Latest News

Wednesday, February 8, 2017

ဧရာဝတီတိုင်းထွက် မျှင်ငါးပိ ၂၂ရာခိုင်နှုန်း ဆိုးဆေးတွေ့ရှိ

ဧရာဝတီတိုင်းထွက် မျှင်ငါးပိ ၂၂ရာခိုင်နှုန်း ဆိုးဆေးတွေ့ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဟာ မျှင်ငါးပိ ၆၀ ရာခိုင်နှုန်းထွက်ရှိပြီး ၂၂ရာခိုင်နှုန်းဟာ ဆိုးဆေး အသုံးပြုရောင်းချနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ပြည့်ဖြိုးက မြန်မာတစ်နိုင်ငံလုံးမှာစားသုံးနေတဲ့ မျှင်ငါးပိရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဧရာဝတီတိုင်း ကထွက်ပါတယ်၊ အဲဒီမှာ  ဆိုးဆေးသုံးစွဲမှုကို စစ်ဆေးတဲ့အခါ ၂၂ရာခိုင်နှုန်းလောက်ဟာ  ဆိုးဆေးတွေ သုံးပြီး ဈေးကွက်ထဲမှာရောင်းချနေတာ တွေ့ရပါသေးတယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း နောက်မှီးကျေးရွာနဲ့ အရှေ့ဖျားကျေးရွာနှစ်ရွာဟာ ငါးပိအများဆုံးထွက်ရှိတဲ့  ရွာနှစ်ရွာပဲဖြစ်ပါတယ်။ အဲသည်ရွာတစ်ရွာမှာ မျှင်ငါးပိလုပ်ငန်းရှင် ၄၀ မှ ၅၀ ကြားအထိရှိနေတာဖြစ်ပါတယ်။
အက်ဖ်ဒီအေအနေနဲ့ စစ်ဆေးတဲ့အခါမှာ မျှင်ငါးပိထုတ်လုပ်နေတဲ့နေရာကို သွားရောက်စစ်ဆေးတာမျိုး မဟုတ်ဘဲ ဈေးကွက်ထဲမှာရောင်းချနေတဲ့ ငါးပိတွေကိုဝယ်ယူပြီးမှ ဓာတ်ခွဲစစ်ဆေးတာဖြစ်ပါတယ်။
၂၀၁၆  ခုနှစ် ဖေဖော်ဝါရီလက ဧရာဝတီတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဈေးကွက်အတွင်း ကောက်ယူစစ်ဆေးရာမှ မျှင်ငါးပိ ၇၀ ရာခိုင်နှုန်းဟာ ဆိုးဆေးများပါဝင်လျက်ရှိ တယ်လို့လည်း ထုတ်ပြန်ပြောဆိုခဲ့ပါ တယ်။

ဒေါက်တာ ပြည့်ဖြိုးက အဲဒီလိုစစ်လို့ဆိုးဆေးသုံးထားတာတွေ့ရင်ဆိုးဆေးမသုံးပါနဲ့၊ ထပ်သုံးတာတွေ့ရင် အရေးယူ မယ်ဆိုတာမျိုးတွေကို သတိပေးပါတယ်၊ ကြိုးကြားကြိုးကြားကတော့ စစ်လိုက်သိမ်းလိုက်တော့ လုပ်နေတာပါပဲ၊ ဈေး ကွက်ထဲမှာ တကယ်ပဲဆိုးဆေးတွေ အသုံးပြုမှုလျော့သွားသလားဆိုတာကို စစ်ဆေးနေပါတယ်လို့ ပြောပါတယ်။

ဆိုးခိုင်းတာမျှင်ငါးပိတွေကိုဆေးဆိုးတဲ့အခါမှာ ငါးပိကိုကြိတ်ကတည်းက အရောင်လှစေရန်အတွက်ဆေးဆိုးထားတာဖြစ်ပါတယ်။ ကြိတ်ကတည်းက ဆိုးဆေးဆိုးရင် ငါးပိအရောင်ကိုပိုလှစေပြီး အရောင်တင်ထားတာ မသိသာအောင် ညီညာနေတာ ဖြစ်ပါတယ်။
လက်ကားအရောင်းဆိုင်တွေဟာ တစ်မြို့နဲ့တစ်မြို့အကြိုက်ချင်းမတူတာကြောင့် အရောင်ဆိုးတဲ့အခါမှာလည်းလုပ်ငန်း ရှင်ရဲ့ အော်ဒါအတိုင်းအရောင်ဆိုးပေးရတာမျိုးတွေရှိတယ်လို့ သိရပါတယ်။
‘ဆေးဆိုးတယ်ဆိုတာ နောက်ကွယ်မှာလဲအကြောင်းတွေရှိနေပါတယ်၊ ဘယ်လိုဆိုးလဲဆိုတော့ လက်ကားသမားရဲ့လိုချင်တဲ့ အရောင်ကိုဆိုးပေးပါဆိုပြီးတော့ ကြိတ်စက်ကိုလှမ်းခိုင်းတာမျိုးတွေလဲရှိပါတယ်လို့ ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

ပြည်သူတွေ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ငါးပိဟာအများဆုံးပါဝင်တဲ့အစားအစာဖြစ်ပါတယ်။ ပြည်တွင်းမှာမျှင်ငါးပိကိုဆေးဆိုးပြီးရောင်းချလာတာဟာ နှစ်ပေါင်း ၆၀ နီးပါးခန့်ကြာမြင့်ခဲ့ပြီ ဖြစ်တယ်။
အဲသည်လို စားသုံးရန်မသင့်တဲ့အစားအစာတွေ ဈေးကွက်အတွင်းမှာ ရောင်းချမှုတွေပြုလုပ်နေတာကြောင့် ၂၀ဝ၈ ခုနှစ်လောက်ကတည်းက အက်ဖ်ဒီအေအနေနဲ့ စစ်ဆေးခဲ့ပေမဲ့ ဈေးကွက်အတွင်းမှာစားသုံးရန်မသင့်တဲ့ အစားအစာတွေက ပိုပြီးကျယ်ပြန့်လာတာတွေ့ရပါတယ်။
သိုလှောင်ဆေးဆိုးထားပြီးအရောင်လှတဲ့ မျှင်ငါးပိဟာဈေးကွက်အတွင်းအရောင်းသွက်ပြီး ဆေးဆိုးမှုနည်းတဲ့ ငါးပိဆိုရင်ဈေး ကွက်အတွင်းအရောင်းအဝယ်အေးပါတယ်။ အရောင်များများဆိုးတဲ့ ငါးပိများသာဈေးကွက်ကို ထိုးဖောက်ကာအရောင်းအဝယ်သွက်နေပါတယ်။
ဆေးဆိုးထားတဲ့ မျှင်ငါးပိတွေဟာ ဈေးနှုန်းကွဲပြားပြီး အမျိုးအမည်ပေါင်း ၁၀ မျိုးခန့်ရှိတယ်လို့လည်းသိရပါတယ်။ အက်ဖ်ဒီအေအနေနဲ့ မျှင်ငါးပိတွေကိုဆေးဆိုးထားတာကြောင့် စားသုံးရန်မသင့်လို့သိမ်းဆည်းမှု တွေပြုလုပ်ခဲ့ပေမဲ့ ကုန်သည်တွေရဲ့ ငါးပိလှောင်ကန်ထဲမှာ ငါးပိတန်ချိန်ဟာ သိန်းနဲ့ချီပြီးသိုလှောင်ထားတာဖြစ်တယ်။

ဘာရောဂါဖြစ်နိုင်လဲအဲသည်ဆေးဆိုးထားတဲ့ မျှင်ငါးပိကိုစားရင် အဓိကဖြစ်စေနိုင်တဲ့ရောဂါမှာ အစာအိမ်ရဲ့အူလမ်းကြောင်းမှာအနာဖြစ် စေနိုင်ပြီး နောက်ဆုံးကင်ဆာရောဂါအထိ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ဒေါက်တာပြည့်ဖြိုးကပြောပါတယ်။

မိုးမိုး(ကုမုဒြာ)

No comments:

Post a Comment