Latest News

Wednesday, February 8, 2017

တပ်မတော်အား ထိခိုက်သည်ဟု တရားစွဲခံထားရသူများအား ငွေ ၁၀ သိန်းဖြင့် အာမခံပေး

တပ်မတော်အား ထိခိုက်သည်ဟု တရားစွဲခံထားရသူများအား

ငွေ ၁၀ သိန်းဖြင့် အာမခံပေး

ပုသိမ်မြို့နယ်တရားရုံးတွင် တပ်မတော်နှင့်တပ်မတော်မိသားစုဝင်များ ဂုဏ်သိက္ခာထိခိုက်သည့် စကားလုံးများကြောင့် တရားစွဲခံထားရသူ ၉ ဦး အား   ငွေကျပ်ဆယ်သိန်းဖြင့်  ကိုယ်တိုင်အာမခံပေးကြောင်း သတင်းရရှိသည်။

"ကိုယ်ပိုင်ခံဝန်နဲ့ အာမခံလုပ်တယ်။ တရားလိုဘက်က ဦးတိုက်လျှောက်ထားတယ်။ ဘာကြောင့်ဆိုတာ သိဖို့ မိတ္တူကူးခွင့်လျှောက်လွှာတင်တယ်၊ ဆယ်သိန်းနဲ့အာမခံလုပ်တယ် ကျွန်တော်တို့ ကပြတဲ့ပြဇာတ်ထဲမှာ တပ်မတော်နဲ့ တပ်မတော်မိသားစုဝင်တွေကို ထိခိုက်တဲ့ စကားလုံးတွေပါတယ်ဆိုပြီး စွဲတာပါ”ဟု ပုဒ်မ၅၀၀ဖြင့်တရားစွဲခံထားရသူ ကိုအောင်ခန့်ဇော်က ပြောသည်။

ကိုအောင်ခန့်ဇော်တစ်ဦးသာပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခံရပြီ ကျန်သူများမှာ ၅၀၀/၃၄ ဖြင့် တရားစွဲခံထားရသည်။ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က ပုသိမ်မြို့နယ်တရားရုံးသို့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး တရားစွဲခံရသူ ၉ ဦးတွင် ဆယ်တန်းဖြေဆိုရမည့် ကျောင်းသား ၄ ယောက် ပါဝင်သည်။

ဇန်နဝါရီလ ၉ ရက်နေ့ ၊ ပုသိမ်ဟိုတယ် ပတ္တမြားခန်းမတွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းသားများက တစ်ခန်းရပ်ပြဇာတ် ကပြခဲ့ပြီး၊ ထိုပြဇာတ်တွင် တပ်မတော်နှင့်တပ်မတော်မိသားစုဝင်များ ထိခိုက်သည့် စကားများပါဝင်သည့်ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင်က ပုသိမ်မြို့နယ်တရားရုံးသို့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့သည်။

တရားစွဲခံရသူများဘက်မှ ဟာသအမြင်နဲ့ ငြိမ်းချမ်းရေးကို အလိုရှိတယ်ဆိုတာ ပြသခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“ ကျွန်တော်တို့ ပြည်တွင်းစစ်တွေဖြစ်တော့ တိုင်းပြည်နစ်နာတာတွေ အများကြီးရှိတယ်။ လက်နက်ကိုင်အဖွဲ့  အစည်းတွေ ဖြေရှင်းတာ၊  စစ်ပွဲနဲ့ ဖြေရှင်းတာမျိုး မဟုတ်ဘဲ နိုင်ငံရေးစားပွဲဝိုင်းပုံစံမျိုး   ဖြေရှင်းစေချင်တယ်။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့၊ အမြင်ရှိတဲ့ စစ်ပွဲတွေ ထောက်ခံပါသည်ဆိုတာကို ယူပြီးတော့ တခြားဟာသအမြင်နဲ့ ပြန်လုပ်ပြီး၊ ငြိမ်းချမ်းရေး ဘယ်လို အလိုရှိတယ်ဆိုတာကို   ပြခြင်းတဲ့ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ ရည်ရွယ်တာ တပ်မတော်ရော၊ တခြားလက်နက်ကိုင်အဖွဲ့ အစည်းတွေရော ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မရှိဘူး” ဟု ကိုအောင်ခန့်ဇော်က သရုပ်ဖော်မှုအား ပြောသည်။

ပုသိမ်မြို့နယ်တရားရုံးက ပုသိမ်မြို့၊မြို့မရဲစခန်းသို့ စွပ်စွဲခံထားရသူများအား စစ်ဆေးပြီး ဇန်နဝါရီလ၂၅ ရက်နေ့တွင် ပြန်လည်တင်ပြခိုင်းခဲ့သည်။ ပုသိမ်မြို့နယ်တရားသူကြီးက "စွပ်စွဲခံရလို့ တရားရုံးမှာ လာရောက်ဖြေရှင်းတာပါ။ စွပ်စွဲသူပဲရှိသေးတယ်”ဟု ရှင်းလင်းပြောကြားသည်။

ပုသိမ်မြို့နယ်တရားရုံးက ကိုအောင်ခန့်ဇော်ပါ ကိုးဦး ဒုတိယမြောက်ရုံးချိန်းအား ဖေဖော်ဝါရီလ၂၀ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

=============
Mizzima - News in Burmese

No comments:

Post a Comment