Latest News

Friday, February 17, 2017

“ဘယ်သောအခါမှ နောင်တရမှာ မဟုတ်ပါဘူး။ကျွန်မအဖေကဂုဏ်ရှိစွာအလုပ်လုပ်ခဲ့ပြီးဂုဏ်ရှိစွာကျဆုံးခဲ့လို့ပါ”

“ဘယ်သောအခါမှ နောင်တရမှာ မဟုတ်ပါဘူး။ကျွန်မအဖေကဂုဏ်ရှိစွာအလုပ်လုပ်ခဲ့ပြီးဂုဏ်ရှိစွာကျဆုံးခဲ့လို့ပါ”

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ - ဖခင်ဖြစ်သူတရားလွှတ်တော်ရှေ့နေဦးကိုနီဟာ ဂုဏ်သိက္ခာရှိတဲ့အလုပ်ကိုလုပ်ကိုင်ပြီး ဂုဏ်ရှိစွာကျဆုံးခဲ့လို့ ဖခင်လုပ်ကိုင်ခဲ့တဲ့အလုပ်နဲ့ပတ်သတ်ပြီးဘယ်တော့မှနောင်တမရဘူးလို့ သမီးဖြစ်သူကပြောပါတယ်။ “ဒီလို အဖေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ပေးနေတာတွေကိုလည်းကျေးဇူးတင်ပါတယ်။

အဖေက သူချစ်တဲ့မြန်မာနိုင်ငံ၊သူသိထားတဲ့အတက်ပညာနဲ့တိုင်းပြည်အတွက်လုပ်ဆောင်ပေးနေရင်းနဲ့ကျွန်မတို့မိသားစုကို ခွဲသွားခဲ့တာပါ။

အဲ့သည့်အတွက်ကြောင့်ကျွန်မတို့အနေနဲ့ ဒီလိုတွေလုပ်လို့ ဒီလိုဖြစ်ရတယ်လို့ ဘယ်သောအခါမှ နောင်တရမှာ မဟုတ်ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ကျွန်မအဖေက ဂုဏ်ရှိစွာအလုပ်လုပ်ခဲ့ပြီး ဂုဏ်ရှိစွာကျဆုံးခဲ့လို့ပါ” လို့ တရားလွှတ်တော်ရှေ့နေဦးကိုနီ ရဲ့သမီးဖြစ်သူဒေါက်တာယဉ်နွယ်ခိုင် ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥပဒေအကြံပေး ကွယ်လွန်သူ တရားလွှတ်တော်ရှေ့ နေဦးကိုနီရဲ့ မိသားစု၊ကိုနေ၀င်းမိသားစုနဲ့ အခြားအငှားယာဉ်မောင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥပဒေအကြံပေးအဖွဲ့က ဂုဏ်ပြုထောက်ပံကြေးပေးတဲ့ပွဲကိုဒီကနေ့ တော်ဝင်နှင်းဆီမှာကျင်းပခဲ့ပါတယ်။

ထောက်ပံ့ကြေးများပေးအပ်ပွဲအခမ်းအနားကိုစာရေးဆရာဦးထင်လင်းဦးကဦးဆောင်ပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ရန်ကုန်တိုင်းလူမှုရေးနဲ့ပညာရေးဝန်ကြီးဦးနိုင်ငံလင်း၊ရန်ကုန်တိုင်းNLD ဥက္ကဌဦးမြင့်ဌေး၊ထောက်ပံ့ကြေးများပေးနိုင်အောင် ကူညီပေးတဲ့ ပရဟိတ ကူညီသူများအဖွဲ့ဝင်များတက်ရောက်ခဲ့ပါတယ်။

” ကျွန်တော်တို့ ဒီလို ဂုဏ်ပြုပွဲကို ပြုလုပ်ရတာကတော့တိုင်းပြည်အတွက် ခွင့်တူညီမျှမှုတွေ၊ တရားဥပဒေစိုးမိုးရေးတွေ၊ ရဲရဲဝင့်ဝင့်ဦးဆောင်ခဲ့တဲ့ ဦးကိုနီ လေဆိပ်မှာ လုပ်ကြံခံရတဲ့အချိန်မှာ လေဆိပ်လုံခြုံရေးတစ်ယောက်မှမဟုတ်ပဲ တက်စီ ယာဉ်မောင်း ကိုနေ၀င်း နဲ့ အခြားအငှားယာဉ်မောင်း သူတွေဟာနိုင်ငံသားတွေရဲ့ကျေးဇူးတင်ထိုက်တဲ့သူတွေဖြစ်ပြီးဒီလိုသတိတရဂုဏ်ပြုထိုက်တဲ့သူတွေဖြစ်တဲ့အတွက် ဂုဏ်ပြုရတာဖြစ်ပါတယ်” လို့ စာရေးဆရာ ဦးထင်လင်းဦးက ပြောပါတယ်။

တရားလွှတ်တော်ရှေ့ နေဦးကိုနီမိသားစုအတွက် ရန်ပုံငွေ၊လှူဒါန်းရရှိမှုငွေ စုစုပေါင်းသိန်းနှစ်ရာကျော်ကို ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။

တရားလွှတ်တော်ဦးကိုနီ လုပ်ကြံခံရတဲ့နေ့မှာ လေဆိပ် အဌားယာဉ်မောင်းနေတဲ့ ကိုနေ၀င်းက ကိုယ့်အသက်ကို မငဲ့ဘဲ တရားခံကို ဖမ်းဆီးပေးရင်းအသက်ဆုံးရှုံးခဲ့ရပါတယ်။

ကိုနေ၀င်းရဲ့ ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ စုစုပေါင်း သိန်းကိုးရာကျော်ကို ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။

သိန်းကိုးရာကျော်ထဲမှာ သမီးကြီး ပြည့်ပြည့်အတွက်ကို ၂၅% ပေးပြီးတော့ ကျန်တဲ့၇၅% ကိုပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။

” အဖက်ဖက်ကနေပြီးတော့ ၀ိုင်းဝန်းကူညီပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

အသုဘမှာ လည်း ၀ိုင်းဝန်းကူညီပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

ကိုနေ၀င်းမရှိတော့ပေမဲ့ ငွေကြေးတွေ၊ ပြည်သူတွေကနေပြီးတော့အမကိုဝိုင်းဝန်းနှစ်သိမ့်ပြီးအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

နိုင်ငံလုံးကနေပြီးတော့လည်းအမတို့မိသားစုကိုကူညီပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

အစိုးရအဖွဲ့ကိုလည်းကျေးဇူးအများကြီးတင်လွန်းလို့ဘာပြောရမှန်းတောင်မသိပါဘူး”လို့ ကိုနေ၀င်းရဲ့ဇနီး မစုသက်ခိုင်ကပြောပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံတဲ့တရားခံ ကိုဝိုင်းဝန်းဖမ်းပေးခဲ့တဲ့ ယာဉ်မောင်း ကိုကျော်ဦးအတွက်လည်းလှူဒါန်းမှုငွေသိန်းနှစ်ဆယ်၊ကျန်တဲ့အငှားယာဉ်မောင်း သမားတွေကို ကူညီထောက်ပံ့မှု၊လှူဒါန်းရငွေ စုစုပေါင်း သိန်း ကိုးရာကျော်ကိုလည်း ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

“ကျွန်တော်တို့ကလည်း ဒီလိုနိုင်ငံတော်အတွက် အားကိုးရတဲ့သူတစ်ယောက်ကို လုပ်ကြံခဲ့တဲ့တရားခံကို ဖမ်းဆီးရမိအောင်ကူပေးခဲ့တာကလည်း ဘာမျှော်လင့်ချက်မှမပါ ပါဘူး။ ဒီနေရာမှာဆို ဘယ်သူပဲဖြစ်ဖြစ်ကူည်ီဆောင်ရွက်ပေးသွားမှာပါ။

ဒီလို ကျွန်တော်တို့ ကိုနေ၀င်းမိသားစုကို ဂုဏ်ပြုတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်” အငှားယာဉ်မောင်းတစ်ဦးကပြောပါတယ်။

ကိုနေ၀င်းမိသားစုနေထိုင်ဖို့ မြောက်ဥက္ကလာပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တစ်လုံးကို သိန်းငါးဆယ်နဲ့ ဒီကနေ့မှာပဲ ငွေပေးချေပြီး သက်ဆိုင်ရာ ရှေ့နေများရှေ့မှာ စာချုပ်ချုပ်ဆိုသွားမယ်လို့လည်းသိရပါတယ်။

ကိုနေ၀င်းမိသားစုနဲ့ပတ်သတ်ပြီးတော့ ရန်ကုန်မြို့ ပရဟိတ အဖွဲ့အားလုံးစုပေါင်းပြီးတော့ လိုအပ်တာမှန်သမျှကို ကူုညီပေးသွားမယ်လို့လည်းသိရပါတယ်။

နှင်းနှင်း

Kumudra

No comments:

Post a Comment