားပါတယ်။ ဥပဒေပညာမှာမှ ကွန်စတီကျူးရှင်းနယ် လောလို့ ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေမှာ ကျွမ်းကျင်နှံ့စပ်တဲ့လူက ရှားပါတယ်။ အထူးသဖြင့် ကျနော်တို့တိုင်းပြည်မှာ ဥပဒေလို့ပြောရင် တရားရုံးတက်ပြီး အမှုလိုက်တဲ့ ရှေ့နေလောက်ကိုပဲ ဥပဒေလို့ ထင်ကြတာ။ တကယ်တော့ ရှေ့နေလုပ်ငန်းနဲ့ Legal Profession နဲ့ တော်တော်ကွာပါတယ်။ ဥပဒေပညာ ကျွမ်းကျင်သူဆိုတာက ရှေ့နေလုပ်ငန်းထက်ကို အများကြီးကျယ်ပြန့်တဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။ အများကြီး နက်နဲပါတယ်။ ဦးကိုနီကတော့ ရှေ့နေလုပ်ငန်းထက်စာရင် ဥပဒေပညာကျွမ်းကျင်သူလို့ ပြောနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

မေး – အခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး အကုန်လုံးက ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆွဲရေး ဆိုပြီးတော့ အကုန်လုံးက သူ့အမြင်၊ ကိုယ့်အမြင် ပြောကြ၊ ဆွေးနွေးကြတာပေါ့။ ဒါပေမယ့် ဦးကိုနီရဲ့ ရပ်တည်ချက် ကြည့်လိုက်တော့ ဦးကိုနီက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကတော့ လက်ရှိအခြေအနေနဲ့ ဘယ်လိုမှ သွားလို့မရဘူး။ အဲဒီတော့ သူက အသစ်ရေးဆွဲရေးကိုပဲ အားသန်နေတဲ့သဘောမျိုး တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လို ပြောချင်ပါလဲ။

ဖြေ – ကျနော့်အနေနဲ့ကတော့ လက်ရှိ ဘယ်ပုံစံလုပ်ရမလဲဆိုတာကို ပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ကျနော်တို့ ပြောဖို့ခက်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ အပါအဝင် ပြည်ထောင်စုကို ကျနော်တို့ ဘယ်လို ပြန်လည်ထူထောင်မလဲဆိုတာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးဖို့ အဲဒီသဘောတူညီချက်ကို ကျနော်တို့ ရထားပြီး ဖြစ်ပါတယ်။ အန်စီအေစာချုပ်မှာလည်း ပြဋ္ဌာန်းထားတယ်။ တပ်မတော် အပါအဝင် အစိုးရဟောင်းရော၊ အသစ်ရော အကုန်လုံး သဘောတူပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားရန်ဆိုတာ ပါပြီးသား။ ဒီ Agenda တွေက ပါနေတယ်။ မနေ့တနေ့က ပြီးသွားတဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း ဒီကိစ္စတွေပဲ ကျနော်တို့ ဆွေးနွေးပါတယ်။ ပြည်နယ်အဆင့်၊ ဒါမှမဟုတ်လည်း ဒေသအဆင့်ပေါ့ဗျာ။ တနင်္သာရီတိုင်းမှာလည်း ဒီကိစ္စတွေပါပဲ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်လာတဲ့ရလဒ်နဲ့ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်မှာဖြစ်တယ်။ ပြင်တာလား၊ အသစ်ရေးသလား၊ အစားထိုးသလား။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲ ရလဒ်ကိုပဲ ကျနော်တို့က အဓိက ဝိုင်းဝန်းစဉ်းစားရမှာပေါ့။ အားလုံး အဆင်ပြေတဲ့ဟာပေါ့။ တဘက်ဘက်ကို ဇောင်းပေးပြီးတော့ ဆန္ဒစောပြီး အခု ဘယ်လိုလုပ်မှ ရမယ်၊ ဟိုလိုလုပ်မှ ရမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ ရလဒ်ကို သွားပြီး ကြိုတင်ပြီး ဟောကိန်းထုတ်သလို ဖြစ်နေတယ်။ ဒါလည်း ကျနော် မဖြစ်စေချင်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်တဲ့ အစုအဖွဲ့တွေက လွတ်လွတ်လပ်လပ် ဆွေးနွေးပြီးတော့ နောက်ဆုံး ဘုံသဘောတူချက်ပေါ့ဗျာ။ ကျနော်တို့အခေါ်ကတော့ Political Solution ပေါ့။ နိုင်ငံရေးသဘောတူညီချက် ရလာတဲ့အချိန်မှာ အဲဒီရလာတဲ့အချက်က ဘာလဲဆိုတာ အဲဒီအပေါ်မှာမှ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စက ဆုံးဖြတ်သွားဖို့သင့်တယ်လို့ ကျနော်ကတော့ မြင်တယ်။

မေး – ဟုတ်ကဲ့ပါ။ အခု ကျနော်တို့သွားနေတာက အန်စီအေစာချုပ်ပေါ်မှာပဲ သွားနေတာပေါ့နော်။ အခု သွားနေရင်းနဲ့ပဲ တချို့ နည်းနည်းထိတွေ့မှုလေးတွေ ဖြစ်တာ ကျနော်တို့ ကြားရပါတယ်။ အဲဒီတော့ အခုသွားနေတဲ့ လမ်းကြောင်းကရော အန်စီအေစာချုပ်ရဲ့ စည်းနှောင်အားက ဘယ်လောက်အထိ ခိုင်မြဲတယ်လို့ ဗိုလ်မှူးကြီးအနေနဲ့ ယူဆပါလဲ။

ဖြေ – အန်စီအေရဲ့ စည်းနှောင်အားက အန်စီအေကို မပွန်းမပဲ့ဘူးဆိုရင်တော့ အခိုင်အမာရှိပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာက ခုနောက်ဆုံး ကျနော်တို့ လေ့လာတော့ ဥပဒေပညာရှင်ဖြစ်ဖြစ်၊ နိုင်ငံရေးပညာရှင်တွေဖြစ်ဖြစ်၊ မြန်မာပြည်မှာ အခုလောလောဆယ် အသက်ရှင်နေတဲ့ ဥပဒေစာတမ်း နှစ်စောင်ပဲ ရှိတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လောလောဆယ် တိုင်းပြည်မှာ သွားနေတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တယ်။ နောက်တခုက လောလောဆယ် တဖက်တလမ်းကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့အတွက် အခြေခံရမယ့် စာတမ်းကတော့ အန်စီအေ ဖြစ်ပါတယ်။ ဒီစာတမ်းနှစ်စောင် ရှိတဲ့အကြောင်း ထောက်ပြပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဒုတိယစာတမ်းဖြစ်တဲ့ အန်စီအေမှာ အစအဆုံး ပါဝင်လာတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေလည်း ဖြစ်တဲ့အတွက် အန်စီအေအပေါ်ကနေ သွားမယ့် နိုင်ငံရေးဆုံချက်က အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်စီအေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ပါဝင်လက်မှတ်ရေးထိုးတယ် ဆိုပေမယ့် အန်စီအေက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာကျတော့ အန်စီအေ လက်မှတ်မထိုးတဲ့ နိုင်ငံရေးပါတီတွေအားလုံး ပြန်ပါလာတယ်။ ကျနော်တို့က နိုင်ငံရေးပါတီတွေကို တံခါးဖွင့်ပေးလိုက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အားဖြည့်လိုက်တဲ့သဘောပေါ့။

မေး – ဟုတ်ကဲ့။ တခု ပြောစရာရှိတာပေါ့နော်။ အခု အန်စီအေ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေ ပါဝင်နိုင်အောင် ကြိုးစားနေကြတာ တပိုင်းရှိတယ်ပေါ့နော်။ တကယ်လို့များ အန်စီအေ လက်မှတ်မထိုးထားတဲ့လူတွေက ပါဝင်လာမယ်ဆိုရင်ရော အန်စီအေစာချုပ် ပြန်ပြင်ဖို့များ လိုမလား။

ဖြေ – အန်စီအေစာချုပ်ကို ပြင်တဲ့ ပုဒ်မ ၂၂ ဖြစ်ပါတယ်။ သူက ဘာပြောလဲဆိုတော့ အန်စီအေစာချုပ်ရဲ့ ပုဒ်မအစတိုင်းမှာ သေချာဖတ်ကြည့်ရင် တွေ့မယ်။ ဤစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများသည်ဆိုတာ အမြဲတမ်းပါတယ်။ ဒါကြောင့် ပုဒ်မ ၂၂ မှာ ဤစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများသည် ဤစာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲဖြစ်ခဲ့ပါက နှစ်ဘက် သဘောတူ ပြင်ဆင်နိုင်သည်လို့ ပြောထားတယ်။ စာချုပ်ကို လက်မှတ်ထိုးပြီးတဲ့လူမှ၊ စာချုပ်ထဲမှာ ပါတနာဖြစ်ပြီးပြီဆိုမှ တို့ အကောင်အထည်ဖော်ဖို့ ခက်တယ်၊ သဘောတူလား၊ သဘောတူရင် ဒါ ပြင်ရအောင်ပေါ့။ စာချုပ်ထဲမှာ ပါတနာမဖြစ်ဘဲနဲ့ အပြင်ကနေ ဒါ ပြင်ပါ၊ ဒါ လုပ်ပါဆိုရင်တော့ စာချုပ်နဲ့ ဘောင်မဝင်ဘူး။ စာချုပ်ကလည်း ထပ်ပြင်လို့မရတော့ဘူး။ ပြင်မယ်ဆိုရင် သဘောတူထားတဲ့ နှစ်ဖွဲ့ကပဲ သဘောတူ ပြင်ရမယ်။ ဒါကြောင့် ပါတနာဖြစ်အောင် အရင်လုပ်ပြီးမှ ပြင်ရင် ဒီလမ်းက ပွင့်တယ်။ ဘယ်သူမှပိတ်လို့မရဘူး။ ဥပမာ လက်မှတ်မထိုးတဲ့အဖွဲ့တွေက လက်မှတ်ထိုးပြီးလို့ ပါတနာဖြစ်သွားရင် ဒါ ကျနော်တို့ ပြင်မယ်ဆိုရင် ဘက်တဘက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်က ငြင်းလို့မရဘူး။ တဘက်က တောင်းဆိုနေပြီ၊ ပြင်ရအောင်ပေါ့။ ဒါပေမယ့် ဆွေးနွေးဘက်က ပါတနာမဖြစ်သေးဘဲနဲ့ တောင်းရင်တော့ စာချုပ်ဘောင်မဝင်တဲ့အတွက် ပြင်လို့မရဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအသစ်သည်ပင်လျှင် ပြင်ချင်စရာလေးတွေ ရှိတယ်လို့ ပြောတယ်။ သို့သော် ပါတနာ နှစ်ဘက်သဘောတူမှ။ ဥပမာ ကျနော်တို့ ၈ ဖွဲ့ ပါတနာရှိတယ်။ ကျနော်တို့က ဒါ ပြင်ချင်တယ်။ အစိုးရ၊ လွှတ်တော်၊ စစ်တပ် ဒါပြင်ချင်တယ်၊ အိုကေ၊ ပြင်လို့ရတယ်။ အဲဒီလိုလေး သိဖို့လိုတယ်။ ပြင်ခွင့်တော့ ရှိတယ်။

မေး – ဟုတ်ကဲ့ပါ။ အခုက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေကို လက်မှတ်ထိုးအောင် ကြိုးစားနေတဲ့နေရာမှာ အဓိကတပ်ပေါင်းစုဖြစ်တဲ့ ယူအန်အက်ဖ်စီပေါ့နော်။ ဆွေးနွေးမှုတွေလည်း ကြားရပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေလည်း ကြားနေရပါတယ်။ တကယ်လို့များ ယူအန်အက်ဖ်စီက မပါလာဘူးဆိုရင်ရော ငြိမ်းချမ်းရေးခရီးစဉ်က ဘယ်လိုဖြစ်မလဲ။

ဖြေ – ကျနော် ထင်တယ်။ ဒီနေရာကျတော့ ၂၀၁၃ ကတည်းက ယူအန်အက်ဖ်စီ အပါအဝင်ပေါ့ ၁၆ ဖွဲ့နဲ့ ဆွေးနွေးလာတာ။ ၂၀၁၄ တနှစ် ဆွေးနွေးတယ်၊ ၂၀၁၅ အောက်တိုဘာမတိုင်မီ စက်တင်ဘာအထိ ဆွေးနွေးတဲ့အချိန်မှာ အန်စီအေအပေါ်မှာ အငြင်းပွားတာ မရှိဘူး။ အချက်အလက်အရ၊ ပြဋ္ဌာန်းချက်အရ အားလုံးက သဘောတူတယ်။

မေး – ယူအန်အက်ဖ်စီက အကုန်လုံး သဘောတူတယ်ပေါ့။

ဖြေ – အကုန်လုံး သဘောတူတယ်။ သဘောတူကြောင်းကိုလည်းပဲ လော့ခီးလာမှာ ကျနော်တို့က ဆုံးဖြတ်ချက်ချပြီးပြီ။ အန်စီအေက သဘောတူထားပြီးပြီ။ လော့ခီးလာ တက်တာ ယူအန်အက်ဖ်စီတင်မကဘူး။ ကျန်တဲ့အဖွဲ့တွေအားလုံး တက်တယ်။ ၁၆ ဖွဲ့၊ ၁၇ ဖွဲ့လောက် တက်တယ်။ အားလုံးက သဘောတူတယ်။ သဘောတူပြီးတော့ လက်မှတ်ထိုးရေး မထိုးရေးကျတော့ တဖွဲ့ချင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်လို့ သတ်မှတ်တယ်။ တပ်ပေါင်းစုက ထိုးမယ်ဟေ့လို့ ပြောလို့ အဖွဲ့ဝင်တွေ လိုက်ထိုးတဲ့ပုံမျိုး မဟုတ်ဘူး။ အဲဒါကျတော့ ကျနော်တို့ ပြန်လွှတ်ပေးလိုက်တယ်။ ဖြည်ပေးလိုက်တယ်ပေါ့။ ထိုးခြင်း မထိုးခြင်းသည် အဖွဲ့အားလုံး ကောင်းတယ်၊ လက်ခံတယ်ဆိုတာ ဆုံးဖြတ်တယ်။ ထိုးခြင်း၊ မထိုးခြင်း တဖွဲ့ချင်းစီ ဆုံးဖြတ်လို့ ဖြည်ပေးလိုက်တော့ တချို့အဖွဲ့က ထိုးမယ်၊ တချို့အဖွဲ့က စောင့်ကြည့်ဦးမယ် ဖြစ်လာတယ်။ မထိုးတာမဟုတ်ဘူး။ စောင့်ကြည့်ဦးမယ်။ အဲဒီစောင့်ကြည့်တဲ့အဖွဲ့တွေက ကျန်ခဲ့တာ။ အဲဒါပါပဲ။

မေး – နိဂုံးချုပ်လေးပေါ့ ခင်ဗျာ။ အခု ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ကြီးခွန်ဥက္ကာအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ – ကျနော် အတိုချုပ်လေး ပြောချင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှည်လျားပါတယ်။ ကြမ်းတမ်းပါတယ်။ ခက်ခဲပါတယ်။ နိုင်ငံတကာအတွေ့အကြုံတွေကို ကြည့်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေးက စတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေက အလယ်မှာ သွားတယ်။ နောက်ဆုံးမှာ ငြိမ်းချမ်းရေးစာချုပ် ခေါ် ပြည်ထောင်စုစာချုပ်လိုမျိုး ချုပ်ကြတယ်။ အဲဒါကျမှ ငြိမ်းငြိမ်းချမ်းချမ်း တကယ်ဖြစ်သွားတာပေါ့။ အဲဒီလို ခရီးရှည်မှာ အနှောင့်အယှက်၊ အဟန့်အတားတွေက အများကြီးရှိပါတယ်။ တချို့တိုင်းပြည်မှာ သေနတ်ပစ်တာတို့၊ ကားဗုံးခွဲတာတို့၊ အစုလိုက် အပြုံလိုက် သတ်တာတို့ လုပ်ကြံမှုတွေ အများကြီး ကျနော်တို့ ကြားဖူးပါတယ်။ လေ့လည်း လေ့လာဖူးပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဒီအခြေခံလောက် သွားနေတဲ့အချိန်မှာ အခုလို ဦးကိုနီ ကျဆုံးတဲ့ကိစ္စမှာ တရားဥပဒေစိုးမိုးရေးလို့ ခေါ်တဲ့ Rules of Law က သေဆုံးသွားပြီ။ သို့တည်းမဟုတ် Peace Progress က ရပ်တန့်သွားပြီ။ ကျိုးပေါက်သွားတယ် ဆိုတာတွေကတော့ လုံးဝ မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး။ ကျနော်တို့က တော်တော်အရှိန်အဟုန်နဲ့ သွားနေတယ်။ ဒါကိုတော့ ပရိသတ်ကို ကျနော် သတင်းပေးချင်ပါတယ်။ စိတ်ချပါ။ ဒီလုပ်ငန်းစဉ်ကတော့ ဘယ်သူမှ အပျက်မခံဘဲ နိုင်ငံသားတွေလိုချင်တဲ့ ငြိမ်းချမ်းရေးကို အဖျက်အမှောင့်တွေ ဘယ်လောက်များများပေါ့။ ရအောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးပါတယ်။

တွေ့ဆုံမေးမြန်းသူ – ခင်သန်း
DVB

No comments:

Post a Comment

Blog Archive