Latest News

Thursday, February 9, 2017

တစ်ကျော့ပြန် ခြိမ်းခြောက်လာသည့် ၀က်သက်ရောဂါ

တစ်ကျော့ပြန် ခြိမ်းခြောက်လာသည့် ၀က်သက်ရောဂါ



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ အင်းစိန်၊ တွံတေး၊ ကြည့်မြင်တိုင်နှင့် သာကေတမြို့နယ်တို့တွင်၂၀၁၆ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်နှင့်၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ၁၅ နှစ်အောက်အရွယ် ကလေးများတွင် ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း၊ ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုကြောင့် မြို့နယ် ငါးမြို့နယ်တွင် လူနာစုစုပေါင်း ၁၂၀ ခန့် ရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးလူနာ မရှိခဲ့ကြောင်း၊ ရောဂါဖြစ်ပွားသူများအနက် ၁၅ နှစ်အောက် ကလေးများတွင် အများဆုံးဖြစ်ရာ အသက် ၂၀ နှင့်အထက် လူနာများလည်းရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုများကြောင့် ယင်းမြို့နယ် ငါးမြို့နယ်ရှိ အသက် ကိုးလမှ ၁၅ နှစ်အတွင်း ကလေးများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီ ၆ ရက်မှ ၂၀ ရက်အထိ ၀က်သက်ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“၀က်သက်ရောဂါ ကပ်အသွင်ဖြစ်တာက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာနဲ့ ဒီနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဖြစ်ခဲ့တာပါ။ ကျန်းမာရေးဌာနက ၀က်သက်ကို ပုံမှန်ကာကွယ်ဆေး တစ်ခုအနေနဲ့ ထိုးပေးနေပေမယ့် ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေးတွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ကာကွယ်ဆေးထိုးစဉ်က ဆေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့ ကလေးတွေမှာ ကာကွယ်ဆေး မရတာမျိုးတွေ ရှိတယ်။ ဒီတော့ ဆေးမထိုးလိုက်ရတဲ့ ကလေးတွေ များလာတယ်။ ဒီလိုများလာတဲ့အခါ ရောဂါက ကပ်အသွင် ဖြစ်လာတတ်တယ်။ တွေ့ရှိရသလောက် သုံး လေးနှစ် တစ်ကြိမ် ဒီလိုကပ်အသွင် ဖြစ်တတ်ပါတယ်။ အခု ရောဂါဖြစ်ခဲ့တဲ့နေရာတွေကို ကာကွယ်ဆေးထိုးပေးတယ်ဆိုတာ ရောဂါကူးစက်မှုတွေ ဆက်မဖြစ်အောင် ထိုးပေးတာပါ။ ဒီလို အစုလိုက် ထိုးပေးတာမျိုးဆိုရင် အရင်က ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ မဖြစ်မနေ မပျက်မကွက် လာထိုးဖို့ လိုပါတယ်။ ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးအစီအစဉ်ကို ဖေဖော်ဝါရီ ၆ ရက်နေ့ ကတည်းက စလုပ်ခဲ့တယ်။ လက်ရှိအထိဆိုကာ ကွယ်ဆေးထိုးပြီးသူ ဦးရေ ၃၀၀၀ ကျော် ရှိပါပြီ။ ကြည့်မြင်တိုင်မြို့နယ်မှာ ၀က်သက်ဖြစ်ပွားခဲ့သူ ငါးဦးရှိခဲ့တယ်။ အဲဒီငါးဦးမှာ အသက်လေးနှစ်က တစ်ဦး၊ ခုနစ်နှစ်က တစ်ဦးနဲ့  ၁၅ နှစ်အထက်က သုံးဦးဖြစ်ခဲ့ပြီး သေဆုံးသူ ဦးရေမရှိခဲ့ပါဘူး။ သိရသလောက် အခြားမြို့နယ်လေးခုမှာလည်း သေဆုံးလူနာ မရှိခဲ့ပါဘူး။ အခုလူနာအားလုံးက သက်သာနေပါပြီ။ ရောဂါထပ်ဖြစ်တဲ့သူတွေလည်း မတွေ့တော့ဘူး။ အခုလက်ရှိတော့ ကိုးလကနေ ၁၅ နှစ်အတွင်း ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးနေပြီး ဖေဖော်ဝါရီ ၂၀ ရက်အထိ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ကြည့်မြင်တိုင်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာခင်မောင်လွင်က ပြောကြားသည်။

အစုလိုက် ၀က်သက်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း လုပ်ဆောင်ရခြင်းမှာ ကလေးအသက် ကိုးလအရွယ်တွင် ပထမအကြိမ် စတင်ထိုးပေးသော ၀က်သက်ရောဂါကာကွယ်ဆေးသည် ကာကွယ်ဆေးထိုးပြီး ကလေးများ၏ ၈၅ ရာခိုင်နှုန်းကိုသာ ကာကွယ်မှုပေးပြီး ကျန်ကလေး ၁၅ ရာခိုင်နှုန်းသည် ရောဂါကာကွယ်မှု မရနိုင်ကြောင်း၊ ထိုကဲ့သို့ ရောဂါကာကွယ်မှု မရနိုင်သော ကလေးများသည် ကာလတစ်ခုအတွင်း စုပြုံလာပြီး အရေအတွက်များလာကာ ထိုအခါတွင် ၀က်သက်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပေါ်တတ်ခြင်းကြောင့် ကလေးများကို အစုလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်းအား တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးကို အသက်ကိုးလမှ ၁၅ နှစ်အရွယ် ကလေးလူငယ်တိုင်း ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ၊ ၀က်သက်ရောဂါ ပေါက်ဖူးသည်ဖြစ်စေ၊ မပေါက်ဖူးသည်ဖြစ်စေ ယောက်ျားလေး၊ မိန်းကလေးများအားလုံး ထိုးနှံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁၊ ၂၀၁၂ ခုနှစ်များ တွင် ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၈ နှစ်မှ အသက် ၂၀ ခန့်အုပ်စုများ၌ ၀က်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှု ၁၅ ကြိမ်ဖြစ်ခဲ့ကြောင်း၊ နယ်စပ်ဒေသ၊ ကာကွယ်ဆေးထိုးနှံမှု အားနည်းခဲ့သော ဒေသများ၌ ဖြစ်ပွားသေဆုံးမှုများပင် ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဝက်သက်ရောဂါသည် ၀က်သက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အလွန်ကူးစက်မြန်၍ ပြင်းထန်သော နောက်ဆက်တွဲရောဂါများ ဖြစ်စေသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခန္ဓာကိုယ်အနှံ့အပြားတွင် အနီစက်၊ အနီရောင်အပိမ့်များ ထွက်ခြင်း (အရည်ကြည်ဖုများ မဟုတ်ပါ)၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီလျက် မျက်ဝတ်ထွက်ခြင်းတို့ ဖြစ်တတ်ပြီး ၀က်သက်ရောဂါဖြစ်ပွားပြီးနောက် အဆုတ်ရောင်ခြင်း (နမိုးနီးယား)၊ ၀မ်းလျှောဝမ်းပျက် ဖြစ်ပွားခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားတတ်ပြီး အသက်သေဆုံးနိုင်ကြောင်း သိရသည်။

ရောဂါဖြစ်နေသော လူနာများနှင့် အနီးကပ်ထိတွေ့ခြင်း၊ နှပ်၊ ချွဲသလိပ်များကို ထိတွေ့ခြင်းဖြင့်လည်း ကူးစက်နိုင်ပြီး ရောဂါပိုးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားသူများသို့ ကူးစက်တတ်သည်။ အနီကွက် အဖုအပိမ့်များမထွက်မီ လေးရက်နှင့် ထွက်ပြီး လေးရက်ကာလတွင် လူနာထံမှ ရောဂါကူးစက်နိုင်သဖြင့် ရောဂါရှိသောလူနာနှင့် ထိတွေ့ကူးစက်ပြီး ၁၀ ရက်မှ ၁၂ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ခံစားရကြောင်း၊ ဦးဆုံးလက္ခဏာမှာ အပြင်းဖျားခြင်းဖြစ်ပြီး နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ မျက်စိနီခြင်းများ ဖြစ်ပေါ်တတ်ရာ ပါးစောင်အတွင်း အဖြူစက်များ ထွက်လာတတ်ကြောင်း သိရသည်။

“ရောဂါ ကူးစက်ခံရပြီး ရက်နည်းနည်း ကြာတဲ့အခါ အနီကွက် အဖုအပိမ့်တွေ ထွက်လာမယ်။ မျက်နှာဆံပင်အစပ်က စပြီး ထွက်လာတတ်တယ်။ သုံးရက်လောက်ကြာရင် အကွက်တွေက ရင်ဘတ်၊ ၀မ်းဗိုက်ကြောကို ပြန့်သွားပြီး ခြေလက်အထိ ရောက်သွားတတ်တယ်။ ငါးရက်၊ ခြောက်ရက်လောက်အကြာဆို တစ်ကိုယ်လုံးအနှံ့ ၀က်သက်ပေါက်ပြီးနောက် အနီရောင်အကွက်တွေက အရောင်မှိန်ပြီး ပျောက်သွားတာမျိုးပါ။ ၀က်သက်ရောဂါက နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်တတ်တဲ့အတွက် သတိထားဖို့လိုပါတယ်။ မျက်စိကွယ်တာ၊ ဦးနှောက်ရောင်ရမ်းတာ၊ ပြင်းပြင်းထန်ထန် ၀မ်းလျှောတာ၊ နားပြည်ယိုတာ၊ နမိုးနီးယား စတဲ့ရောဂါတွေကို ဆက်ဖြစ်တတ်ပြီး ငါးနှစ်အောက် ကလေးတွေမှာ နောက်ဆက်တွဲဖြစ်တဲ့ရောဂါတွေက ပိုဖြစ်တတ်ပါတယ်” ဟု ကလေးအထူးကုဆရာဝန် ဒေါက်တာစည်သူက ပြောကြားသည်။

ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးထားသော ကလေးငယ်များသည် ၀က်သက် နှင့် အခြားနောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်သည့်အန္တရာယ် အများဆုံးရှိနိုင်ကြောင်း၊ ၀က်သက်ရောဂါ မဖြစ်ဖူးသေးသော သူများလည်း ကာကွယ်ဆေး မထိုးရသေးပါက ရောဂါဖြစ်နိုင်ခြေရှိကြောင်း၊ ရောဂါပြင်းထန်ပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကလေးအထူးကုဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။

ကလေးအသက် ကိုးလတွင် တစ်ကြိမ်၊ တစ်နှစ်ခွဲတွင် ဒုတိယအကြိမ် ၀က်သက်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်၊ မန္တလေး၊ မကွေး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၀က်သက်ရောဂါဖြစ်ပွားမှု များလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကပ်ရောဂါအသွင် ဖြစ်နိုင်ခြေရှိခြင်းကြောင့် ရောဂါကာကွယ်ဆေးများကို တစ်နိုင်ငံလုံး၌ အစုလိုက် တစ်ပြိုင်နက် ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံရာတွင် ကျောင်းအခြေပြု နှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ဟူ၍ အစီအစဉ်နှစ်ရပ်ခွဲ၍ လုပ်ဆောင်ခဲ့ကြောင်း၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ က ငါးနှစ်မှ ၁၅ နှစ်အကြား ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီက ကိုးလမှ ငါးနှစ်အကြား ကလေးငယ်များနှင့် ပထမအကြိမ်တွင် ဆေးထိုးရန် ကျန်ရှိသော ကလေးများအားလုံးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် အစိုးရ၊ ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် တက်ရောက်နေသော (ကျောင်းအပ်စာရင်းသွင်းထားသော) မူလတန်း၊  အလယ်တန်း၊ အထက် တန်းများမှ ကျောင်းသားများအနက် အသက် ၁၅ နှစ် မကျော်သော (၁၅နှစ်တင်းတင်း ပြည့်သူအပါအ၀င်) ကျောင်းသူ ကျောင်းသားများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် လူထုအတွင်းရှိ အသက်ကိုးလမှ ၁၅ နှစ်အထိ ကျောင်းမနေသော ကလေးများ နှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေး မထိုးလိုက်ရဘဲ ကျန်ခဲ့သောကလေးများကို အစုလိုက် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ကလေးငယ်များအတွက် ဘီ၊ စီ၊ ဂျီ ကာကွယ်ဆေး၊ ဆုံဆို့ကြက်ညှာ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်တို့ အတွက် မေးခိုင်ရောဂါကာကွယ်ဆေးတို့ဖြင့် စတင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပိုလီယိုအစက်ချ ကာကွယ်ဆေးနှင့် ၀က်သက်ရောဂါ ကာကွယ်ဆေး၊ ပထမအကြိမ်ထိုးနှံခြင်းတို့ကို တိုးချဲ့ထည့်သွင်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၀က်သက်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဆက်လက်တိုးချဲ့ထည့်သွင်းခဲ့သည်။ ၂၀၀၂ ခုနှစ်မှစ၍ ၂၀၀၄ ခုနှစ်အထိ သုံးကြိမ်ခွဲပြီး မြန်မာတစ်နိုင်ငံလုံး၌ အစုလိုက် ၀က်သက်ရောဂါကာကွယ်ဆေးထိုးခြင်း၊ ၂၀၀၇ ခုနှစ်တွင် သုံးကြိမ်ခွဲပြီး တစ်နိုင်ငံလုံး၌ အစုလိုက် ၀က်သက်ရောဂါကာကွယ် ဆေးထိုးခြင်း၊ ၂၀၀၈ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (နာဂစ်မုန်တိုင်း) ကျရောက်သောဒေသများတွင် အရေးပေါ် ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၀က်သက်ရောဂါဖြစ်ပွားမှု၊ ၀က်သက်ရောဂါ၏ နောက်ဆက်တွဲဖြစ်ရပ်များနှင့် ၀က်သက်ရောဂါကြောင့် သေဆုံးမှုများ ကျဆင်းခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

Writer:
အိသဉ္ဇာကျော်



Eleven Media Group

No comments:

Post a Comment