Latest News

Thursday, February 23, 2017

နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအတွက် ရဲမှူးချုပ်နှင့် အရာရှိများကို ထောင်ဒဏ်ချမှတ်

နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုအတွက် ရဲမှူးချုပ်နှင့် အရာရှိများကို ထောင်ဒဏ်ချမှတ်



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)နှင့် နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်၍ အဓိက တာဝန်လစ်ဟင်းခဲ့သော ရဲမှူးချုပ်နှင့် အရာရှိကြီးများကို တရားရုံးက ထောင်ဒဏ်၃ နှစ် ချမှတ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး ရဲမှူးချုပ် မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်၊ ရဲမှူးကြီး ဇေယျဟန်ကို ထောင်ဒဏ် ၁ နှစ်နှင့် နယ်ခြားစောင့် ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး ကျော်တေဇကို ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

“ဒီသုံးဦးထဲကို ထောင်ဒဏ် ချလိုက်တာပါ၊ ဖြစ်စဉ် အသေးစိတ်ကိုတော့ တရားရုံးမှာ စုံစမ်း သတင်းယူနိုင်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) နှင့် ငါးခူးရနယ်မြေ ရဲစခန်း၊ ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်မြေ ရဲစခန်းတို့မှာ လူအင်အား ၃၀ဝ ခန့်မှ အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း ဝင်ရောက် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့ပြီး စခန်းရှိ လက်နက်ခဲယမ်းများ အကြမ်းဖက်များ၏ လုယက်မှုကို ခံခဲ့ရသဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရမှုကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှူး ရဲမှူးချုပ် မောင်မောင်ခိုင် နေရာတွင် ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပြီး ရဲမှူးချုပ် မောင်မောင်ခိုင် အပါအဝင် ရဲမှူးကြီး ဇေယျဟန်၊ ဒုရဲမှူးကြီး ကျော်တေဇတို့ကို အကြမ်းဖက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ စုံခုံဖွဲ့ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

မောင်တောဒေသ အကြမ်းဖက်ခံရ မှုကြောင့် လက်နက် ၆၇ လက်၊ ကျည် ၁၀၉၃၀၊ ကျည်အိမ် ၁၇၃ ခု၊ လုံးစွပ် ၄၇ ပါ ဆုံးရှုံးခဲ့ပြီး တပ်မတော်သား ခုနစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးကာ တပ်မတော်သား ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်။
အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်မှ အကြမ်းဖက် တိုက်ခိုက်သူ ၆၉ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက် ခဲယမ်းအချို့ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ရွာများ မီးရှို့ ဖျက်ဆီးခံရပြီး ပြည်သူ ၁၃ ဦး သေဆုံးကာ အကြမ်းဖက် အဖွဲ့ဝင်ဦးရေ ၅၀ဝ ကျော်ကို အရှင်ဖမ်းမိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သည့် မောင်တောခရိုင် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက် တိုက်ခိုက်ခံရသည့် ကျေးရွာများကို စနစ်တကျ ပြန်လည်ထူထောင်မှုနှင့် ဒေသတွင်းရှိ နှစ်ဖက် အသိုင်းအဝိုင်းများကို ပြည်တွင်းပြည်ပ အလှူရှင်များ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း ယခုအခါ နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။



The Voice

No comments:

Post a Comment