Latest News

Thursday, February 9, 2017

တန်ဖိုးနည်း အငှားအိမ်ရာစစ်တမ်း

တန်ဖိုးနည်း အငှားအိမ်ရာစစ်တမ်း


ဝင်ငွေနည်းသူများ လက်လှမ်းမီသောအိမ်ရာ (Affordable Hous-ing) လို့ဆိုရာမှာ အရောင်းအိမ်ရာ (Affordable Homeownership)နဲ့ အငှားအိမ်ရာ (Affordable RentalHousing) ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ မြန်မာနိုင်ငံမှာ အထက်ပါ စီမံကိန်း နှစ်မျိုးစလုံးကို အကောင်ထည် ဖော်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယခင်အပတ်က တန်ဖိုးနည်းအရောင်းအိမ်ရာအကြောင်း စစ်တမ်းထုတ်ပြီးလေ့လာတွေ့ရှိချက်များကို ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ‘တန်ဖိုးနည်းအငှားအိမ်ရာ’ တွေရဲ့အကြောင်းကို လေ့လာဆန်းစစ်ပြီး တွေ့ရှိချက်များကို ရေးသား ဖော်ပြလိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီးမှာ မဟာဗန္ဓု လအိမ်ရာစီမံကိန်းဆိုတဲ့ တန်ဖိုးနည်း အငှားအိမ်ရာစီမံကိန်းကို ဒဂုံ(တောင်)မြို့နယ်အတွင်း လွန်စွာအကွက်အကွင်းကျလှတဲ့ အမှတ် (၂) လမ်းမကြီးဘေးမှာ ဆောက်လုပ်ခဲ့ပါတယ်။ အိမ်ခန်းပေါင်း ၁,၂၀၀ ပါဝင်ကြောင်း တွေ့ရှိခဲ့ပါ တယ်။ စတုရန်းပေ ၆၀၀ ခန့်ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်ခန်းများကို တန်ဖိုးနည်းအငှားအိမ်ရာအဖြစ် သတ်မှတ်ခဲ့ရုံမျှမက ငှားရမ်းခကိုလည်း တစ်လ ၃၀,၀၀၀ ကျပ်မျှသာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မဲနှိုက်ပြီး တိုက်ဆောက်ပြီးလို့ တစ်နှစ်ကျော်ပါပြီ။ လူနေထိုင်ခွင့်မရသေးကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဒီမိုကရေစီခေတ် ရန်ကုန်တိုင်းဒေသကြီးမှ ပထမဆုံး တန်ဖိုးနည်း အငှားအိမ်ရာ စီမံကိန်းဟာ ဗေထိဆိုတာနဲ့ ကွဲတာပဲလို့ ပြောစမှတ်ပြုလောက်ပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေဘီလီယံ ၂၀ ကျော်ကို တစ်နှစ်လောက် အကျိုးမရှိဘဲ မြေပေါ်မှာ အောင်းထားရတဲ့ စီမံကိန်းလို့ဆို နိုင်ပါတယ်။ ယခင်တိုင်းဒေသကြီး အစိုးရက အမွေပေးခဲ့တဲ့ ဗြဟ္မာခေါင်းကြီးကို လက်ရှိတိုင်းဒေသကြီး အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ သည်းခံပြီး စောင့်ဆိုင်းနေကြရတုန်းပါပဲ။ အထူးမှတ်သားသင့်တာက အကျယ်အဝန်း ၆၀၀ စတုရန်းပေခန့်ကို ငှားရမ်းခ (ကျပ် ၃၀,၀၀၀) သတ်မှတ်ခဲ့တဲ့အပြင် အိမ်ပုံစံအိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖို ချောင်နဲ့ ရေချိုးခန်း၊ အိမ်သာအပြင် ဝရန်တာလေးပါတယ်ဆိုတဲ့အ ချက်ဖြစ်ပြီး အဲဒါကို အခြားဒေသများနဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ဧရာဝတီမြစ်ကမ်းက ကျူးအိမ်ရာတွေနေထိုင်ကြတဲ့ ပြည်သူတွေအတွက် စတုရန်းပေ ၂၀၀ (၁၀ ပေ× ၂၀ ပေ)သာ ကျယ်ဝန်းပြီး ငှားရမ်း ကျပ်သုံးသောင်း (၃၀,၀၀၀ ကျပ်) နဲ့ပဲ တည်ဆောက်ငှားရမ်းခဲ့တာ တွေ့ရှိရပါတယ်။ စင်္ကြံပုံစံတိုက်များဖြစ်ပြီး ခန်းမတစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာတစ်ခန်းပဲရှိပါတယ်။ မီးဖိုတောင် မပါရှိနိုင်တော့ပါဘူး။ ကျူးတွေအတွက် အိမ်ခန်းကျဉ်းကျဉ်းချထားပေးတယ်ဆိုပေမယ့် မီးဖိုမပါတာတော့ မဖြစ်သင့်ပါဘူး။ နောက်ပြီး ရန်ကုန်တန်ဖိုးနည်းအိမ်ခန်းရဲ့ ငှားရမ်းခအတိုင်း ကျပ် ၃၀,၀၀၀ ပေးရတာချင်းအတူတူ ရန်ကုန်က သုံးဆလောက်ဆိုပြီး ကျယ်ဝန်းနေတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက မုံရွာ၊ ရွှေဘိုနဲ့ စစ်ကိုင်းမြို့ကြီးသုံးမြို့မှာလည်း တန်ဖိုးနည်း အငှားအိမ်ရာတွေ ဆောက်လုပ်နေပါပြီ။ မုံရွာနဲ့ ရွှေဘိုမှာတော့ ၁၂ ခန်းတွဲ ငါးထပ်တိုက်တစ်လုံးကို အိမ်ခန်း ၆၀ ပါတဲ့ အမျိုးအစားနှစ်လုံးစီ ဆောက်လုပ်ပြီးပြီလို့ သိရှိရပါတယ်။ တစ်မြို့ကို အိမ်ခန်းပေါင်း ၁၂၀ စီ ငှားရမ်းပါတော့မယ်။ အိမ်ခန်းအကျယ်က စတုရန်းပေ ၃၂၄ ပေရှိပြီး ငှားရမ်းခကို ကျပ် ၂၀,၀၀၀ သာသတ်မှတ်ကြောင်း သိရှိရပြန်ပါတယ်။ အလယ်ကောင်မှာ လျှောက်လမ်းထားရှိတဲ့ ဟိုတယ်ပုံစံ အိမ်ခန်းများဖြစ်ပါတယ်။ အိမ်ခန်းတိုင်းမှာ ပင်မအိမ်ခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာအပြင် မီးဖိုလည်းပါတယ်လို့ သိရှိရပါတယ်။ မန္တလေးထက် အိမ်ခန်းကျယ်ပြီး ငှားရမ်းခလည်း သက်သာနေပါတယ်။ မီးဖိုချောင်ပါဝင်တာလည်း အားသာနေပြန်ပါတယ်။

စစ်ကိုင်းမြို့က တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာတော့ ၁၂ ခန်းတွဲ လေးထပ်တိုက်ပုံစံဆောက်လုပ်ပြီး တစ်လုံးကို ၄၈ ခန်းပါဝင်ကြောင်း သိရပါတယ်။ စတုရန်းပေ ၄၄၀ ကျယ်ဝန်းပြီး စုစုပေါင်း ၉၆ ခန်းကို တစ်ခန်းလျှင် တစ်လ ကျပ်သုံးသောင်း (၃၀,၀၀၀)နဲ့ ငှားရမ်းမှာဖြစ်ကြောင်း သိရှိရပါတယ်။ ကသာမြို့မှာလည်း အလားတူ ၁၂ ခန်းတွဲ လေးထပ်တိုက်နှစ်လုံး၊ စုစုပေါင်း ၉၆ ခန်းကို ဆောက်လုပ်ပြီးပြီလို့ သိရှိရပါတယ်။ ငှားရမ်းခ ဘယ်လောက်သတ်မှတ်တယ်ဆိုတာ မသိရှိရသေးပါဘူး။

အထက်ပါ တန်ဖိုးနည်း အငှားအိမ်ရာများကို လေ့လာကြည့်ရင် ‘တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း’ဆိုသလိုဖြစ်နေတာကို တွေ့မြင်ရနိုင်ပါတယ်။ အကျယ်အဝန်းကို စတုရန်းပေ ၆၀၀၊ စတုရန်းပေ ၄၄၀၊ စတုရန်းပေ ၃၂၀၊ စတုရန်းပေ ၂၀၀ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံကွဲပြားနေကြတာ တွေ့ရှိရပါတယ်။ အိမ်ခန်းကျဉ်းတဲ့ဒေသမှာ သိပ်ကျဉ်းပြီး ကျယ်တဲ့ဒေသမှာ သိပ်ကျယ်နေတာ လုံးဝမဖြစ်သင့်ပါဘူး။ နောက်ပြီး အိမ်ပုံစံတွေကိုကြည့်ရင်လည်း စင်္ကြံပုံစံ၊ ဟိုတယ်အခန်းပုံစံနဲ့ အိမ်ခန်းဖွဲ့ပုံစံ (Room Type)ဆိုပြီး အမျိုးမျိုး ကွဲနေပြန်ပါတယ်။ အခန်းတွဲနဲ့ အထပ်မြင့်တွေကလည်း ဒေသတစ်ခုတည်းမှာပဲ အကွဲကွဲအပြားပြားဖြစ်နေပါတယ်။ အဆိုးရွားဆုံးကတော့ ငှားရမ်းခတွေ သတ်မှတ်ကြရာမှာ အခန်းကျယ်ပေမယ့် နည်းချင်နည်းမယ်။ အိမ်ခန်းကျဉ်းပေမယ့် များချင်များမယ်ဆိုတဲ့ ရှေ့နောက်ညီညွတ်မှုမရှိတဲ့ သတ်မှတ်ချက်မျိုးဟာ လုံးဝသင့်လျော်မှုမရှိပါဘူး။ တစ်စတုရန်းပေကို ငှားရမ်းခနှုန်း ၅၀ မှ ၁၅၀ အထိ ကွာဟချက်ကြီးမားနေတာကိုလည်း တွေ့ရပါတယ်။

‘အလှကိုယ်စီရှိကြသည်’ ဆိုတာလို ဒေသအလိုက် အထပ်မြင့်အထပ်နိမ့် ကွာဟချက်ရှိနိုင်တာကို လက်ခံနိုင်ပေမယ့် တန်ဖိုးနည်းအငှားအိမ်ရာမည်သည် အိမ်ခန်းအကျယ်ဝန်း အနည်းဆုံးဘယ်လောက်ရှိရမယ်၊ အများဆုံးဘယ်လောက်ရှိရမယ်ဆိုတဲ့ စံနှုန်းအရွယ်အစား (Standard Size) သတ်မှတ်ချက်တစ်ရပ်ကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးသင့်ပါတယ်။ အိမ်ပုံစံများကိုလည်း ကွာဟချက်ကြီးမားစွာ မရှိရအောင် ပုံစံ (၁)၊ ပုံစံ (၂)၊ ပုံစံ (၃) စသည်ဖြင့် ရေးဆွဲပေးဖို့လိုအပ်ပါတယ်။ ဒေသရဲ့ လိုအပ်ချက်အရ ပြင်သင့်တာကိုလည်း ညှိနှိုင်းပြင်ဆင်ပေးရပါမယ်။ ရန်ပုံငွေချထားပေးပြီးပြီ၊ ကြိုက်တဲ့အကျယ်အဝန်းနဲ့ ကြိုက်တဲ့ပုံစံကို ဆောက်ကြပေတော့ ဆိုတာမျိုး မဖြစ်သင့်ပါဘူး။

အထူးသဖြင့် ငှားရမ်းခနှုန်းထားသတ်မှတ်ရာမှာလည်း အခြေခံရမယ့်အချက်တွေကို တစ်ပြေးညီသတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ တန်ဖိုးနည်းအငှားအိမ်ရာ ဆောက်လုပ်မှုတိုင်းမှာ ကုန်ကျစရိတ် သက်သာအောင် အစိုးရက တစ်နည်းမဟုတ်တစ်နည်း ထောက်ပံ့မှုပေးပါတယ်။ မြေတန်ဖိုးကို ဆောက်လုပ်စရိတ်မှာ လုံးဝထည့်သွင်းမှုမရှိဘဲ ထောက်ပံ့မှုပေးခြင်းနဲ့ ငှားရမ်းခကို လျှော့ချတဲ့နည်းနဲ့ ထောက်ပံ့မှုပေးခြင်းကို ကျင့်သုံးလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ ငှားရမ်းခအတွက် အရင်းကျေကာလသတ်မှတ်ပြီး တွက်ချက်တဲ့နည်းကိုတော့ တစ်ပြေးညီကျင့်သုံးကြတာ ဖြစ်ပါတယ်။ ဒါကို ထောက်ပံ့မှုစရိတ်နုတ်ပြီး ကျန်ရှိတဲ့ ဆောက်လုပ်မှုစရိတ်နဲ့ လျော်ညီတဲ့ ငှားရမ်းခ (Cost Equavalent Rent) လို့ ခေါ်ဆိုကြကြောင်း သိရှိရပါတယ်။ ပုဂ္ဂလိကအိမ်ရာများရဲ့ ငှားရမ်းခတွေကိုတော့ ဈေးကွက်ငှားရမ်းခ (Market Rent)ကို အခြေခံ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ဖဆပလခေတ်နဲ့ မဆလခေတ်အတွင်း ဆောက်လုပ်တဲ့ အငှားအိမ်ရာတွေအတွက် ငှားရမ်းခသတ်မှတ်ရာမှာ ပြင်ဆင်ထိန်းသိမ်းစရိတ်နဲ့ အုပ်ချုပ်မှုစရိတ်ကို ငှားရမ်းခထဲမှာ တစ်ပါတည်းထည့်သွင်းခဲ့တာ တွေ့ရှိရပါတယ်။ အဲဒီ အခါမှာ ပြင်ဆင်ထိန်းသိမ်းစရိတ်တွေဟာ နိုင်ငံတော်ရဲ့ရငွေစာရင်းထဲ ဝင်ရောက်သွားပြီး ပြန်ထုတ်လို့မရတော့ပါဘူး။ ပြင်ဆင်ထိန်းသိမ်းလိုတဲ့အခါ လက်ထဲငွေမရှိလို့ လက်ပိုက်ကြည့်နေခဲ့ရတာ တွေ့ရပါတယ်။ ဘတ်ဂျက်ရန်ပုံငွေထဲမှာ ဘယ်လောက်သွင်းထားလို့ ဘယ်လောက်ပြန်ပေးပါဆိုပြီး တောင်းဆိုလို့ ရရိုးထုံးစံမရှိပါဘူး။ ဒါကြောင့် ပြင်ဆင်ထိန်းသိမ်းစရိတ်ကို သီးခြားကောက်ခံပြီး နေထိုင်သူများပါဝင်တဲ့ အဖွဲ့တစ်ရပ်က စီမံခန့်ခွဲပြီး သုံးစွဲနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
7Day News Journal

No comments:

Post a Comment