Latest News

Wednesday, February 22, 2017

ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည်

ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည်
======
=======================
သရ၀ဏ်(ပြည်)

လူသတ်မှုတစ်ခုတွင် တရားခံ၏ဖော်ပြချက်အရ အခင်းဖြစ်ပွားရာတွင်အသုံးပြုခဲ့သော ပစ္စတိုသေနတ်နှင့်ငါးလုံးပြူးသေနတ်များကို ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကမ်းမှသွားရောက်ဝယ်ယူခဲ့ကြောင်းသိရသည် ။ သေနတ်တစ်လက်အတွက်ကျပ် ၂၅ သိန်းခန့် ပေးရကြောင်းသိရသည် ။ ကျည်ဆန်အတွက်လဲငွေပေးခဲ့ရဦးမည် ။ ကျည်တစ်တောင့်လျှင်အောက်ထစ် မြန်မာငွေ တစ်ထောင်ကျပ်လောက်တော့ပေးရမည် ။ မှောင်ခိုဈေးမို့ ဈေးကြီးပေးရခြင်းဖြစ်မည် ။ သို့ မဟုတ် သေနတ်ရလာသော နေရာကို မပြောချင်သဖြင့် မှောင်ခိုဈေးကွက်ကို လွှဲချခြင်းလည်း ဖြစ်နိုင်သည် ။အော်သေနတ် တစ်လက်ဟာ သိန်းအစိတ် (၂၅ သိန်း) တန်ပါလားဟု ကျွန်တော်တွေးနေမိသည် ။ အစိုးရက တရားဝင် လက်နက်စက်ရုံဖြင့် ထုတ်လုပ်သော သေနတ်တစ်လက်သည် ဘယ်လောက် ကျသင့်မှာပါလိမ့် ။ မှောင်ခိုဈေးကွက် ထက်တော့ သက်သာမည် ဖြစ်သည် ။ ကျည်ဆန်တွေ ၊အမြောက်တွေ ၊ လောင်ချာတွေ ၊ မြေမြုပ်မိုင်းတွေ ၊ တိုက်လေယာဉ်တွေ ။ ဒါတွေအတွက် ငွေကတော့ အတော်ကုန်မည့် သဘောရှိသည် ။ ဘယ်ရွေ့ ဘယ်မျှကုန်သည်ဟူ၍တော့ ကျွန်တော်တို့လည်း ဘတ်ဂျက် အသေးစိတ် မကြည့်ရသဖြင့် သိနိုင်ခြင်းမရှိ ။ ၀န်ကြီးဌာနများ၏ အသုံးစာရိတ်နှင့် ပြည်ပ ကြွေးမြီ အသေးစိတ်ကို သိလိုလျှင် သက်ဆိုင်ရာ ၀န်ကြီးဌာနကိုသာ တိုက်ရိုက်မေးပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်မှာ လာဖြေသွားသည် ။ စစ်ပွဲတွေကြောင့် ငွေတွေ ဘယ်လောက် ကုန်နေပြီလဲ ဟူသော မေးခွန်းမျိုးကား လွှတ်တော်တွင် မေးရဲကြမည် မထင် ။ မေးခဲ့လျှင်လည်း လွှတ်တော် ဥက္ကဌကြီးက ခွင့်ပြုမည်မထင် ။ တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့တွေကရော လက်နက်တွေ ဘယ်ကရသလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းသည် ။ သူတို့လဲ မှောင်ခိုဈေးကွက်ကပဲ ၀ယ်သလား ။ ဒါမှမဟုတ် လက်နက်နှင့် ကျွန်းသစ် လဲတာလား ၊ လက်နက်နှင့် ကျောက်စိမ်းတုံးတွေ လဲသလား ၊ လက်နက်နှင့် မူးယစ်ဆေးဝါးတွေ လဲသလား ။ သေနတ်တစ်လက်ကို သိန်းအစိတ်နဲ့ပဲ ၀ယ်ရတာလား ။ သူ့ထက်ပို၍ ဈေးကြီးသလား ။တပ်သားတစ်ယောက်ကို သိန်းအစိတ် သုံးဆယ် ခန့်တန်သော လက်နက်တပ်ဆင်ထားလျှင် တပ်သားတစ်ထောင် ရှိသောအဖွဲ့ တွင် လက်နက်အတွက်ချည်း သိန်း နှစ်သောင်းခွဲ ရှိပေလိမ့်မည် ။လူတစ်ယောက်ကိုသိန်းအစိတ် ။ လူတွေသိန်းနှင့် ချီလာလျင် သိန်းတွေ သိန်းချီ ကုန်ကျပေလိမ့်မည် ။ မြေမြှုပ်မိုင်းတို့  ၊ RPG ဗုံးသီးတို့  ၊လောင်ချာတို့  ၊ လက်ပစ်ဗုံးတို့  ၊ လက်နက်ကြီး တို့ ပါထည့်တွက်လျှင် ကုန်ကျငွေက နှစ်ဘက်စလုံး ကြောက်ခမန်း လိလိဖြစ်သည် ။ လူနှစ်ဆယ်စီပါသောအဖွဲ့ တစ်ဖွဲ့ နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်ကြသောကုန်ကျစားရိတ်သည် စာသင်ကျောင်း ကောင်းကောင်း တစ်ကျောင်း ဆောက်လို့ရသည် ။ တိုက်ပွဲကြီး တစ်ပွဲ၏ ကုန်ကျစားရိတ်သည် ဆေးရုံ ကောင်းကောင်း တစ်ခုဆောက်လို့ရသည် ။ ကျည်ဆန်တစ်တောင့်သည်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်မိသားစုတွေအတွက် ဆန်တစ်ပြည်ရနိုင်သည် ။မြန်မာနိုင်ငံတွင် တနေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းကိုရှာဖွေစားသောက်နေရသောသူများစွာရှိသည် ။မနက်စာစားပြီးလျှင်ညစာဘယ်တော့စားရမည်ဆိုတာမရေရာသော ဘ၀တွေများစွာရှိသည် ။

   ဥရောပတွင်နေထိုင်ပြီး မြန်မာဧည့်သည်များကို ဧည့်လမ်းညွှန်လိုက်ပြနေသော သူငယ်ချင်းတစ်ယောက်ကပြောဖူးသည် ။ မြန်မာပြည်မှဥရောပသို့ လူတစ်ယောက်လျှင် ဒေါ်လာ ငါးထောင် ၊ ခြောက်ထောင် ၊တစ်သောင်းအထိ အကုန်ခံကာ လာလည်ကြသော ဒိတ်ဒိတ်ကျဲခရိုနီသူဌေးများအကြောင်းဖြစ်သည် ။ ထိုသူများသည် နာမည်ကြီးသူဌေးကြီးတွေဖြစ်သော်လည်း ခရီးစဉ်အတွင်းအချိန်လေးစားခြင်းမရှိ ၊ ကားထဲမှာအမှိုက်တွေဖွချင်လည်းဖွသွားသည်တဲ့ ။ နိုင်ငံခြားထုံးစံ ဘောက်ဆူး ( Tip ) ပေးဖို့ကျတော့လည်း မသိချင်ယောင်ဆောင်နေကြသည်တဲ့ ။ ဘယ်သူ့ ကိုမှမသထာတဲ့  ။ သူတို့အတွက်ကျ သိန်း အစိတ် ၊ သိန်းသုံးဆယ်တန်သော လက်ကိုင်အိတ်များကိုပင် ဆယ်လုံးခန့် ပက်ကနဲဝယ်ကြပါသတဲ့ ။ အပေါ်ယံအသုံးအဆောင်ရုပ်ဝတ္တုတွေအပေါ်မှာ အင်မတန်တပ်မက်ကြလေသတဲ့ ။သူတို့ခရီးဆောင်အိပ်ကိုသယ်ဖို့ပင် ဥရောပသို့ လူတစ်ယောက်သပ်သပ် ခေါ်လာပါသတဲ့။ အော်ဗဟုသုတရပြန်သည် ။

သစ်တွေခုတ်ကာချမ်းသာလာသောသူဌေးတစ်ယောက်၊ကျောက်တွေတူးကာချမ်းသာလာသည့်သူဌေးတစ်ယောက်သည် သိန်းအစိတ်တန် လက်ကိုင်အိပ်ကိုလည်း ဆယ်လုံးမက၀ယ်ချင်ဝယ်ပေမည် ။ဝယ်နိုင်သည့်ပိုက်ဆံရှိပေတာကိုး။  အိတ်တစ်လုံးသိန်းအစိတ် ၊ သေနတ်တစ်လက်သိန်းအစိတ် ၊ ဆန်တစ်ပြည်ကိုတော့ ငွေတစ်ထောင်သာရှိသည် ။ထိုတစ်ထောင်တန်ဆန်တစ်ပြည်ကို ၀၀လင်လင် လိုသလောက်မစားနိုင်သောသူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေသည် ။ သစ်ပင်တွေဗုံးကနဲဗုံးကနဲလဲကျသွား၊ သေနတ်ကျည်ဆန်တွေ တဒိုင်းဒိုင်းပစ်ကြသည်ကို ဆန်မရှိသောဆန်အိုးဟောင်းလောင်းအား၊ ပါးစပ်ဟောင်းလောင်း ဗိုက်ဟောင်းလောင်းဖြင့်ကြည့်နေရသော ကလေးများ ၊ ကလေးမိခင်များ၊သက်ကြီးရွယ်အိုများကိုသနားဖို့ကောင်းသည် ။ လက်ကိုင်အိတ်တစ်လုံးလောက်လျော့ဝယ်ပြီး ကလေးတွေစားဖို့ဆန်တွေပေးကြပါလား ၊ သေနတ်တစ်လက်လောက်လျှော့လိုက်ပြီး အဟာရရှိမယ့်အစားအစာလေးတွေဝေငှလိုက်ပါလား ။ ကျည်ဆန်တစ်တောင့်စီလျှော့ပစ်ကြပြီး ဆန်တစ်ပြည်စီဝေပေးလိုက်ကြပါလား ။ လက်ကိုင်အိတ်နဲ့သေနတ်မရှိတော့ရောလောကကြီးက လှပနေတာပဲမဟုတ်လား ။ လူသတ်လက်နက်တွေနေရာမှာ စားစရာဆန်တွေ ဆီတွေ၊ကျောင်းစာအုပ်တွေ ၊ ကစားစရာတွေ ၊ဆေးဝါးတွေ၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေရောက်ပါစေသော်(၀်) ။

သရ၀ဏ်(ပြည်)

No comments:

Post a Comment