Latest News

Sunday, February 26, 2017

အောင်ဝင်းခိုင် နေပြည်တော်တွင် ခြေရာပျောက်သွားမှု သံသယဖြစ်ဟု ကိုဆွေဝင်းပြော

အောင်ဝင်းခိုင် နေပြည်တော်တွင် ခြေရာပျောက်သွားမှု သံသယဖြစ်ဟု

ကိုဆွေဝင်းပြော

ဦးကိုနီကို သတ်ဖို့ စေခိုင်းသူလို့ ယူဆထားတဲ့ အောင်ဝင်းခိုင်ဟာ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ ပါဝါပွိုင့်ဆလိုက်ရှိုးအရ နေပြည်တော်မှာ ခြေရာပျောက်သွားတာဖြစ်ပြီး ဒီအချက်ဟာ အင်မတန်အံ့သြစရာ ကောင်းတယ်လို့ မြန်မာနောင်း သတင်းဌာနက ကိုဆွေဝင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့က အောင်ဝင်းခိုင် နေပြည်တော်မှာ ခြေရာပျောက်သွားတာပဲ တင်ပြခဲ့ပြီး အောင်ဝင်းခိုင် ဘယ်ရောက်သွားလဲဆိုတာ ရှင်းမပြခဲ့သလို သတင်းထောက်တွေကလည်း မေးခွင့် မသာခဲ့ကြပါဘူး။

ရာဇ၀တ်သားလို့ သတ်မှတ်ထားသူတယောက် နေပြည်တော်ကို ဘာလို့ ထွက်ပြေးတာလဲလို့ ကိုဆွေဝင်းက မေးခွန်းထုတ်ပါတယ်။

“ရာဇ၀တ်မှုကျူးလွန်တဲ့ ရာဇ၀တ်သမားက နေပြည်တော်ကို ပြေးမလား၊ နေပြည်တော်ဆိုတာ သွားလာရ လှုပ်ရှားရ အင်မတန်ခက်ခဲတယ်၊ လုံခြုံရေးလည်း အင်မတန် မြင့်တယ်၊ နောက်ပြီးတော့ ပုန်းခိုဖို့ ရွှေ့ပြောင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စလည်း မဟုတ်ဘူး။ အင်မတန် ကြီးမားတဲ့ ရာဇ၀တ်မှုကို ကျူးလွန်ပြီးတော့မှ နေပြည်တော်ကို သွားတယ် ဆိုကတည်းကိုက ဒါ အင်မတန် သံသယ ဖြစ်စရာကောင်းတဲ့ အချက်အလက်ပေါ့။ အဲဒီကနေပြီးတော့မှ အောင်ဝင်းခိုင်ဟာ မကွေးကို သွားဖြစ် မဖြစ် ဆိုတာလည်း ဘာမှ မပြောဘူး၊ အောင်ဝင်းခိုင်ဟာ နေပြည်တော်ကနေပြီးတော့မှ နေပြည်တော်မှာ အောင်ဝင်းခိုင်ကို ဘယ်လိုလိုက်လံ ဖမ်းဆီးတယ်ဆိုတာလည်း ရဲတပ်ဖွဲ့က မပြောဘူး။”
ရဲတပ်ဖွဲ့ ဆလိုက်ရှိုး ဖော်ပြချက်အရ ဇန်န၀ါရီ ၂၉ ရက်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ ရန်ကုန်၊ ရွှေဘုန်းပွင့်ဘုရားမှာ တွေ့ကြပြီး အောင်ဝင်းခိုင်က ဦးကိုနီလုပ်ကြံသူဟာ သူခိုင်းတဲ့လူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အောင်ဝင်းခိုင်က သူ မကွေး သို့မဟုတ် နေပြည်တော်ကို သွားချင်တယ်ဆိုတာကြောင့် နောက်တရက် ဇန်န၀ါရီ ၃၀ ရက်မှာ ဇေယျာဖြိုးပိုင် ရောင်ဝါဖြိုးကုမ္ပဏီက ဒါရိုက်တာ ရဲထွဋ်လှိုင် ဆိုသူက အောင်ဝင်းခိုင်ကို ကားနဲ့ နေပြည်တော်ခေါ်သွားတယ်။

နေပြည်တော်ရှိ ရောင်ဝါဖြိုးကုမ္ပဏီရုံးခန်းရောက်တော့ အောင်ဝင်းခိုင်က သူ့ဖုန်း ၂ လုံးနဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။

အဲဒီနောက် မကွေးသွားဖို့ နေပြည်တော်မြို့မဈေးကားဂိတ်ကို လိုက်ပို့ရာမှာ ပရဆေးဥယျာဉ်ရှေ့ရောက်တော့ အောင်ဝင်းခိုင်ကို လူတယောက်လာခေါ်မယ်ဆိုတာကြောင့် အောင်ဝင်းခိုင် ကားပေါ်က ဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနောင်းသတင်းဌာနက ကိုဆွေဝင်းကတော့ ရာဇ၀တ်သားလို့ ယူဆထားသူတယောက် နေပြည်တော်မှာ အစပျောက်သွားတာကို ချပြခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးကို ကျေးဇူးတင်တယ်၊ ဒီအမှုကို သူ့ကို ဆက်လိုက်လို့ ဆိုသွားသလိုပဲလို့ သူ့ အင်တာနက်စာမျက်နှာမှာ ရေးသားပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေရဲ့ လွှတ်တော်ကိုယ်စားလှယ်မို့၊ သံဃာတော်မို့ မပတ်သက်နိုင်ဘူးလို့ ပြောသွားတာတွေကိုလည်း သူ လက်မခံကြောင်း ကိုဆွေဝင်းက ပြောပါတယ်။

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ စိတ်မကောင်းစရာတခုက ဒါနဲ့ပတ်သက်ပြီးတော့ ပတ်သက်နိုင်တဲ့သူတွေကို ထိထိရောက်ရောက် စစ်ဆေးတယ်ဆိုတဲ့ကိစ္စကို သေချာမရှင်းပြဘဲနဲ့ ဒီလူကတော့ လွှတ်တော်အမတ်မို့လို့ ရာဇ၀တ်မှုကို မကျုးလွန်နိုင်ပါဘူး၊ သံဃာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအမှုမျိုးနဲ့ မပတ်သက်နိုင်ပါဘူးဆိုတာကို ပြောတာကိုက တော်တော်လေးကို အကျည်းတန်တယ်၊ ဒီလူကတော့ မပါနိုင်ပါဘူးဆိုတာကို သူ့မှာ ပြောဆိုခွငိ့လည်း မရှိပါဘူး။”

DVB

No comments:

Post a Comment