Latest News

Saturday, February 11, 2017

၂၁ ပင်လုံညီလာခံမှာ တင်ပြနိုင်ဖို့ SNLD က ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားကောက်ယူ

၂၁ ပင်လုံညီလာခံမှာ တင်ပြနိုင်ဖို့ SNLD က ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားကောက်ယူ

၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားကို စုစည်းတင်ပြနိုင်ဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ရှမ်း၊ ကချင်၊ ကယား၊ မန္တလေး၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ လိုက်လံကောက်ယူရာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပြည်နယ်အတွက် သီးသန့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းပေးဖို့ တောင်းဆိုကြတာတွေ တွေ့ရတယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။

မြို့နယ် ၄၀ ကျော်က ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားတွေကို မူဝါဒပုံစံဖော်ဆောင်ပြီး တခြားဒေသခံတွေလည်း သိရှိနိုင်အောင် ပြန်လည်အသိပေးသွားဖို့ စီစဉ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့် က ပြောပါတယ်။

"မြို့ ၄၀ ကျော်လောက် ဆင်းသွားတယ်။ ဒီပေါ်မှာ သဘောထားတွေ အများကြီးတော့ ရတာတော့ရနေပြီပေါ့လေ။ ဒါပေမဲ့ အဲဒီသဘောထားဆိုတာက ကနဦးသဘောထားပဲဖြစ်တယ်။ အဲဒါကို မူဝါဒပုံစံလိုမျိုးဖြစ်အောင် ကျနော်တို့က လုပ်ပြီးတော့ ပြည်သူတွေကိုလည်း ပြန်ပြီးတော့ ရှင်းလင်းပြောရဦးမှာတွေလည်း ရှိပါတယ်။ အဆင့်တွေ ကျန်ပါသေးတယ်ပေါ့လေ"

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ SNLD ပါတီအနေနဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာတွေမှာ ရှမ်းတိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ဆုံးရှုံးမှုတွေနဲ့ အစိုးရဘက်က အကောင်အထည်ဖော်ပေးဖို့လိုအပ်တဲ့ အခြေအနေတွေအပေါ် ဒေသခံတွေရဲ့ ယေဘုယျသဘောထားတွေကိုသာ တင်ပြမှာဖြစ်ပါတယ်။

ရှမ်းတစ်မျိုးသားလုံးရဲ့ ဘုံသဘောထားကို တင်ပြနိုင်ဖို့ အချိန်လိုသေးတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဒုတိယအကြိမ် ပင်လုံညီလာခံမတိုင်ခင် ကျင်းပနိုင်မှာ မဟုတ်သေးကြောင်းနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ အကြိုဆွေးနွေးပွဲတွေကို ထပ်မံကျင်းပသွားဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက တောင်ကြီးမြို့မှာ အဖွဲ့အစည်းပေါင်းစုံက လူဦးရေ ၃၀၀ ကျော်နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ပထမအကြိမ် အကြိုဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

Sources : RFA

No comments:

Post a Comment