Latest News

Wednesday, February 8, 2017

ဖော်ကောင် အောင်စိုး

ဖော်ကောင် အောင်စိုး


လေဆိပ်၌ ဦးကိုနီ သေနတ်ပစ်ခတ်ခံရပြီးနောက် အင်းစိန်၊ ဖော့ကန်၌ရှိသည့် မထင်မရှားဆံပင်ညှပ်ဆိုင်လေးတစ်ဆိုင်သည် နေ့ချင်းညချင်း နာမည်ကြီးသွားသည်။ ဧည့်သည်တွေက တဖွဲဖွဲ။

ထောင်သက် ၁၇ နှစ်ကျော်ရှိ လူမိုက်ကြီးတစ်ယောက် ဆံပင်ညှပ်ပေးသည့်ဆိုင်သို့ ဆံပင်တိုတို လာညှပ်ခိုင်းသည့် ဧည့်စိမ်းများရှိသလို သတင်းလာယူသည့် သတင်းထောက်များလည်းရှိသည်။ ဆိုင်အနီး မယောင်မလည် နှင့် အကဲခတ်နေသူများရှိသလို တစ်ဖက်ပိတ်လမ်းဖြစ်သော်လည်း စတစ်ကာအနက်ရောင်ကပ်သည့် ကားများ မကြာခဏ ဖြတ်သန်းနေသည်များလည်းရှိသည်။

ဦးကိုနီ လေဆိပ်သေနတ်ပစ်ခံရမှုတွင် လူထုနှင့်မရင်းနှီးလှသော လူဆိုးလူမိုက်များ ပေါ်ထွက်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူသုံးဦးဖြစ်သည်။ သေနတ် သမားကြည်လင်း၊ ပူးပေါင်းပါဝင်သူအောင်ဝင်းဇော်နှင့် ဖော်ကောင် အောင်စိုးတို့ဖြစ်သည်။ သူတို့သုံးဦးသည် မန္တလေးအကျဉ်းထောင်တွင် ဆုံခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ကြည်လင်းကို ဖမ်းမိသောပုံအား တွေ့မြင်လိုက်ပြီးနောက် ပူးပေါင်းပါဝင်သူ တရားခံအောင်ဝင်းဇော်ဟူသော အမည်တစ်ခုကို စတင်ထုတ်ဖော်သူက ဦးအောင်စိုးပင် ဖြစ်သည်။ ကြည်လင်း၏ အမှုတွဲ အောင်ဝင်းဇော်က သေနတ်ပစ်လုပ်ကြံမှုတစ်ခုအတွက် လာရောက်ကမ်းလှမ်းခဲ့ကြောင်း ဦးအောင်စိုးက ဖေဖော်ဝါရီ ၁ ရက်တွင် Myanmar Now သတင်းဌာနမှတစ်ဆင့် ဖွင့်ထုတ်ခဲ့သည်။ ယင်းအခြေအနေတွင် ကြည်လင်းက သူ့အား စေခိုင်းသူသည် မြင့်ဆွေဟု ထွက်ဆိုထားချိန်ဖြစ်သည်။ အောင်ဝင်းဇော်ကို ဖမ်းမိထားကြောင်း သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အလှပြင်ဆိုင်လေး ငှားရမ်းထားခါစအချိန် ၂၀၁၆ ဇွန်လတွင် ဦးအောင်စိုးနေထိုင်ရာဂျပန်လမ်းသို့ အောင်ဝင်းဇော် ခဲရောင်ပါဂျဲရိုးကားဖြင့် ရောက်ရှိလာပြီး လူသတ်ရမည့်အလုပ်ရှိကြောင်း၊ လူမျိုးခြား၊ ဘာသာခြားနိုင်ငံခြားသံတမန်တစ်ဦးကို နေ့ ခင်းကြောင်တောင် မြို့လယ်ကောင်တွင် ပစ်သတ်ရမည့်အလုပ်ဖြစ်ကြောင်း၊ အလုပ်အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာအတွက် အကျိုးရှိမည်ဖြစ်ပြီး ငွေကြေးလည်း ထိုက်ထိုက်တန်တန်ရရှိမည်ဖြစ်ကြောင်း၊ လောလောဆယ် ကျပ်သိန်း ၃၀၀ပါပြီး သိန်း ၁,၀၀၀ အထိ ယူမလားဟု အောင်ဝင်းဇော်၏ လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံကမ်းလှမ်းခဲ့ မှုကို ဦးအောင်စိုးက ပြောပြသည်။ ဦးအောင်စိုးက အောင်ဝင်းဇော်ကို အဖြေမပေးဘဲ ‘ငါစာရေးဆရာ ဖြစ်နေပြီ’ဟု သူ၏စာအုပ်ကို လက်ဆောင်ပေးခဲ့သည်ဟုဆိုသည်။

ထိုကိစ္စများ၏ အမှန်တရားမှာ အောင်ဝင်းဇော်နှင့် ဦးအောင် စိုးတို့နှစ်ဦးသာသိမည့်ကိစ္စများဖြစ်သည်။ သို့သော် ဦးအောင်စိုးသည် သတင်းစာများ၏ မျက်နှာဖုံးသတင်း ဖြစ်နေခဲ့ပြီ။ ထို့နောက် ဦးအောင်စိုး၏ ဆံသဆိုင်သို့ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာတော့သည်။ သို့သော် သူ၏ ပုံမှန်ဖောက်သည်များ မဟုတ်ပေ။

 ‘‘ပုံမှန်ဖောက်သည်တွေက ကြောက်လို့ ဘယ်သူမှ မလာရဲတော့ဘူး’’ ဟု ဦးအောင်စိုးက ဗလတောင့်တောင့် လူတစ်ယောက်ကို ဆံပင်ညှပ်နေရင်း ပြောလိုက်သည်။

ဖောဖော်ဝါရီ ၅ ရက်နံနက်တွင် ရောက်ရှိလာသူ ဧည့်စိမ်းကို ဦးအောင်စိုးက သူ၏လုံခြုံရေးအတွက် အင်္ကျီချွတ်ခိုင်းပြီးမှ ဆံပင်ညှပ်စေခြင်းဖြစ်သည်။ ဆံပင်လာညှပ်သူ၏အဖော် ဆံပင်တိုတိုအသားမည်းမည်းနှင့် အိတ်လွယ်ထားသူ တစ်ယောက်က ထိုင်စောင့်နေသည်။ ထိုသူကလည်း သူ၏ခပ်တိုတိုဆံပင်ကို ညှပ်ခိုင်းသည်။

တိုက်ဆိုင်စွာပင် ထိုအချိန်၌ ဦးအောင်စိုးဆိုင်ထဲသို့ သတင်းထောက်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့နှင့် ရပ်ကွက်နေ ပြည်သူအချို့ ရောက်လာသည်။ လူစိမ်းနှစ်ယောက်ကို ဦးအောင်စိုးက တပည့်တစ်ဦးအား နောက်ယောင်ခံလိုက်ကြည့်ခိုင်းရာ ကားပေါ်တွင် လူနှစ်ဦး အသင့်စောင့်နေသော တက္ကစီတစ်စီးပေါ်သို့ တက်သွားကြောင်း သတင်းပြန်ပို့သည်။

‘‘ရန်သူလား၊ မိတ်ဆွေလား မကွဲပြားဘူးဗျာ’’ဟု ဦးအောင်စိုး က မွန်းမွန်းကျပ်ကျပ် ပြောလိုက်သည်။

ဦးကိုနီအမှုတွင် သူ၏ ထုတ်ဖော်ပြောကြားမှုအတွက် ရန်သူများ၊ သံသယမျက်လုံးဖြင့် စောင့်ကြည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းမီဒီယာများ၊ စိတ်ဝင်စားသူများ၏ မျက်လုံးပေါင်းများစွာ အောက်သို့ ရောက်ရှိနေသည်။

ထောင် ၅၈ နှစ်ကျခံရန် အမိန့်ချခံပြီး ၁၇ နှစ်နှင့် သုံးလကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ လူမိုက်ကြီးသည် ဘဝတွင် တစ်ခါမျှ မကြုံဖူးသည့် လူအများ၏ အာရုံစူးစိုက်မှုမျိုးနှင့် ကြုံနေရသည်။

 သူထောင်ကလွတ်လာပြီးနောက် ရေးသားခဲ့သော ‘အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှလူဆိုးများ’ စာအုပ် ထုတ်ဝေစဉ်ကပင် ယခုလောက် သူ့ကို လူသိမများခဲ့။

သို့သော် သူ၏ကျော်ကြားမှုသည် သူ၏အန္တရာယ်ကို ဖိတ်ခေါ်နေသည်။ ထို့အတူ သံသယမျက်လုံးများကိုလည်း ဖိတ်ခေါ်နေသည်။

အသက် (၅၀)ကျော်သော်လည်း အရပ်ထောင်ထောင်မောင်းမောင်းနှင့် ကြံ့ခိုင်တောင့်တင်းဆဲ ဦးအောင်စိုးသည် တီရှပ်လက်ရှည် နှင့် ဂျင်းဘောင်းဘီကို ဝတ်ကာ ဆံပင်ညှပ်နေစဉ်မှာပင် တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေသည်။ ရင်ဘတ်တွင် တက်တူးထိုးထားပြီး ကတုံးဆံတောက်သာသာ ဆံပင်ကို အနီရောင်ခြယ်သထားသည့် မျက်နှာကြောတင်းတင်းနှင့် သူ့ပုံစံက မြင်ရုံဖြင့် လူမိုက်မှန်းသိသာသည်။ စကားကို စိတ်မြန်လက်မြန်ပြောသော်လည်း ရေရေလည်လည် ချက်ကျလက်ကျ ပြောတတ်သည်။

ထောင်ကလွတ်လာပြီးနောက် ဇနီးသည်၏ အလှပြင်ဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ဆံပင်ညှပ်တတ်သွားသော ဦးအောင်စိုးသည် လပိုင်းအတွင်း သူ၏ ဖောက်သည်များကို ဆုံးရှုံးလိုက်ရ ပြီဖြစ်သည်။ သို့သော် သူ့စိတ်ဓာတ်ကို ဂုဏ်ပြုကာ ကားဖြင့် တကူးတကလာရောက်ပြီး ကလေးငယ်များကို ဆံပင်လာညှပ်ခိုင်းသူမျိုးလည်း ရှိသည်။ ထိုကဲ့သို့ ဖြစ်ရပ်က ရှားရှားပါးပါးပင်။

လူမိုက်ဘဝကနေ လူကောင်းဘဝကို ပြောင်းလိုသူ သူ့အတွက် အတိတ်၏အရိပ်များက ကပ်ပါလာသည်။ ထောင်ထဲတွင် ဆုံခဲ့ဖူးသူတွေ ကျူးလွန်သည့်အမှုတွင် တစ်နည်းတစ်ဖုံ ပတ်သက်နေရပြီ။ အောင်ဝင်းဇော်က သူ့ကိုလာငှားခဲ့သည့်ကိစ္စကို သူက လူသိရှင်ကြားဖွင့်ထုတ်ခဲ့သည်။ အကျိုးဆက်အဖြစ် ရဲက သူ့ကိုခေါ်တွေ့သည်။ သတင်းထောက်များ သူ့ဆီရောက်လာသည်။ အသက်အန္တရာယ်အထိပင် စိုးရိမ်ရသော ထုတ်ဖော်ပြောဆိုမှုအတွက် သူ့ကို သံသယဝင်သူများလည်း ရှိသည်။

‘‘ကျွန်တော်တို့က အကြောက်တရားကနေ ရုန်းထွက်နိုင်ဖို့လိုတယ်။ မှန်တဲ့ဘက်က ရပ်ဖို့လိုတယ်’’ဟု ကြည်လင်းကိုတွေ့ပြီးနောက် ကြည်လင်းနောက်က လူကို ထုတ်ဖော်ပြောကြားခြင်းအကြောင်းရင်းကို သူကပြောသည်။

ထို့အတူ သူ၏အန္တရာယ်ကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားသည်။

သူထုတ်ပြောလိုက်သည့် အောင်ဝင်းဇော်နှင့် သမ္မတရုံးက ထုတ်ပြန်သည့် အောင်ဝင်းဇော်အမည်တူသည်ကလွဲ၍ သူ၏ ပြောစကားသက်သက်များအတွက် မှန်၊ မမှန် အတည်ပြုနိုင်ရန် ခက်ခဲသည့် အခြေအနေဖြစ်နေသည်။ သူ၏ပြောစကားများကို မယုံကြည်ဘဲ သံသယထား စောင့်ကြည့်သူလည်း အမြောက်အမြားပင်။

‘‘ကိုယ်က အကောင်းအဆိုး ဒွန်တွဲနေတယ်’’ဟု သူ့ဘဝကို အတိုဆုံး ဖော်ညွှန်းသည်။

၁၉၉၆ ကမြန်မာ့ခရီးသွားနှစ်ကို မြန်မာပြည်သူများ သတိရကြဦးမည်ထင်သည်။

ဦးအောင်စိုးလည်း ကောင်းကောင်းမှတ်မိပါသည်။ သံတိုင်များ၏ အပြင်ဘက်တွင် နောက်ဆုံးနေခဲ့ရသည့် အချိန်များဖြစ်သည်။ မြန်မာ့ခရီးသွားနှစ်တွင် တိုင်းပြည်ဂုဏ်သိက္ခာ ကျဆင်းစေသည်ဆိုကာ လုယက်မှုရှစ်ခုအတွက် သူ့ကို ထောင် ၅၈ နှစ်အထိ ကျခံရန် အမိန့်ချခဲ့သည်။ သူသည် အင်းစိန်ထောင်တွင် ၁၉၉၆ မှ ၁၉၉၉ အထိလည်းကောင်း၊ မန္တလေးထောင်တွင် ၁၉၉၉ မှ ၂၀၀၉ အထိလည်းကောင်း၊ မြင်းခြံထောင်တွင် ၂၀၀၉ မှ ၂၀၁၃ အထိလည်းကောင်း၊ နောင်ချိုရဲဘက်စခန်းတွင် ၂၀၁၃ မှ ၂၀၁၄ အထိလည်းကောင်း စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်နှင့် သုံးလကျခံခဲ့ရသည်။

သို့သော် သူသည် ငယ်စဉ်က တပ်ထဲဝင်ခဲ့ပြီး တပ်ပြေးအဖြစ် အဖမ်းခံရကာ မော်လမြိုင်ထောင်သို့လည်း ရောက်ရှိခဲ့ဖူးသည်။

ဦးအောင်စိုးသည် သူ့ကို သတင်းစာမျက်နှာများထက်သို့ တင်ဆောင်ပေးခဲ့သူ Myanmar Now မှ ကိုဆွေဝင်းနှင့် ကိုဆွေဝင်း၏ရဲဘက်အကြောင်း ဆောင်းပါးများရေးစဉ်က တွေ့ဆုံမေးမြန်းစဉ် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

ယုံကြည်ချက်ကြောင့် နရသိန်ရောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ကိုဆွေဝင်းနှင့် ဦးအောင်စိုးမှာလည်း ရေစက်ဆုံသူများဖြစ်ပြီး အင်းစိန်ထောင်၊ မန္တလေးထောင် နှင့် မြင်းခြံထောင်တို့တွင် နှစ်ယောက်စလုံး ထောင်ကျဖူးသူများ ဖြစ်ကြောင်း စကားစပ်မိမှ သိခဲ့သည်။

 ကြည်လင်းနောက်ကွယ်က လူအကြောင်းကို ဦးအောင်စိုးသည် ရဲများကိုပင် အသိမပေးဘဲ သူလေးစားယုံကြည်သူ ကိုဆွေဝင်းကို ညတွင်းချင်း ဖွင့်ဟခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ အင်းစိန်ထောင်ကနေ မန္တလေးထောင်သို့ ပြောင်းတော့ ရထားတစ်စီးတည်းပဲ။ အဲဒီတုန်းက မသိခဲ့ကြဘူး’’ဟု ကိုဆွေဝင်းက ပြန်ပြောင်းပြောပြသည်။

ကိုဆွေဝင်းသည် ၎င်း၏ အဆက်အသွယ်များထံမှရသော သတင်းများအရ ဦးအောင်စိုးသည် ထောင်ထဲတွင် မဟုတ်မခံစိတ်ရှိခဲ့သူဖြစ်နေကြောင်း အတည်ပြုသည်။

‘‘တော်တော်များများက အမှောင်ထဲကလာပြီး အမှောင်ထဲပဲ ပြန်သွားကြတယ်။ သူကတော့ ထောင်ကထွက်လာတာ မကြာသေးဘူး၊ စာရေးတယ်ဗျာ။ ဒါကို ကြိုဆိုရမယ်’’ဟု ကိုဆွေဝင်းက ပြောသည်။

မန္တလေးထောင်သည် သူ့ကို ဦးကိုနီကိစ္စတွင် ပါဝင်လာစေသည့် အကြောင်းရင်းခံနေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ကြည်လင်း၊ အောင်ဝင်းဇော်တို့နှင့် သူဆုံခဲ့သည်။

အောင်ဝင်းဇော်၏ ရေကန်ဘုတ်ကိုင်နေရာကို အောင်ဝင်းဇော်ထွက်သွားပြီးနောက် သူနေရာရသည်။

‘‘ကိုယ်က နည်းနည်းဝိုက်တယ်။ သူကများများဝိုက်တယ်’’ ဟု ဦးအောင်စိုးက တဟားဟားရယ်ပြီးပြောသည်။

သူတို့ ရေစက်ကမသေးလှ။ ထိုစဉ်က အောင်ဝင်းဇော်သည် ထောင်ဖောက်ပြေးရန် ကြံစည်မှုအား ဦးအောင်စိုးကို တိုင်ပင်ခဲ့ပြီး အစီအစဉ်မဖြစ်ခဲ့သော်လည်း နှုတ်လုံမှုကြောင့် ဦးအောင်စိုးကို လူသတ်ရန် လာကမ်းလှမ်းသည်ဟု ဦးအောင်စိုးက ယူဆသည်။

ထို့အပြင် ဦးအောင်စိုးသည် နာမည်ကြီးဆရာတော်ဦးဝီရသူနှင့်လည်း မန္တလေးထောင်တွင် ဆုံခဲ့သေးသည်။ ထောင်အတွင်း မတရားမှုများကို ဦးအောင်စိုးက ဘီဘီစီသို့ ဖော်ကောင်လုပ်သည့်ကိစ္စတွင် ဦးဝီရသူတို့က ဆက်သွယ်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဖော်ကောင်လုပ်မှုကြောင့် မန္တလေးထောင်ရှိ အရာရှိအချို့နှင့် ဝန်ထမ်းအချို့ ပြောင်းရွှေ့ခံရသည်။ ဦးအောင်စိုး၏ ဖော်ကောင်လုပ်မှုသည် မန္တလေးထောင်တွင် အဆုံးမသတ်ဘဲ မြင်းခြံထောင်အထိ လိုက်ပါလာသည်။

၂၀၁၂ စက်တင်ဘာက သီတဂူဆရာတော်ဘုရားကြီး မြင်းခြံထောင်သို့ ကြွရောက်လာပြီး အကျဉ်းသားများအား တရားအလှူ ပြုလုပ်စဉ်ကဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင်အချို့နှင့် သတင်းထောက်အချို့ပါလာပြီး သတင်းထောက်တစ်ဦးကို မြင်းခြံထောင်၏ အကျင့်ပျက်ခြစားမှုများကို ဖော်ကောင်လုပ်ခဲ့ပြန်သည်။

ထိုသတင်းထောက်၏ ဖုန်းနံပါတ်ကိုယူထားခဲ့ပြီး ထောင်ကလွတ်လာစဉ် သူရေးသည့်စာအုပ်တွင် အဆိုပါသတင်းထောက်အား အမှာစာရေးခိုင်းခဲ့သည်။ သူ၏စာအုပ်သည် သူ၏ထောင်သက်အတွင်း ထောင်အာဏာပိုင်များ၏ ဆိုးရွားမှုများကို အမည်များဖော်ကာ ရေးသားခဲ့သည်။ ခေတ်ဆိုး၊ စနစ်ဆိုးကြောင့် လူဆိုးလူမိုက်များ ပေါများခဲ့ခြင်းဖြစ်ကြောင်း သူ၏ ထောင်အတွေ့အကြုံအရ ပြောသည်။

‘‘ကိုယ်က လူငယ်တွေကို ထောင်ဆိုတဲ့ ငရဲကို မရောက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ထောင်ဆိုတာ ဘယ်လောက်ဆိုးကြောင်း ရေးခဲ့တာ’’ဟု ဦးအောင်စိုးက ဖွင်ဟခဲ့သည်။

သူအလေးစားဆုံးပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ဟုဆိုသည်။ သူတို့ ဇနီးမောင်နှံ၏ အလှပြင်ဆိုင်ကို ‘စုရတနာ’ ဟုပေးနာမည်ပေးထားပြီး ဗေဒင်ဆရာပေးသည့် အမည်သုံးမျိုးထဲမှ ဒေါ်အောင်ဆန်းစုကြည်၏ ‘စု’အမည်ပါ၍ ရွေးခြင်းဖြစ်ကြောင်း လူကြမ်းကြီးကပြောသည်။

ငယ်စဉ်က အိပ်မက်ရေရေရာရာမရှိခဲ့ဘဲ ထောင်ထဲတွင် အချိန်ကုန်ဆုံးခဲ့ရသူက ယခုအချိန်တွင် စာအုပ်တစ်အုပ်ရေးပြီး နောက်စာရေးဆရာအလုပ်ကို မြတ်နိုးသည်ဟု ဖွင့်ဟသည်။ နောက်ထပ်စာအုပ်တစ်အုပ် ထပ်ထုတ်ဦးမည်ဟု သူကဆိုသည်။ ‘ဒုတိယ သေမင်းတမန်လမ်း’ ဟု အမည်ပေးထားကာ သူရဲဘက်စခန်းရောက်စဉ်က ကြုံတွေ့ခဲ့ရသည့် ရန်ကုန်-မန္တလေးအမြန်လမ်းဖောက်လုပ်ခဲ့မှု အတွေ့အကြုံကို ပြန်ရေးမည်ဟုဆိုသည်။ အောင်ဝင်းဇော်ကို ဖော်ကောင်လုပ်ပြီးနောက် နာမည်ကြီးလာသောကြောင့် ယခုအခါ သူ၏ ပထမစာအုပ်က ဝယ်၍ပင်မရတော့ပေ။

‘‘ကိုယ်က စာရေးဆရာဖြစ်လာတော့ တချို့က ဆရာလို့ခေါ်ရင် ကိုယ်အရမ်းဖီးလ်တက်တာ။ ကိုယ့်လိုလူတစ်ယောက် ဆရာအခေါ်ခံရဖို့ဆိုတာ အဝေးကြီးပဲဟာကို။ ဒါကြောင့် ရရှိလာတဲ့ ဂုဏ်နဲ့လျော်ညီအောင်နေရမယ်လေ’’ ဟု အမှောင်မှအလင်းဘက်သို့ ရွေ့လျားလာသူက ဆိုပါသည်။ လက်ရှိအခြေအနေတွင် ဦးကိုနီအမှုသည် မပြီးပြတ်သေးသဖြင့် နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမည်ကို မပြောနိုင်သေးချေ။ သို့သော် လတ်တလောတွင်တော့ ဖော့ကန်တွင် ဆံပင်ညှပ်ပြီး အင်းစိန်အောင်စိုးအမည်ဖြင့် စာရေးသူထောင်ထွက်လူကြမ်းကြီးသည် ‘ဖော်ကောင် အောင်စိုး’ ဟု နာမည်ကြီးနေပြီဖြစ်သည်။

မှတ်ချက်။ ‘ဖော်ကောင်’ ဟု သုံးနှုန်းထားခြင်းသည် အဂါရဝဖြစ်အောင်သုံးစွဲခြင်းမျိုးမဟုတ်ဘဲ အာဇာနည်ခေါင်းဆောင်ကြီးများအား  နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ဖော်ကောင်ပြုလုပ်ခဲ့သော ဘညွှန့်ကို ‘ဖော်ကောင်ဘညွှန့်’ ဟု သုံးနှုန်းသကဲ့သို့စာဖတ်သူများအား ပိုမိုဆွဲဆောင်နိုင်ရန် ရည်ရွယ်ခြင်းသာဖြစ်ပါသည်။
7Day News Journal

No comments:

Post a Comment