Latest News

Friday, February 24, 2017

ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုအပေါ် ဒေသခံလူထုက စောင့်ကြည့်နေကြပါတယ်

ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုအပေါ် ဒေသခံလူထုက

စောင့်ကြည့်နေကြပါတယ်



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ - ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၁၀ လတာကာလ အတွင်းမှာ ပြည်နယ်ဝန်ကြီးချုပ် တစ်ဦးဟာ သူ့ရဲ့ သဘောဆန္ဒအလျောက် ပထမဦးဆုံးအနေနဲ့ နုတ် ထွက်စာတင်ပါတယ်။

အင်န်အယ်လ်ဒီ ဗဟိုကော်မတီရဲ့ လေ့လာသုံးသပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်း ဦးကို လူတွေ့ခေါ်ယူစစ်ဆေးချိန် မှာတော့ မိခင်ပါတီက နုတ်ထွက်ဖို့ ပြောဆိုလာရင် နုတ်ထွက်သွားမှာဖြစ်တယ်လို့ ဦးမင်းမင်းဦးက သတင်းထောက်တွေကို ပြောဆိုခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ဦးမင်းမင်းဦး တရားဝင်နုတ်ထွက်ကြောင်း ကြေညာပြီးတဲ့ နောက်မှာတော့ အစိုးရတာဝန်ရှိသူတွေက တစ်စုံ တစ်ရာ ရှင်းလင်းပြောဆိုတာ မတွေ့ရသေးပါဘူး။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက “စစ်ဆေးတဲ့သူတွေ လာတုန်းကလဲ သူ့ကို ဘယ်လောက်အရေးယူ မှုရှိတယ်ဆိုတာလဲ မသဲကွဲဘူး၊ နောက်တစ်ခါ တံတားနဲ့ပတ်သက်ပြီးတော့ အောင်ဆန်း နာမည်ပေး လို့ ပြည်သူနဲ့ ပါတီတချို့က မကျေနပ်တာကြောင့်လို့လဲ ပြောကြတယ်၊ အရင်က မြူနီစီပယ်နဲ့ ပတ် သက်ပြီး တာဝန်ယူထားတယ်၊ သူ့ကို ဝန်ကြီးချုပ်ခန့်မယ်လို့ ဘယ်သူမှ မထင်ဘူး၊ သူက နိုင်ငံရေးလောကထဲဝင်တာ သက်တမ်း နည်းတယ်၊ ကြားရသလောက် သူ့မှာ အုပ်စုတိုက်ပွဲရင်ဆိုင်ခဲ့ရတယ်” လို့ ဆိုပါတယ်။

ဦးမင်းမင်းဦးဟာ မွန်ပြည်နယ် ဝန်ကြီးချုပ်ရာထူးအပြင် ပြည်နယ်စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသူ ဖြစ်ပါ တယ်။

ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီး နောက်ပိုင်းမှာ ခွင့်ရက်ရှည်ယူတာ၊ ပြည်နယ် ကော်မတီအဖွ့ ဖွဲ့စည်းရာမှာလည်း ဘက်လိုက်မှုရှိတာ၊ ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးတာမရှိဘူးစတဲ့ အကြောင်းအချက်တွေနဲ့ ဝန်ကြီး ချုပ်တစ်ဦးရဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တချို့ ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေက တိုင်ကြားတာခံခဲ့ရပါ တယ်။ အဲသည်လို တိုင်ကြားခံရတာကြောင့် ဦးမင်းမင်းဦးကို အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီက လေ့လာသုံးသပ်ရေးကော်မတီရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါတယ်။

လုပ်ကိုင်ခွင့်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက သင့်တော်သူတွေကို ဝန်ကြီးချုပ်တွေအဖြစ်ရွေးချယ်တင်မြှောက်ထားနိုင်ခဲ့ပါတယ်။ အဲသည်လို ရွေးချယ် တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်တွေအနေနဲ့ တကယ်တမ်း တာဝန်ထမ်းဆောင်ချိန်မှာတော့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေဟာ လွတ်လွတ်လပ်လပ်ရှိ မနေဘဲ လုပ်ရကိုင်ရ အခက်အခဲ ရှိနေကြတဲ့ အပြင် မပြောရဲ၊ မဆိုရဲ၊ မဆွေးနွေးရဲတဲ့ အနေအထားတွေ ဖြစ်နေပြီး အကြောက်တရားတွေ လွှမ်းမိုးနေတယ်လို့ နိုင်ငံရေးအသိုက်အဝန်းနဲ့ နီးစပ်သူတွေက ဝေဖန်ပြောဆိုပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်ကမွန်ပြည်နယ် ဝန်ကြီး ချုပ် နုတ်ထွက်သွားတဲ့အ ပေါ်မှာ တိကျရှင်းလင်းတဲ့ အဖြေ မျိုးကို အစိုးရနဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ချပြ ပြောဆိုတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဝန်ကြီးချုပ်တစ်ယောက် နုတ်ထွက်တာနဲ့ပတ်သက်ပြီး ပြည်သူတွေ ထင်ထင်ရှားရှားသိဖို့၊ အခု ရေလဲသုံးနေကြတဲ့ ပွင့်လင်းမြင်သာမှုဆိုတဲ့ စကားအတိုင်း ပြည်သူလူထုက ဝန်ကြီးချုပ် တစ်ယောက် နုတ်ထွက်တာကို ဘာ ကြောင့်နုတ်ထွက်တယ်၊ ဘယ်လိုတွေ ဖိအားပေးခံရတယ်၊ နောက်ပြီး ဝန်ကြီးချုပ်တစ်ယောက်ကို ထွက်လောက်အောင် ဘယ်လိုအခြေအနေတွေ၊ ဘယ်သူတွေက ဖန်တီးနေတယ်ဆိုတာကို ပြည်သူလူထုမှာ သိခွင့်ရှိတယ်”လို့ ဦးခိုင် မောင်ရည်က ပြောပါတယ်။

သူက ဆက်ပြီး ‘အပြစ်ရှိတယ် ဆိုရင် ဘယ်လိုအပြစ်မျိုးလဲဆိုတာကိုလဲ ပြည်သူတွေသိခွင့်ရှိတယ်” လို့ ဆိုပါတယ်။

နိုင်ငံရေးအသိုက်အဝန်းနဲ့ နီးစပ်သူတွေကတော့ အစိုးရနဲ့ ပါတီခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့် အနေအထားဟာရောထွေးနေတဲ့ အခြေအနေဖြစ်တာကြောင့် ပြည်သူလူထုအတွက် ရှုပ်ထွေးမှုဖြစ်လာစေတယ်လို့ ထောက်ပြပြော ဆိုကြပါတယ်။

‘ပြည်သူတွေက သူတို့ရဲ့ အသိမှာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာထက် ပါတီခေါင်းကြီးပိုင်းက ပုဂ္ဂိုလ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာက ပိုမြင့်နေတယ်ဆို တဲ့ အမြင်မျိုးရှိနေတယ်ဆိုရင် ဒါ သိပ်ပြီးတော့ မကောင်းဘူး၊ နိုင်ငံ တော်မှာ အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်တယ်၊ အဲဒီအတွက် သမ္မတရဲ့ လုပ်ပိုင်ခွင့် တစ်စုံတစ်ရာအထက်မှာ ဘာမှမသိရ သေးပေမဲ့ ဝန်ကြီးတစ်ယောက် တက်နိုင်ဖို့၊ ဖြုတ်နိုင်ဖို့ဆိုတာကို ပါတီဘက်ကနေ ဆောင်ရွက်နေတာမျိုးရှိခဲ့တယ်ဆိုရင် ပြည်သူတွေ ဝေဝေ၀ါးဝါး အတွေးအခေါ် လွဲမှားတာတွေ ဖြစ်လာနိုင်ပါတယ်”လို့ ဦးခိုင်မောင်ရည်က သုံး သပ်ပါတယ်။

ဥပဒေပြဋ္ဌာန်းထား

နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာ တော်ကို ဖောက်ဖျက်တာ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်တာ၊ အကျင့်သိက္ခာပျက်ပြားတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးရဲ့ အရည်အချင်းပျက်ယွင်းတာ အပါအဝင် ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်နိုင်လို့ရှိရင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် သို့ မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ်မှာ စွပ်စွဲ ပြစ်တင်နိုင်တယ်လို့ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

အဲသည်အချက်တွေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးကို စွပ်စွဲပြစ်တင်လာမယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်တွေက ကိုယ်စားလှယ်တွေဟာ စုစုပေါင်းဦးရေရဲ့ လေးပုံတစ်ပုံရှိတဲ့ ကိုယ်စားလှယ်အရေအတွက်က လွှတ်တော်ဥက္ကဋ္ဌကို တင်ပြရမှာဖြစ်ပါ တယ်။ အဲသည်နောက်မှာ သက် ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းရမယ့် လုပ်ငန်းအပေါ်မူတည်ကာ စုံစမ်းစစ်ဆေးရေးကာလကိုပါ သတ်မှတ်ပေးထားရမှာ ဖြစ်ပါ တယ်။

လုပ်ငန်းဆောင်ရွက်တဲ့အခါ မှာ စွပ်စွဲပြစ်တင်ခံရတဲ့ တိုင်းဒေ သကြီး၊ ပြည်နယ်ဝန်ကြီးချုပ် သို့ မဟုတ် ဝန်ကြီးဟာ ကိုယ်တိုင်ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ ပြန်လည်ချေပခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ် ဦးဦးအပေါ်မှာ စွပ်စွဲပြစ်တင်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်တွေကို လွှတ်တော်ဥက္ကဋ္ဌဆီကို တင်ပြလာ တယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် မှာ တင်ပြရမှာဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်မှုဟာ မှန်ကန်ပြီး စွပ်စွဲခံရသူကို တာဝန်ယူထားတဲ့ရာထူးမှာ ဆက်လက်ထမ်းရွက်ဖို့ မသင့်ဘူးလို့ သက်ဆိုင်ရာ လွှတ်တော်ရှိ ကိုယ်စားလှယ်ဦးရေရဲ့ သုံးပုံနှစ်ပုံက ဆုံးဖြတ်ရင် အဲသည်ဆုံးဖြတ်ချက်ကို လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတဆီကို တင်ပြရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဟာ လွှတ်တော်ဥက္ကဋ္ဌရဲ့တင်ပြချက်ကိုရရင် စွပ်စွဲ ပြစ်တင်ခံရတဲ့ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးကို ရာထူးက ရပ်စဲရမှာဖြစ် ပါတယ်။

အဲသည်စွပ်စွဲပြစ်တင်မှုဟာ မမှန်ကန်ကြောင်း သက်ဆိုင်ရာ လွှတ်တော်က ဆုံးဖြတ်ရင်လည်း အဲသည်ဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတဆီကို တင်ပြရမှာပါ။

စာနဲ့ တင်ပြနိုင်

ပြည်နယ်၊ တိုင်းဒေသကြီး ဝန် ကြီးချုပ် (သို့) ဝန်ကြီးတစ်ဦးဦးဟာ ရာထူးသက်တမ်းမကုန်ဆုံးခင် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးကနုတ်ထွက်လိုရင် နိုင်ငံတော်သမ္မတဆီစာနဲ့တင်ပြပြီး နုတ် ထွက်နိုင်ပါတယ်။

လုပ်ငန်း တာဝန်မကျေပွန်တဲ့ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးကိုလည်း ရာထူးက နုတ်ထွက်ဖို့ နိုင်ငံတော်သမ္မတဟာ ညွှန်ကြားနိုင်ပြီး ညွှန် ကြားခံရသူ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် သို့မဟုတ် ဝန် ကြီးဟာ ညွှန်ကြားမှုကို မလိုက်နာရင် တာဝန်က ရပ်စဲနိုင်တယ်လို့ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက “အစိုးရအဖွဲ့ရဲ့ ဥပဒေမှာ နိုင်ငံရေးပါတီက ဝင်ရောက်စွက်ဖက်တာမပါဘူးပေါ့ နော်၊ ဆိုတော့ ဒါက နိုင်ငံရေးမှာ ဥပဒေပြင်ပ ဝင်ရောက်စွက်ဖက် တာပါ၊ ဥပဒေပြင်ပကိစ္စဖြစ်တဲ့အတွက် အားပေးစရာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနာမ်တူး ဂျာကတော့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်နေ တယ်ဆိုတာဟာ ပြည်သူလူထုနဲ့ ဆန့်ကျင်တာတွေ မဖြစ်အောင် ထိန်းကျောင်းပေးနေတာဖြစ်တယ် လို့ သုံးသပ်ပါတယ်။

သူက “အာဏာရပါတီနဲ့ အစိုး ရက တစ်ခုတည်းကို၊ ပါတီမှာလဲ တာဝန်ရှိတယ်၊ အစိုးရလုပ်တဲ့ အ ပိုင်းတွေမှာလဲ ပါတီကလဲ တာဝန် ရှိတာပေါ့၊ သူတို့ကို ခွဲလို့မရပါဘူး၊ သူတို့က အတူတူလောက်ရှိနေတာကို၊ အခုအစိုးရအဖွဲ့၊  ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာဆိုရင် သူတို့ဟာ အာဏာ ရ ပါတီကပဲလေ၊ သူတို့လုပ်ဆောင် တာတွေက ပြည်သူလူထုနဲ့ ဆန့်ကျင်မနေအောင် ပါတီဘက်ကလဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပဲ၊ ပြောသင့်တာကိုတော့ ပြော ရမှာပဲ၊ ဒါက အာဏာရပါတီတစ်ခု တည်း မဟုတ်ဘူး၊ ဘယ်ပါတီမဆို ရှိနေရမှာဖြစ်တယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲကော်မရှင် က တရားဝင်ကြေညာပြီးချိန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီး သီးက ပြည်သူလူထုကို သူတို့ရဲ့ ဒေသမှာ ငါးနှစ်တာ တာဝန်ထမ်း ဆောင်မယ့် ဝန်ကြီးချုပ်အဖြစ် ဘယ်သူတွေကို မြင်တွေ့လို ကြောင်း မော်ဒန်ဂျာနယ်က မေး မြန်းဖြစ်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက လူထုက သူတို့ မြင်တွေ့လိုတဲ့ ဝန်ကြီးချုပ်တွေကို ပြောဆိုတာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်အများစု ပါဝင်နေပါ တယ်။

ဒါပေမဲ့ အစိုးရတာဝန်လွှဲ ပြောင်းရယူပြီး ၁၀ လတာကာလအတွင်းကို ရောက်ရှိလာပြီဖြစ်ပေမဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အချို့က ဝန်ကြီးချုပ်တွေဟာ ပြည်သူတွေနဲ့ ထိတွေ့မှုနည်းပါးတယ်လို့ ပြောဆိုလာကြပါတယ်။

တိုင်စာတွေ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားစာ ၆၀ ကျော်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အစီရင်ခံစာတင် ပြထားပြီး တိုင်စာ ၁၅ စောင်နီးပါး စစ်ဆေးဖို့ ကျန်ရှိနေသေးတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုလွှတ်တော်ကိုယ်စားလှယ်၊ တိုင်ကြားစာဌာန ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ဇန်နဝါရီလက ပြောပါတယ်။

အဲသည်လို တိုင်ကြားစာဌာန ကို တိုင်ကြားထားတဲ့ တိုင်စာတွေအနက် ပုဂ္ဂိုလ်ရေးရာ ခံစားချက်တွေနဲ့ တိုင်ကြားတာတွေဟာ အများဆုံးတိုင်ကြားမှုတွေ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါ တယ်။

တိုင်ကြားခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ မြို့နယ် ဗဟိုအလုပ်မှုဆောင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာတွေကြောင့် ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းစတဲ့ တိုင်းဒေသကြီးတွေမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဗဟိုအလုပ်မှုဆောင် အဖွဲ့ကို အစီ ရင်ခံထားတဲ့ တိုင်ကြားစာတွေအနက် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးခန့်ကို အရေးယူသင့် ကြောင်း အစီရင်ခံထားတယ်လို့ သိရပါတယ်။

ဒေါ်ညိုညိုသင်းက ‘ပြည်သူလူထုကတော့ ဝန်ကြီးချုပ်တွေက သူတို့ရဲ့ နေ့စဉ်လူမှုရေး၊ စီးပွားရေး ဘဝတွေကို ထင်ရှားတဲ့ ပြောင်းလဲပေးမှုတွေကို ဖန်တီးပေးစေချင်ကြတယ်ပေါ့၊ ဒါပေမဲ့ အခု ထက်ထိ ဝန်ကြီးချုပ်များအပိုင်းက ပြည်သူလူထုအတွက် လူနေမှု ဘဝလိုအပ်ချက်တွေကို မလုပ်ဆောင်သေးဘူးလို့လဲ အသံထွက်လာကြတယ်၊ ဒါကတော့ သုတေ သနတွေ လုပ်ထားတာမရှိတော့ ဘယ်လောက်အထိ လုပ်နိုင်တယ် ဆိုတာကိုတော့ မပြောနိုင်ဘူးပေါ့” လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အနေနဲ့ ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာတွေ၊ လုပ်ကိုင်ဆောင်ရွက်ရတာတွေမှာ ဝန်ကြီးချုပ်တစ်ဦးတစ်ယောက်တည်း တင် ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဦးမနာမ်တူးဂျာက သူ့အမြင် ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြုပြင်ပြောင်းလဲရေးပိုင်း၊ တရားဥပဒေစိုးမိုးရေးပိုင်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့အပိုင်း၊ ဒေသဖွံ့ ဖြိုးရေးအတွက် ဆောင်ရွက်တာတွေမှာ အားနည်းချက်တွေရှိတဲ့ အပြင် စစ်ဘေးရှောင်ပြည်သူတွေဆီကို ရိက္ခာပို့ဆောင်ရာမှာ သွားလာခွင့်ကန့်သတ်ထားတာတွေ ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေအား မလိုအားမရ ဖြစ်နေရပါတယ်။

ဝေဖန်နေကြ

သည်လထဲမှာ ကချင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကချင်အမျိုး သားညီလာခံမတိုင်ခင်က ညီလာခံကျင်းပဖို့ရက်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပခွင့်ရဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေး ညှိနှိုင်းထားခဲ့ပေမဲ့ တကယ်တမ်း ကျင်းပမယ့်နေ့မှာ ခွင့်ပြုချက်မပေးခဲ့ပါဘူး။ ကချင်အမျိုးသား ညီလာခံမှာ ကချင်မျိုးနွယ်စုတွေ အားလုံး လာရောက်ကြမယ် ထင်မှတ်တာကြောင့် ခွင့်မပြုခဲ့တာဖြစ် တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က တုံ့ပြန်လာခဲ့တယ်လို့ သိရပါ တယ်။ ဒါကြောင့် ကျင်းပရေး ကော်မတီဝင်တွေက ဖိတ်ကြား ထားသူတွေသာ လာရောက်မှာ ဖြစ်ကြောင်း ရှင်းပြပြောဆိုပြီးမှသာ ညီလာခံကို အမည်ပြောင်း လဲကျင်းပခွင့်ရတာကြောင့်လည်း ပြည်နယ်အစိုးရအဖွဲ့ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

‘သူတစ်ယောက်တည်း ဆုံးဖြတ်လို့မရတာတွေက တော်တော်လေးများတယ်လေ၊ သူ့မှာ လုပ်ပိုင်ခွင့်အပြည့်အဝမရှိတဲ့ အနေအထားတွေနဲ့လို့ မြင်တယ်၊ ဒါက သူ့ အပြစ်ကြီးပဲ မဟုတ်ပါဘူး၊ အခြေ အနေအရ ဖြစ်ပျက် နေတာတွေကလဲများနေတဲ့အတွက် သူလဲ လုပ်ရကိုင်ရခက်နေမှာပါ၊ ဒီမှာက တပ်ပိုင်းဆိုင်ရာလဲ ရှိနေတယ်ဆိုတော့ အရာအားလုံးကို သူပဲ ဆုံးဖြတ်လို့ မရဘဲ ညှိညှိ နှိုင်းနှိုင်းလုပ်ကိုင်နေရ ပုံရှိပါတယ်”လို့ ဦးမနာမ်တူးဂျာက ပြောပါ တယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်အနေနဲ့ အစိုးရတာ ဝန်ထမ်းဆောင်တာဟာ ရိုးရိုးသားသား ပုံမှန်အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒေါက်တာလင်းထွဋ်ဟာ လူထုနဲ့ ထိတွေ့မှုမရှိတာတစ်ခုတော့ အား နည်းချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူက “များသောအားဖြင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်တွေဟာ အပေါ်က ချပေးတဲ့သူတွေ ဖြစ်တယ်၊ အထူးသဖြင့် ပြည်နယ်တွေမှာတော့ ဝန်ကြီးချုပ်နဲ့ ပြည် သူတွေဟာ သဟဇာတမဖြစ်ဘူး၊ အဲဒီလိုဟနေတဲ့ သဘောပါ၊ တိုင်းဒေသကြီးတွေမှာတော့အဲဒီလိုမတွေ့ရပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နုတ်ထွက်သွားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကလည်း သူတာဝန် ထမ်းဆောင်နေချိန်မှာ တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ တွေ့ဆုံမှု နည်းပါးခဲ့တယ်လို့နိုင်ငွေသိန်းက ပြောပါတယ်။ ဒါပေမဲ့ အဲသည်လို နည်းပါးတာဟာ နိုင်ငံရေး သက် တမ်းနုနယ်သေးတာကြောင့် လည်း ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။

ချမ်းသာ

Kumudra


No comments:

Post a Comment