Latest News

Saturday, February 11, 2017

၆၆(ဃ) အကြောက်တရားနဲ့ အမှောင်ခေတ်က ပြည်သူတွေ ပိုပြည့်သူ

၆၆(ဃ) အကြောက်တရားနဲ့ အမှောင်ခေတ်က ပြည်သူတွေ ပိုပြည့်သူ

အမှောင်ခေတ်အကြောင်းကို ဘယ်တော့မှ မတွေးမိချင်တဲ့အခါတွေ ကျွန်မတို့ဖြတ်သန်းခဲ့တဲ့ မျိုးဆက်တွေမှာ ရှိပါတယ်။ မှောင်လွန်းလို့ ဘာကိုမှမမြင်ရတဲ့အခါ အမှောင်ထဲမှာ နေသားကျလာကြတယ်။ အမှောင်ထဲမှာ သွားတတ်လာတတ် နေထိုင်တတ်ခဲ့ကြတယ်။ ညအချိန်မတော် ခေါက်လာမယ့် တံခါးသံတွေကို ကြောက်ကြရတယ်။

လက်ဖက်ရည်သောက်ဖို့ ကြွပါဆိုပြီး ဘယ်ကိုခေါ်သွားမှန်း မသိတဲ့အဖြစ်တွေ၊ ကျောင်းသွားတက်ပေမယ့် အချိန်တန်တော့ အိမ်ကိုဘယ်တော့မှ ပြန်မလာရရှာတဲ့ ကျောင်းသားတွေ၊ အမှောင်ခေတ်ထဲမှာ နံရံတွေတိုင်းမှာ နားရှိတယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မယုံကြည်စိတ်တွေနဲ့ ရှင်သန်ခဲ့ရတဲ့ ကာလတွေပေါ့။
ကျွန်မတို့ မျိုးဆက်က “သခင်အောင်ဆန်း ရာဇ၀င်တွေ ရိုင်းခဲ့ရပြီ အဘိုးရေ”လို့ မျက်ရည်ဝဲ တောက်ခေါက် အံကြိတ်ခဲ့ရတဲ့ မျိုးဆက်တွေပေါ့။ လိုသလိုသုံးတဲ့ ဥပဒေဆိုတာ အာဏာရှင်နဲ့ အာဏာ လက်နက်ကိုင်ထားသူတွေရဲ့ ပါးစပ်ထဲက ထွက်လာသမျှသာ အမှန်ဝါဒအဖြစ် အားကောင်းခဲ့တယ်။ ပြည်သူတွေရဲ့ အကြောက်တရားဟာ ဖြတ်သန်းခဲ့တဲ့ ခေတ်အဆက်ဆက်မှာ သေနတ်ပြောင်းဝနဲ့ ပိတ်ဆို့ခံခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပေါ့။

၂၀၁၅ ရွှေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီ ကြွေးကြော်သံနဲ့ NLDပါတီ အနိုင်ရခဲ့ပြီး ပြည်သူ့အစိုးရစစ်စစ် တက်လာတဲ့အချိန် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့မျှော်လင့်ချက်ဟာ အရောင်တဖိတ်ဖိတ် လက်လာခဲ့တယ်။ အနှစ်သာရအနေနဲ့ ရတော့မယ်လို့ အားလုံးက ယုံကြည်ခဲ့ကြတယ်။

နှစ်ပေါင်း ၆၀ လောက် ကျွန်မတို့က မြင်ပေမယ့် ကန်းနေသလို နေခဲ့ရတယ်၊ ကြားနေရပေမယ့် မကြားချင်ယောင် ဆောင်နေခဲ့ရတယ်၊ ပြောချင်ပေမယ့် အ,နေသလို နှုတ်ပိတ်ခဲ့ရတာကိုး။ မြန်မာနိုင်ငံသားတွေ ပြည်သူ့အစိုးရ လက်ထက်မှာ တကယ်ရော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရေးသားခွင့်တွေ ရခဲ့ပါရဲ့လား။ လူတွေ တွင်ကျယ်စွာသုံးနေတဲ့ Facebook လို Social Network တွေမှာ အရင်ခေတ်က စစ်အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေ သူတို့ကို ထိခိုက်ဝေဖန်ရင် လိုသလို သုံးဖို့လုပ်ထားတဲ့ အီလက်ထရောနစ်အက် ၆၆(ဃ)ဆိုတဲ့ ဥပဒေကြီးကို ဖျက်သိမ်းမယ်လို့ ထင်ခဲ့ကြတယ်။ ၆၆(ဃ)ဟာ တရားရုံးရဲ့ ဖမ်းဝရမ်းမပါဘဲ လူတစ်ယောက်ကို ထင်သလိုဖမ်းနိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ဥပဒေလေ။ ကိုယ်နဲ့မတည့်တဲ့သူ မှန်သမျှ ထောင်ထဲထည့်ထားလို့ရတဲ့ဥပဒေ၊ ရဲနဲ့တရားသူကြီးတွေ ထင်သလို လုပ်ခွင့်ရှိတဲ့ဥပဒေ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကျွန်မကတော့ ၆၆(ဃ)ကို အမြင်ကပ်ပုဒ်မလို့ ခေါ်တယ်။

ဒါပေမဲ့ NLD အစိုးရ တက်လာပြီး တစ်နှစ်နီးပါးရှိတဲ့အထိ ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ ၆၆ (ဃ) ကို ပြင်ဆင်ဖို့ လွှတ်တော်မှာ မတင်သေးတာ အံ့သြဖွယ်တွေ့ရတယ်။ ကျွန်မစိတ်ထင် ငါ့ဝေဖန်ကြည့်၊ ၆၆ (ဃ) နဲ့ တွေ့သွားမယ်လို့ တေးထားကြသလားပဲ။ လွှတ်တော်မှာ လွှတ်ပျော်နေကြရင်း ပြင်ရမယ့်ဥပဒေတွေပြင်ဖို့ မမေ့ကြစေလိုပါဘူး။
မီဒီယာတွေကအစ ၆၆(ဃ)ကို ကြောက်ကြရတယ်။ လွတ်လပ်စွာ ထုတ်ဖော်မယ့် အသံတွေဟာ တိုးကုန်ကြတယ်။ အစိုးရနဲ့ လွှတ်တော်က ပြည်သူတွေနဲ့ နဂိုကမှ အဝေးကြီး၊ ၆၆(ဃ)ကြောင့် ပိုဝေးကုန်ကြတယ်။ ပြည်သူတွေရဲ့အသံ စစ်စစ်ကိုနားထောင်ဖို့ အစီအစဉ်ရှိရင် ဒီဥပဒေကို ပြင်သင့်တယ်။ ကျွန်မတို့အချင်းချင်း စကြတယ်။ အင်း စစ်ဖိနပ်ကိုတော့ မကြောက်ဘူး၊ ကိုယ့်အစိုးရခေတ်ကျမှ ၆၆ (ဃ)ကို ကြောက်ရမလားဆိုပြီး။ ရတနာပုံခေတ်က မင်းတုန်းမင်းတရားကြီးက ရတနာပုံသတင်းစာမှာ ငါမကောင်းရင် ငါ့ကိုရေး ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေးလို့ မိန့်သတဲ့။ ဘုရင်ထုတ်တဲ့ သတင်းစာမှာ ဘုရင့်မကောင်းကြောင်း ဘယ်ရေးရဲပါ့မလဲ။ ခေတ်အဆက်ဆက် ခုပြန်ကြားရေးဝန်ကြီးဌာနပိုင် အစိုးရ သတင်းစာတွေ ရုပ်မြင်သံကြားတွေလိုပေါ့လေ။ တိုင်းပြည်ကြီး ဘယ်လို ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဘုန်းတော်ကြောင့် ကျေးတော်မျိုး ကျွန်တော်မျိုးတို့ တိုင်းသူပြည်သားတွေ စည်ပင်ဝပြောတယ်ပဲပါမှာပေါ့။ အစိုးရကောင်းကြောင်းတွေချည်း ဖတ်ချင်ရင်တော့ ကြေးမုံတို့ မြန်မာ့အလင်းတို့သာ ဖတ်သင့်တယ်။ ဒီမိုကရေစီခေတ်မှာ မီဒီယာရဲ့ တာဝန်က အစိုးရကို ဝေဖန်ထောက်ပြရမှာပဲလေ။ ကိုယ့်ဝေဖန်တိုင်း Yellow Journalist စာရင်းသွင်းတာတော့ မဟုတ်သေးဘူး။ ၆၆(ဃ)ကို ဒီမိုကရေစီ အစိုးရကိုယ်တိုင် သုံးပြလိုက်တဲ့အခါမှာ ကြောက်လွန်းလို့ ရှော့ခ်တွေပါရသွားရတယ်။ ခု ဒီစာရေးရင်းတောင် ကျွန်မနှာခေါင်းမှာ ငါးပိကြော်နံ့ သင်းလာသလိုပဲ။ မတတ်နိုင်ဘူး၊ ကိုယ့်အစိုးရကို ပိုပြီးကောင်းမွန်စေချင်တဲ့ စိတ်နဲ့ အမုန်းခံပြောရတာပါ။

ဥပဒေဆိုတဲ့ သဘောထားက လေးစားလိုက်နာရန်လို့ အဓိပ္ပာယ်ရတယ်။ အကျိုးအကြောင်း မခိုင်လုံ၊ အဓိပ္ပာယ်မရှိတဲ့၊ ပြည်သူတွေကို ဒုက္ခပေးဖို့ အာဏာရှင်တွေ ဖန်တီးခဲ့တဲ့ဥပဒေကို ဖျက်သိမ်းဖို့ မကြိုးစားကြတော့ဘူးလား။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း နည်းဥပဒေမရှိ ဘာမရှိ ထင်သလိုဖမ်း သူတို့ထင်သလို လုပ်နေတာကို ဒီအတိုင်း ကြည့်နေကြတော့မှာလား။

ပြည်သူတွေ၊ မီဒီယာတွေလည်း  ၆၆(ဃ)ကို မကြောက်ရဘဲ သူတို့ရင်ထဲရှိတာ ဖော်ပါစေ၊ ပြောပါစေလေ။ ဒီမိုကရေစီခေတ်မှာ အစိုးရဆိုတာ ယာဉ်မောင်းပဲ။ ပြည်သူတွေကခရီးသွားတွေပဲ။ သူတို့စီးနေတဲ့ ယာဉ်မောင်းကို ဘယ်လမ်းက သွားသင့်တယ်၊ ဖြည်းဖြည်းမောင်းသင့်တယ်၊ အရှိန်လျှော့ပါ ပြောခွင့်ရှိတယ်လေ။ ဝေဖန်တဲ့နေရာမှာ အပြုသဘော ဝေဖန်တာတွေရှိသလို မနှစ်သက်လို့ ဆဲဆိုတာလည်း ရှိနိုင်တာပဲ။ အမေစုကသာ အကြောက်တရားက ကင်းဝေးစေချင်တာ၊ ကျွန်မတို့မှာ ဒီ၆၆(ဃ) ကြောက်ပြီး မပြောရဲ မဆိုရဲမဝေဖန်ရဲတော့ဘူး။ လူထုခေါင်းဆောင်က သူ့တိုင်းပြည်က နိုင်ငံသားတွေကို အကြောက်တရားက ကင်းဝေးစေချင်တဲ့စေတနာ ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကရော တိုင်းပြည်က လူတွေကို အကြောက်တရားနဲ့ပဲ ဆက်နေစေချင်လို့များ ဒီဥပဒေ ပြင်ဆင်ဖို့ မစဉ်းစားကြတာလား။ ပြင်စရာတွေ အများကြီးမလောပါနဲ့လို့ မပြောကြပါနဲ့ ပြည်သူတွေက အနှစ် ၆၀ ကျော် ပါးစပ်ပိတ်ခဲ့ကြရတာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လေးတော့ ပေးကြပါတော့။
ကိုယ့်ထင်မြင်ယူဆချက်လေးတွေကိုမှ မပြောရဲ၊ ကိုယ်တင်တဲ့ အစိုးရကိုမှ အပြုသဘော မဝေဖန်ရဲ၊ အောက်ခြေက နင်းပြားတွေရဲ့ အသံတွေနားမစွင့်ရင် အမေစု လိုလားတဲ့ အကြောက်တရားမှ ကင်းဝေးတဲ့ ဒီမိုကရေစီခေတ်က ပြည်သူတွေအဖြစ် ရောက်ဖို့ကတော့ မျှော်လေဝေးလေဖြစ်နေဦးမှာပဲ။

Sources : ပိုပြည့်သူ ( Tomorrow News Journal )

No comments:

Post a Comment