Latest News

Wednesday, February 15, 2017

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်မည်

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်မည်

တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းအနီးမှာ ဆောက်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဦးနေဝင်းအစိုးရလက်ထက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်တည်ဆောက်မယ်လို့ ၁၉၆၀-၆၁ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာမင်းသိမ်းက ပြည်တွင်းသတင်းဌာန The Voice ကို ပြောပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရဝန်ကြီးများ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝ်ငများ၊ ၈၈ မျိုးဆက်မတိုင်မီ ကျောင်းသားသမဂ္ဂမှာ ပါဝင်ခဲ့သူများနဲ့ လက်ရှိကျောင်းသားများက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်တည်ဆောက်ရာမှာ မူလ သမိုင်းတန်ဖိုးဖြစ်တဲ့ ကိုလိုနီစနစ် ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးကို ပုံစံမပျက်စေသကဲ့သို့ လက်ရှိ အခြေအနေအရ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ပပျောက်ရေး သမိုင်းတန်ဖိုးကိုပါ ပုံပေါ်အောင် တည်ဆောက်သွားရန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဦးနေဝင်းအစိုးရလက်ထက်က ဖောက်ခွဲဖျက်ဆီးခံရတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းအနီးမှာ ၁၉၂၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှာ အပြီးသတ်ခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စေတနာရှင် သူဌေးကြီး ဒေါက်တာဦးညိုက အိန္ဒိယရူပီးငွေ ၁၇၀,၀၀၀ လှူဒါန်းပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံမှာ ကျောင်းသားရေးရာ ညီလာခံခန်းမ၊ အစည်းအဝေးခန်းမ၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်များ၊ ဘိလိယက်ခန်းမတို့ ပါဝင်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုထုတ်ဝေတဲ့ ရန်ကုန်တက္ကသိုလ်သမိုင်းစာအုပ်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် မနက်အရုဏ်တက်မှာ ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

Source & Photo: The Voice, Wikipedia: Duwun

No comments:

Post a Comment