Latest News

Friday, February 24, 2017

စိတ်ကိုအရစ်ကြောင်းမထင်စေချင်

စိတ်ကိုအရစ်ကြောင်းမထင်စေချင်


လူလတ်ပိုင်းအရွယ် တွေ့ဆုံပွဲတစ်ခုမှာ အမျိုးသမီးတစ်ယောက်က ကျွန်မကိုစိုက်ကြည့်ရင်း “အစ်မမျက်နှာပေါ်မှာ ဘာအရစ်ကြောင်းမှ မရှိသေးဘူးနော်”လို့ဆိုတယ်။

ဆံပင်ညှပ်ဆိုင်သွားရင် ကျွန်မကိုခေါင်းလျှော်ပေးတဲ့ ကောင်မလေးရဲ့လက်က ကြက်သွန်ပင်လေးလိုပဲ နုပြီးလတ်ဆတ်လိုက်တာ။ ကျွန်မခေါင်းကို သူ့လက်ညှိုးလေးတွေနဲ့ တောက်ပေးနေရင်းက ရပ်ပြီး “အန်တီရ အန်တီ့ဆံပင်တွေ မည်းနက်နေလိုက်တာ.. ဆံပင်ဖြူတစ်ပင်မှ မတွေ့မိဘူး”လို့ ချိုချို သာသာဆိုတယ်။

သူစိမ်းမိတ်ဆွေတွေနဲ့တွေ့ဆုံတဲ့အခါ သူတို့က မယုံသင်္ကာနဲ့ ကျွန်မကို ခေါင်းဆုံးခြေဆုံးကြည့်ပြီး .. “သားက တကယ်ပဲ အဲဒီအရွယ်ရှိနေပြီလား.. အစ်မကိုကြည့်ရတာ အသက်သိပ် မကြီးသေးသလိုပဲ””လို့ဆိုတယ်။

ဘယ်လိုမှ အသက်ကြီးတယ်ထင်ရသလဲ ...
ငယ်ငယ်တုန်းက စာစီစာကုံးရေးတဲ့အခါ အမေအကြောင်း ရေးတိုင်း အမေရဲ့မျက်နှာဟာ အရေးကြောင်းတွေ၊ ပါးရေ နားရေတွန့်တွေနဲ့ ပြည့်နှက်တယ်လို့ အမြဲရေးဖြစ်ခဲ့တယ်။ ဆံပင်နက်နက်ကြားမှာ အဖြူရောင်ဆံနွယ်တွေပါအောင်ရေး ဖြစ်ခဲ့တယ်။ ခါးကုန်းတယ်၊ အိုမင်းမစွမ်းဖြစ်တယ်ဆိုတာတွေက အမေ့အတွက်ထည့်ကိုထည့်ရေးဖြစ်ခဲ့တဲ့စာသားတွေဖြစ်တယ်။

လူတွေဟာ အသက်အရွယ်တစ်ခုကိုရောက်တိုင်း အဲဒီ အသက်အရွယ်ရဲ့အမှတ်အသားတွေကို ခတ်နှိပ်လိုက်ကြတယ်။ အသက်အရွယ်တစ်ခုကိုရောက်ရင် လက်သည်းနီ.. မဆိုးရ၊ ဂါဝန်အကြား မ၀တ်ရ၊ ပျော်စရာအရာတစ်ခုအတွက် ပက်ပက် ဟက်ဟက်မရယ်ရ၊ စိတ်အားထက်သန်မှု၊ စိတ်ဝင်စားစိတ်၊ ဆန္ဒပြင်းပြမှုတွေရှိရင်တောင်.. မရှိရ။ ပျော်ပွဲရွှင်ပွဲဆိုရင် မသွားသင့်တော့ဘူး။ ထူးထူးဆန်းဆန်းအရာတွေဆိုရင် သင်နဲ့မဆိုင် တော့ဘူး။ အ၀တ်အစားဆိုရင်လည်း အရောင်တောက်တောက် မ၀တ်သင့်တော့ဘူး။ အပြင်ထွက်ရင် မိတ်ကပ်ထူထူမလိမ်းရ ဘူး။ ဖက်ရှင်ဆိုလည်းသင်နဲ့ဘာမှမဆိုင်တော့ဘူး။ သင့်အတွက် အကောင်းဆုံးက ထိုင်ခုံတစ်လုံးယူပြီး နေရောင်အောက်မှာ ငိုက်မြည်းနေ ဒါမှမဟုတ် ခွေးလေးကြောင်လေးမွေးနေတာပဲ။ ဒီလိုနဲ့ သင်ဟာ တဖြည်းဖြည်း.. တဖြည်းဖြည်း ထောင့်ကိုတွန်း ပို့ခံလိုက်ရတယ်။ ဘယ်သူကမှ သင်ရဲ့ပျော်ရွှင်ဝမ်းနည်းမှုကို ဂရုမစိုက်မိတော့ဘူး။ လောကကြီးရဲ့မေ့လျော့မှုကို သင်ခံရပြီး နောက်ဆုံးမှာ သင့်ကိုယ်သင်မေ့လျော့သွားပါတယ်။

ဒါက ဘာလောဂျစ်လဲ။ အသက်အရွယ်တစ်ခုရောက်လာတာနဲ့ စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှုတွေကို ဘေးဖယ်လိုက်ရတော့မလား။
ကျွန်မကတော့ အဲဒီလိုမဟုတ်ဘူး။ သီချင်းဆိုချင်တဲ့အခါ အကျယ်ကြီး ကျွန်မအော်ဆိုတယ်။ ကခုန်ချင်တဲ့အခါ ကခုန်နိုင် သေးရင် ပတ်ဝန်းကျင်ကိုမေ့ပြီး ကျွန်မကခုန်တယ်။ ကျွန်မ ဆံညှပ်လေးတွေကြိုက်နေသေးတယ်၊ ရင်ထိုး၊ လက်ကောက်၊ ချိတ်ဆွဲလို့ရတဲ့အရာလေးတွေ ကျွန်မကြိုက်နေတုန်းပဲ။ ကျွန်မမှာ စူးစမ်းစွန့်စားစိတ်ရှိသေးတယ်။ ချောက်အနက်တွေထဲ ကျွန်မဆင်းသေးတယ်။ အဲဒီလို ချောက်နက်နက်ထဲဆင်းလို့ပဲ ပန်းတွေပွင့်နေသေးတဲ့ သစ်ပင်အိုတစ်ပင်ကို တွေ့ခဲ့လို့ဝမ်းသာ အားရအော်ဟစ်ခဲ့သေးတယ်။ ရှိသေးတယ်။ ပူစီဖောင်းတွေ ကျွန်မ၀ယ်ထားသေးတယ်။ လုပ်စရာမရှိတဲ့အခါ ကျွန်မ ပူစီဖောင်းမှုတ်နေသေးတယ်။

လူရှင်သန်နေတာက အသက်အရွယ်ကြောင့်မဟုတ်ဘူး။ စိတ်နေစိတ်ထားကြောင့်ဖြစ်တယ်။ စိတ်နေစိတ်ထား မအိုရင် သင်ဘယ်တော့မှ မအိုဘူး။
မှတ်မိပါသေးတယ်.. ကျွန်မ တက္ကသိုလ်တက်တုန်းက အသက်အရွယ်ကြီးတဲ့ဆရာမတစ်ဦးက ကျွန်မတို့ကို သမိုင်းသင်တယ်။ အဲဒီတုန်းက ငယ်ရွယ်နုပျိုတဲ့ကျွန်မက စစချင်းမှာ အဲဒီဆရာမကို မနှစ်သက်ခဲ့ဘူး။ သူ့စာသင်ချိန် သုံးလေးချိန် တက်ခဲ့ဖူးပြီးမှ သူ့ကို ကျွန်မအရမ်းကြိုက်သွားခဲ့တယ်။ သူဟာ ပန်းရောင်တီရှပ်အမြဲဝတ်တယ်။ မျက်ခုံးမွေးဆွဲသလို နှုတ်ခမ်းနီလည်းဆိုးတယ်။ အရမ်းကြည့်လို့လှတယ်။ စာသင်ချိန် သူရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုက ဟန်ပန်အမူအရာအမျိုးစုံတယ်။ ရှေး သမိုင်းတွေပြောတဲ့အခါ ခြေရောလက်ပါမကျန် တစ်ကိုယ်လုံး လှုပ်ရှားပြီး စိတ်ပါလက်ပါ သူပြောတယ်။

စာသင်ချိန်ပြီးတော့ ကျွန်မတို့က သူ့အနားပတ်လည်ဝိုင်းထိုင်ပြီး စကားလက်ဆုံကျ ကြတယ်။ ကျွန်မတို့ကို ဖဲကြိုးဘယ်လိုစည်းရကြောင်း သူသင် ပေးတယ်။ ဘယ်ဈေးဘယ်ဆိုင်မှာ အရမ်းလှတဲ့ လက်ကိုင်အိတ် နဲ့ဖိနပ်တွေရနိုင်ကြောင်း သူပြောပြတယ်။ နွေရာသီရောက်တော့ ကျွန်မတို့နဲ့ သူလိုက်လည်တယ်။ ဈေးထဲမှာ ကြက်မွေးတစ် ချောင်းဝယ်ပြီး ပခုံးပေါ်သူထမ်းတယ်။ လူကြားထဲမှာ ကြက်မွေး တစ်ချောင်းနဲ့ သူလျှောက်သွားတယ်။ ကျွန်မတို့ကလည်း ဘာ မှန်းညာမှန်းမသိ သူ့နောက်လိုက်တယ်။ အဲဒီတုန်းက ပြောမပြ တတ်တဲ့ ပျော်ရွှင်မှုတွေ ကျွန်မတို့ရင်ထဲတိုးဝင်ခဲ့တယ်။ ဈေးက နေထွက်မှ လိပ်ပြာဖမ်းဖို့ ဒီကြက်မွေးကိုဝယ်တာလို့ သူဆိုတယ်။

နှစ်တွေကြာခဲ့ပေမယ့် အဲဒီသမိုင်းဆရာမကိုသတိရမိတိုင်း လူကြားသူကြားထဲမှာ သူရဲ့ကလေးတစ်ယောက်လို ပေါ့ပါး လွတ်လပ်မှုကို ကျွန်မမြင်ယောင်မိတတ်တယ်။ အဲဒီလို မြင်ယောင်မိတိုင်း ကျွန်မပြုံးမိတတ်တယ်။

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မပါးပြင်ပေါ် အရစ်ကြောင်း တွေပေါ်လာမယ်ဆိုတာကိုကျွန်မသိတယ်။ ဆံပင်တွေ တဖြည်း ဖြည်းဖြူလာမယ်ဆိုတာကို ကျွန်မသိတယ်။ ကျွန်မလည်း တစ် နေ့မှာ အိုမင်းရမယ်ဆိုတာကို ကျွန်မသိတယ်။ အချိန်ဆိုတဲ့ ဓားက အဲဒီအရာတွေကို ကျွန်မကိုယ်ပေါ်၊ ကျွန်မပါးပြင်ပေါ် မထွင်းထုဖို့ ကျွန်မတားဆီးထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ ပေမဲ့ ကျွန်မရဲ့စိတ်မှာ အဲဒီအရစ်ကြောင်းတွေ မပေါ်စေလို့ရတယ်။ စိတ်ပျိုရင် ကိုယ်နုတယ်ဆိုတဲ့ စကားလည်းရှိတာပဲ မဟုတ်လား။ ကျွန်မရဲ့တက္ကသိုလ်တုန်းက သမိုင်းဆရာမလို အမြဲတမ်းနုနယ်တဲ့ စိတ်နှလုံးတစ်စုံပိုင်ဆိုင်ပြီး စူးစမ်းစိတ်၊ ရှာဖွေလိုစိတ်၊ ပျော်ရွှင်စိတ်၊ နှစ်သက်စိတ်ကို အမြဲမွေးမြူထားမယ်။

အသက်အရွယ်ကြီးရင့်လာပေမယ့် စိတ်ဓာတ်မအိုမင်းသေးရင် အရာအားလုံးက နုပျိုနေမှာဖြစ်တယ်။ ဒါဟာ ကိုယ့်အတွက်၊ ကိုယ့်နံဘေးကလူတွေအတွက်၊ ဒီကမ္ဘာလောကကြီးအတွက် ပျော်ရွှင်မှုတစ်မျိုးဖြစ်တယ်။ ကလေးတစ်ယောက်ရဲ့ အပြစ် ကင်းတဲ့စိတ်တစ်မျိုးတိုးလာတာဟာ အမုန်းထားရန်လိုတဲ့ စိတ်တစ်မျိုးလျော့သွားစေတယ်။ ဒါသိပ်ကောင်းတယ်မဟုတ်လား။

နိုင်းနိုင်းစနေ ရေးသားသည်။

မူရင်းလင့်--http://www.85nian.net/qinggan

No comments:

Post a Comment