Latest News

Tuesday, February 28, 2017

စစ်ရေး အသုံးစရိတ်ကို သမိုင်းဝင် ပမာဏထိ မြှင့်တင်မည်ဟု ထရမ့်ပြောကြား

စစ်ရေး အသုံးစရိတ်ကို သမိုင်းဝင် ပမာဏထိ မြှင့်တင်မည်ဟု ထရမ့်ပြောကြား


အမေရိကန်၏ စစ်ရေးအသုံးစရိတ်ကို သမိုင်းဝင် ပမာဏထိ မြှင့်တင်မည်ဟု သမ္မတသစ် ဒေါ်နယ်လ်ထရမ့်၏ အစိုးရအဖွဲ့က အတည်ပြုလိုက်သည်။

လာမည့် ဘဏ္ဍာရေးနှစ် အသုံးစရိတ် စာရင်းတွင် ပင်တဂွန် စစ်ဌာနချုပ် အနေဖြင့် ဒေါ်လာ ၅၄ ဘီလီယံထိ တိုးမြှင့်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။ ထိုပမာဏသည် ယမန်နှစ်ထက် ကာကွယ်ရေး အသုံးစရိတ် ၉ ရာခိုင်နှုန်းမျှ မြှင့်တင်မည့် သဘောလည်း ဖြစ်သည်။ ထရမ့်က ၎င်းသည် ကာကွယ်ရေးကဏ္ဍ အသုံးစရိတ်ကို အလုံးအရင်း မြှင့်တင်လိုသော်လည်း စစ်လက်နက် ပစ္စည်းများ ဖြည့်တင်းဝယ်ယူရာတွင် ငွေကြေးပေးချေမှုကို အတတ်နိုင်ဆုံး စနစ်တကျ စိစစ် သုံးစွဲသွားမည်ဟုလည်း ဆိုသည်။

ထရမ့်၏ စိတ်ကူးတွင် လာမည့်ဘဏ္ဍာရေးနှစ် ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၅၄ ဘီလီယံ တိုးမြှင့်ရန်၊ ယင်းအသုံးစရိတ်အနက် ပိုလျှံသည့် ငွေပမာဏကို မည်သည့်နေရာတွင် အသုံးချသင့်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ခွင့် ရစေရန် စသည်တို့ ပါဝင်သည်။ ထို့အပြင် ထရမ့်က အစိုးရ အေဂျင်စီ အချို့၏ ရန်ပုံငွေ ကဏ္ဍကို လျှော့ချရန်လည်း စိတ်ကူးနေကြောင်း သိရသည်။

တစ်ဖက်တွင် ကာကွယ်ရေး ကဏ္ဍနှင့် ဆက်စပ်မှု မရှိသော အစိုးရဌာန အချို့၏ အသုံးစရိတ်ကို လျှော့ချရန် ထရမ့်က ရည်ရွယ်ထားကြောင်းလည်း အိမ်ဖြူတော်၏ ဘဏ္ဍာရေး တာဝန်ခံ အရာရှိ တစ်ဦးက ဆိုသည်။ အမေရိကန်သည် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေး အသုံးစရိတ် စုစုပေါင်း ဒေါ်လာ ဘီလီယံ ၆၀၀ နီးပါးမျှ သုံးစွဲခဲ့သည်။

“အစိုးရရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး အချိုးကျ ခွဲဝေမှုမှာ အလျှော့အတင်းတချို့ လုပ်ဖို့ စီစဉ်ရမယ်။ ဒီဘဏ္ဍာရေး ခွဲဝေသတ်မှတ်မှုဟာ အမေရိကန်ကို လုံခြုံဘေးကင်းစေမယ်ဆိုတဲ့ ကျုပ်ရဲ့ကတိကို တည်မြဲစေရမယ်။ အဲဒီမှာ ကာကွယ်ရေး အသုံးစရိတ်အတွက် သမိုင်းဝင် ပမာဏထိ မြှင့်တင်မှုလည်း ပါဝင်လာပါမယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်က နိုင်ငံကို အမြန်ဆုံး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ရေးနှင့် ပတ်သက်၍ ၎င်း၏ စီမံကိန်းများကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။ “ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ မနိုင်ခဲ့ဘူး။ ဘယ်စစ်ပွဲမှာမှ မနိုင်တာ ကြာပြီ။ အရှေ့အလယ်ပိုင်း ဖြစ်ရပ်တွေမှာ အဆိုးဆုံးပဲ။ အခြေအနေတွေ အရမ်း ရှုပ်ထွေးနေတာ အမှန်ပဲ”ဟုလည်း ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် မှတ်ချက်ပေးခဲ့သည်။

ထရမ့်သည် ယခင်ကလည်း အမေရိကန်၏ စစ်အင်အားကို တိုးမြှင့်ရန် လိုလားကြောင်း အတည်ပြုခဲ့ပြီး ဖြစ်သည်။ ၎င်း၏ အစီအစဉ်များတွင် အမြဲထမ်း စစ်မှုထမ်း အရေအတွက်ကို လက်ရှိကြည်းတပ်တွင် ၄၈၀၀၀၀ ရှိနေရာမှ ၅၄၀၀၀၀ ထိ မြှင့်တင်ရန်၊ မရိန်းတပ်ဖွဲ့တွင် တပ်ရင်းအရေအတွက် ၂၃ ခု ရှိနေရာမှ ၃၆ ခုသို့ မြှင့်တင်ရန်၊ မရိန်းတပ်ဖွဲ့ဝင် အရေအတွက် ၁၀၀၀၀ ကျော်မျှ တိုးမြှင့်ရန်၊ ရေတပ်တွင် သင်္ဘောနှင့် ရေငုပ်သင်္ဘော ၂၇၆ စီးရှိရာမှ ၃၅၀ သို့ တိုးမြှင့်ရန်၊ လေတပ်၏ မဟာဗျူဟာ တိုက်ခိုက်ရေးလေယာဉ် အရေအတွက်ကို ၁၁၀၀ မှ ၁၂၀၀ သို့မြှင့်တင်ရန်တို့ ပါဝင်ကြောင်းလည်း သိရသည်။

Ref: The New York Times



7Day News Journal

No comments:

Post a Comment