Latest News

Thursday, February 9, 2017

အောင်မင်္ဂလာအဝေးပြေးကားဝင်း ၀င်ပေါက် (၄) အနီးရှိ ချောင်းရိုး အတွင်း အမျိုးသားအလောင်း တွေ့ရှိ

အောင်မင်္ဂလာအဝေးပြေးကားဝင်း ၀င်ပေါက် (၄) အနီးရှိ ချောင်းရိုး

အတွင်း အမျိုးသားအလောင်း တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်း ၀င်ပေါက် (၄) အနီးရှိ ချောင်းရိုးအတွင်း၌ ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးခဲ့သည့် အမျိုးသားမှာ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၄၀ နှစ်အရွယ်ဖြစ်ပြီး ၎င်းသည် ဆိုက္ကားနင်းသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“သတင်းရတာတော့ မနက် ၁၀ ခွဲ လောက်မှာပါ။ ရေနစ်သေတာပါ။ သုံးရက်လောက် ရှိပြီလို့ ခန့်မှန်းရတယ်။ သူက အိမ်မှာလည်း မနေဘူး။ အရက်လည်း သောက်တယ်။ ဆိုက္ကားနင်းတယ်လို့ သိရပါတယ်”ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သည့် အမျိုးသားတွင် ပြင်ပဒဏ်ရာ မရှိကြောင်းနှင့် ရေနစ်သေဆုံးပြီး ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စတွေ့တာကတော့ အင်္ကျီစကို တွေ့တာပါ။ ပြီးတော့ သွားကြည့်တော့ လူသေပေါ်နေတာနဲ့ ဒီနားကလူကြီးတွေကို ပြောလိုက်တယ်။ လူကြီးက အကြောင်းကြားလိုက်ပြီး ရဲတွေနဲ့ ကယ်တဲ့သူတွေ ရောက်လာပါ တယ်။ ရေထဲပြုတ်ကျပြီး သေတာလား မသိဘူး။ သူ့ကိုလည်း မမြင်ဖူးပါဘူး” ဟု လူသေအလောင်းပေါ်ခြင်းကို မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက  ပြောကြားသည်။

“ကုန်းပေါ်မှာ ရဲတွေနဲ့ စစ်ချက်လုပ်ပါတယ်။  ဒဏ်ရာ ပါ မပါ စစ်ချက်လုပ်ပြီးတော့ အလောင်းကို ပုလဲ အရန်မီးသတ်က လူနာတင်ယာဉ်နဲ့ မေဒါဝီဆေးရုံကို ပို့တယ်။ တာဝန်ကျ ဆရာဝန်နဲ့ အလောင်းကို ဆက်စစ်ပြီး PR ၃၄ နဲ့ ရေခဲတိုက်ထဲကို ပို့ခဲ့ပါတယ်။ ပြင်ပဒဏ်ရာတွေ မရှိဘူး။ ခြေထောက်မှာ ရှထားတဲ့ ဒဏ်ရာလေးတစ်ခုပဲ တွေ့ပါတယ်။ ပုပ်တာကလည်း အရမ်းဆွေးမြေ့အောင် ပုပ်တာတော့ မဟုတ်သေးဘူး။ အရေပြားလှန်တဲ့အဆင့်လောက်ပဲ။ သူကတော့ အရက်သောက်တယ်။ စိတ်ပိုင်းဆိုင်ရာ နည်းနည်းရှိတယ်လို့ သူ့မိန်းမကပြောပါတယ်။ သူ့မိသားစုလည်း လိုက်လာတယ်။ ဒီအတိုင်းမူးရင်းနဲ့ ပြုတ်ကျတယ်လို့ ယူဆတယ်။ ရင်ဘက်တို့ ဘာတို့မှာ တစ်ယောက်ယောက်ကြောင့် ဒဏ်ရာတွေ လက်သီးနဲ့ ထိုးထားတဲ့ဒဏ်ရာတွေ မတွေ့ရပါဘူး။ သူ့ဘာသာသူ မူးပြီး ပြုတ်ကျတဲ့သဘောတော့ တွေ့ရတယ်”ဟု ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့ မှ ဒုတိယတပ်ခွဲမှူး ကိုထင်လင်းအောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၇) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပြီး အလောင်းအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Writer:
ပြည့်ဖြိုးအောင်
Eleven Media Group

No comments:

Post a Comment