Latest News

Saturday, February 25, 2017

မဟာဗန္ဓုလပန်းခြံအတွင်း ၁၀ ရက်သားအရွယ် မိန်းကလေး လာရောက်စွန့်ပစ်

မဟာဗန္ဓုလပန်းခြံအတွင်း ၁၀ ရက်သားအရွယ် မိန်းကလေး လာရောက်စွန့်ပစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန် မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံအတွင်း ၁၀ ရက်သားအရွယ် မိန်းကလေး တစ်ဦးကို လာရောက် စွန့်ပစ်သွားသူကို အမှုဖွင့် စုံစမ်း ရှာဖွေလျက်ရှိကြောင်း ကျောက်တံတား မြို့မရဲစခန်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၇ နာရီခန့်က ပန်းခြံတာဝန်ခံ အသက် ၄၉ နှစ်အရွယ် ဦးကျော်သိန်းက ယင်းမိန်းကလေးငယ် စွန့်ပစ်ထားမှုကို စတင် တွေ့ရှိခဲ့ပြီး ရပ်ကွက်တာဝန်ရှိသူများကို အကြောင်းကြားကာ ကျောက်တံတားမြို့မ ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ရာမှ အမှုဖွင့် စုံစမ်းရှာဖွေနေကြောင်း ကျောက်တံတား မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စွန့်ပစ်ခံရတဲ့ မိန်းကလေးက ချစ်စရာလေးပါ၊ အနှီးလေးထုတ်လျက်နဲ့ အိပ်ပျော်နေတာ၊ အထဲမှာတော့ အင်္ကျီ တစ်ထည်ပါတယ်၊ ချက်ကြိုးတောင် မပြတ်သေးဘူး၊ အသက်ကတော့ တစ်ပတ်ကျော်ကျော် ၁၀ ရက်လောက်ပဲ ရှိဦးမယ်၊ သူ့ကိုတော့ အဲဒီနေ့ကပဲ ဒဂုံမြို့နယ်မှာရှိတဲ့ကလေး ဆေးရုံးကြီးကို သွားရောက် အပ်နှံထားပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်အား စွန့်ပစ်သွားသူကို ကျောက်တံတား မြို့မရဲစခန်းမှ (ပ)၅၆/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း၊ ယင်းပုဒ်မအရ အရွယ်မရောက်သေးသူ မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်သူကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ကျောက်တံတားမြို့မရဲစခန်းထံမှ သိရသည်။

ယခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ် ရပ်ကွက်ရှိ နောက်ဖေးလမ်းကြားတစ်ခုတွင် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့်စွန့်ပစ်ခံခဲ့ရာ ရန်ကင်းကလေးဆေးရုံးတွင် တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ရပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ စာဂလမ်းရှိ လူမနေသည့် တိုက်ခန်းတစ်ခုအတွင်း မွေးကင်းစယောက်ျားလေးတစ်ဦး စွန့်ပစ်ခံခဲ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အရွယ်မရောက်ဘဲ စွန့်ပစ်ခံရသော ကလေးငယ်များ တစ်လလျှင် နှစ်ဦးနှင့်သုံးကြား ပုံမှန်ရှိနေပြီး အစိုးရဆေးရုံများ၌ မွေးဖွားပြီးနောက် စွန့်ပစ်ခဲ့မှုများ ပါဝင်ကြောင်း၊ အဆိုပါ စွန့်ပစ်ခံရသည့် ကလေးငယ်များနှင့်ပတ်သက်၍ အမှုဖွင့်စုံစမ်းနေသော်လည်း ဖော်ထုတ်နိုင်သည့် အများမှာ နည်းပါးကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသသည်။

The Voice

No comments:

Post a Comment