နယ်စပ်စည်းရိုးကာရံတဲ့လုပ်ငန်းတွေကိုလည်း လုပ်နေပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်က နယ်ခြားစောင့်ရဲစခန်း ၁၈၆ ခုကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲလေးခု၊ လုံခြုံရေးတပ်ခွဲ နှစ်ခုတို့နဲ့ အင်အားဖြည့်တင်းထားကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျောက်ဖြူ မဲဆန္ဒနယ် ဦးဘရှိန်က ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ ရခိုင်တိုင်းရင်းသားတွေကို အကြမ်းဖက်မှုကြောင့် နေရာရွှေ့ပြောင်းနေထိုင်နေရတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးမယ့် ကိစ္စကိုမေးမြန်းခဲ့ရာမှာ ပြည်ထဲရေးဒုဝန်ကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့က နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခုထားရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ်စည်းရိုးကာရံတဲ့လုပ်ငန်းတွေကို ၂၀ဝ၉ ခုနှစ်မတ်လကနေ စလုပ်နေပြီး ၂၀၁၄ ခုနှစ်မတ်လမှာ နယ်နိမိတ်မှတ်တိုင်B 2 ကနေ BP 66 အထိ ၁၁၄ ဒသမ ၆၅ မိုင် ကာရံထားပြီး လက်ရှိအချိန်မှာ တုံးချောင်းဝကနေ အငူမော်ကျေးရွာအထိ မိုင်၄၀ ခြံစည်းရိုး ကာရံတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Source : The Voice
No comments:
Post a Comment