အမှတ်တရ အောင်ဆန်း.....(၁) မှ ( ၆ ) အထိ
ငမိုး ကို လူအများက သေပြီ ဟုပြောကြသည်..
အမှန်မှာကား ငမိုး မသေသေး...
ငမိုးသည် ကျနော့ ထက် အသက် ၆နှစ် ခန့်ကြီးသည် ငမိုးနဲ့ ကျနော် အသက်ချင်းကွာသလို အတန်းချင်းလည်း ကွာသည်..
(ငယ်ငယ်က ကျောင်းသားဘဝ ကို ပြန်အမှတ်ရမိသေး တယ်..)
ငမိုးက လူတစ်မျိုး...
ကျောင်းအဆင်း အိမ်အပြန် လမ်းသွားရင်း လုံချည်ကျွတ်ကြပါက (ငမိုး) ဘယ်တော့မှ ပြန်မဝတ် ပခုံးမှာ ကောက်စွပ်ပြီး မည်သူမျှ စကားမပြောပဲ ခပ်သုတ်သုတ်သွားတတ် သည်...
ကျနော်တို့ကျောင်းတွင် မျက်နာကြီးကျောင်းသား အုပ်စု နှစ်စု ကွဲနေသည် တစ်စုမှာ ငမိုးတို့ ညီအကိုတစ်စု ဖြစ်၏..
တစ်စုနှင့် တစ်စု ပညာဂုဏ်ပြိုင်ဘက် ဖြစ်သည့်
အလျောက် ကျောင်းအပြန် ဆိုလျင် အမြဲရန်ပွဲ ဆင်ရ၏..
ထိုရန်ပွဲတွင်...ကျနော် သည်ငမိုးတို့ဘက်မှ အမြဲပါဝင်မြဲ
ဖြစ်သည်..
ငမိုးက မတရားဘူး ထင်လျင် ဘသူမှ ဗိုလ်မထား...
အမေစု ၏ လယ်ပေါင်ယာပေါင် စာချုပ်များကို ပင် ယူ၍ မီးရှို့ ရဲခဲ့သော ငမိုး...
အမေ့ပစ္စည်း တောင်မှ လမ်းမကျဘူးထင်ရင် လမ်းကျအောင် ဇွတ်လုပ်တတ်တဲ့ငမိုး.
ငမိုး မှာ မျက်နှာစိမ်း မျက်နှာကျက် ဟူ၍ ခွဲခြားခြင်းမရှိ တည့်မတ်လိုက်သည်မှာ ပကတိ ချိန်ခွင်လျှာလို...
ငမိုး စတုတ္ထတန်း အောင်မြင်ပြီး သောအခါ ....
(ရေနံချောင်းနေရှင်နယ်)အင်္ဂလိပ်ကျောင်းသို့ ပြောင်း သွား၏ ..အဲဒီခေတ်က (အင်္ဂလိပ်ကျောင်းကို တော်ရုံလူ မတက်နိုင်)...ကျနော် တို့မြို့မှ လေးငါးဦးသာ ပညာသင်ကြားနိုင် သည်.ထိုအထဲတွင်..တစ်ခြားသူများက တမူ..
ငမိုးက တဘာသာ...(ဥပမာ)
အခြားကောလိပ် ကျောင်းသားကြီးများက..နွေရာသီ ကျောင်းပိတ်ရက် ရန်ကုန်မှ အိမ်ပြန်လာလျင်......
"ဘယ်နေ့ရောက်မည် .ဘူတာက ကြိုပါ"ဟု အိမ်ကို သံကြိုးရိုက်လေ့ရှိ၏..
နတ်မောက်သည် တောမြို့ဖြစ်သည့်အတွက် "ကား"မရှိ.
ဘူတာနှင့်မြို့စပ်ကြား ကို "ယင်း"ချောင်း ကြီးက ခြား
ထားသည်..နွေရာသီတွင် ရေမရှိပဲ.သဲများဖြင့် ပြည့်နေသည်..
သံကြိုးစာ ရသည့် မိဘများက အင်္ဂလိပ်ကျောင်းသား
ကြီးများကို လှည်းယဉ်ဖြင့် သွားကြိုရ၏...
လှည်းယဉ် ဆိုပေမယ့်.မခေလှ..နှီးပေါင်းမိုး မှာ နံဘေး
ဝဲယာ နှစ်ဘက် ပြတင်းပေါက်ပါပြီး ခန်းစီးလိုက်ကာနှင့်..
ဖင်မနာအောင် မွေ့ယာလည်းခင်းထားသေး၏ နွားတွင်လည်း ခြူ ကုံးတွေ တစ်ချွင်ချွင် နဲ့ အမတန်စိတ်ကြီးဝင်စရာ ကောင်းလှ၏......
ရထားကအဆင်း မြို့ထဲအဝင် ......တစ်စောင် တမူးပေးရသော (ရန်ကုန်ဂေဇက်) အင်္ဂလိပ်သတင်းစာ ကြီး ကို လှည်းနံရံ ခြေကန်ဖတ်ရင်း လိုက်ပါလာလျင်..ကောလိပ်ကျောင်းသား ပြန်လာပြီဟု သိကြ၏.........
ငမိုးကား....အာဂ ငမိုး...
သူပြန်လာလျင် သံကြိုးလည်းမရိုက်..အကြိုလည်း မခိုင်း
အိပ်ယာလိပ်နဲ့သေတ္တာကို လှည်းကြုံနှင့် ငါးမူးပေးပြီး
တင်လွှတ်လိုက်၏...ရထားဆိုက်သော နေခင်းနှစ်နာရီ နေပူထဲမှာ ဖိနပ်မပါ ဦးထုပ်မပါ ယင်းချောင်းကို ဖြတ်ကူး
လာ တတ်၏..လုံချည်ကွင်း မီးပေါက် နှင့် မြို့အရှေ့ဘက်က မြောင်းဘောင်အတိုင်း လျောက်တတ်၏...
ထိုကမှ မြို့ထဲဝင်၍ အိမ်သို့သွား၏..
တစ်ခါတစ်လေ စပါးလှေ့ နေသော လူသိုက်ထဲ ဘာမပြော ညာမပြော ဝင်ထိုင်ပြီး ရေနွေးကြမ်း.နှစ်ခွက် သုံးခွက် ငှဲ့သောက်ပြီး တန်း ထသွားသည် ဟူ၏....
လမ်းသွားလျင်လည်း ဘသူ့ နုတ်ဆက်သံမှမကြား
လက်သီးဆုပ် အံကြိတ်ပြီး တစ်ယောက်ထည်း (နိုင်ငံရေး)စကားတွေ ပြောသွားတတ်သေး၏...
သူပြန်လာလျင်......
အိုးဝေမဂ္ဂဇင်း..ဒီးဒုတ်ဂျာနယ် တက္ကသိုလ် မဂ္ဂဇင်း စသည့် စာအုပ်များ ပါလာလေ့ ရှိသည်....ညလသာသာ
မှာ ခလေးများကို စု ပဲကြီးလှော် ဝေပြီး.."ဒို့ဗမာ သီချင်း" ကို သင်ပေး၏...
ဤနည်းဖြင့် ကျနော် တို့မြို့ရှိ လူငယ်တွေမှာ (လူကြီးများ
အခေါ်)ဝံသာနု ထောင်စာ သူပုန်လေးတွေ ဖြစ်ကုန်၏...
ဘိန်းစား အရက်သမား ကြက်သမားများ အထိုင်များ
သည့် လဘက်ရည်ဆိုင် များတွင်လည်း...နိုင်ငံရေး တရားများ လိုက်လံဟောကြားလေ၏......
တစ်ကယ်တော့ ၄င်းတို့အားလုံးသည် မကောင်းမှု့ မှာ ဖြတ်မရပဲ စွဲနေကြသူများ ဖြစ်ကြသည်...သူတို့အား မျိုးချစ် စိတ်တရား ဟောသူသည် ဘာမျှော်လင့်ချက်မှ မရှိ.....သို့သော်...
ငမိုး ပြန်သွားသောအခါ...ထိုလူစုသည် သတင်းစာဖတ်သူက ဖတ် သခင်အကြောင်း ကျောင်းသားအကြောင်း များကို ဆွေးနွေးသူတွေက ဆွေးနွေး ...အကုန် ဖြစ်ကုန်ကြသည်....အံဘွယ်စည်းရုံးရေးပါ တကား....
အများသိကြသည့်အတိုင်း.....ငမိုး ဂျပန်ကိုသွား၏ ..
ဗိုလ်တေဇ ဖြစ်လာသည်...
အခ်ျိန်ကား...
ဘီအိုင်အေကို ဖျက်ပြီး..ဂျပန် အလိုတော်ကျ ဘီဒီအေ ပြန်ဖွဲ့ခါစ...ဘီအိုင်အေ တွင်ပါလာသော တပ်ဗိုလ်များ.အချို့ကို တိုက်ရိုက်ကော်မရှင် အချို့ကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ရွေးချယ် စေလွတ်ရမည်ဖြစ်၏.
တစ်နေ့..
ဗိုလ်မှူး ရန်နိုင်မှ (ငါးယောက်ထိုင်နေ ဗိုလ်နေဝင်းလည်း ရှိ)ကျနော့ကိုခေါ်၍ ခင်များတပ်က မထွက်ပဲ ဆက်လုပ်မယ် မလား....
ခင်များကို ကျနော် တို့က ဒါရိုက်အပွိုင့်မင့် ပေးဘို့ စီစဉ်ထားတာဗျ...
ကျနော် ဘာမှပြန်မပြော....
ကျနော့ကို အားလုံးက ဂရုဏာသက်စွာ ကြည့်နေကြ၏....ဗိုလ်မှူးရန်နိုင်က ဆက်ပြော၏...
"ဒါပေမယ့် ကျနော် တို့ အစီအစဉ်အတိုင်း တော့ မဖြစ်နိုင်တောဘူ့း..ဒီစာသာ ဖတ်ကြည့်ပါတော့."...ဟု
မှင်နီနဲ့ရေးထားပြီး (အောက်ဒေါင့်မှာ ဗိုလ်တေဇ ဟူသောလက်မှတ်ပါသည့်) လက်ဝါးသာသာ စာရွက်တစ်ရွက် ထုတ်ပေး၏....
စာ၏ ဆိုလိုရင်းမှာ................
............
အပိုင်း(၂)တွင်..ဆက်လက် ဖတ်ရှူ့ပါရန် .....
အမှတ်တရ အောင်ဆန်း ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၃အထိ (တစ်နေ့ တစ်ခန်း)အခန်းဆက် တင်ပါမည်...
Tint Wai...
အမှတ်တရ အောင်ဆန်း(၂)
စာရွက်မှာ လက်ဝါးသာသာမျှ ရှိမည် မှင်နီနှင့် ရေး
ထား၏ .စာ၏ဆိုလိုရင်းမှာ.. .
"နတ်မောက်မှ လှသော သခင်ဘုန်းကျော် ဆိုသူ
ကျောင်းသားခေါင်းဆောင် တစ်ယောက် တပ်ထဲရောက်နေသည်..တွေ့လျင် တိုက်ရိုက်ရာထူး စာရင်းတွင် မထည့်နှင့် မင်္ဂလာဒုံ စစ်သင်တန်းကျောင်းကို ပို့ပါ"
ဟူသတည်း....
ငမိုးစိတ်ဓာတ်ကို သိပြီးသားမို့...ကျနော် စိတ်မဆိုး...
(တစ်မြို့တည်းသား ငယ်ပေါင်းတွေမို့ အခွင့်အရေး ပိုပေးလိမ့်မယ်မထင်နဲ့)
မောင်မင်းကြီးသား..တည့်မတ်ပါပေ၏..
ကျနော့ တွင်ကား..မင်္ဂလာဒုံမှာ ၉လလုံးလုံး ဂျပန် ပါးအရိုက်ခံပြီး ပဲပင်ပေါက် ရေလုံပြုတ်ကို စားကာ စစ်ပညာသင်ခဲ့ရ၏..ဒူးနှင့်တံတောင်ဆစ်တို့မှာ အသားမာတက်ပြီး ကျွဲပခုံးထနေ၏ မချိမဆန့် ပင်ပန်း၍
ဒုက္ခလှလှတွေ့ ခဲ့ရ၏..
စစ်ကျောင်း အားတဲ့ ပိတ်ရက်တစ်နေ့..
သူကို သွားတွေ့၏....ကျနော် က စာနီရဲအကြောင်း မေးတော့ ကျနော့ ကို ပေစောင်းစောင်း ကြည့်ပြီး...
"မင်းကို တိုက်ရိုက်ပေးရင် ဘဝင်မြင့်သွားမှာ စိုးလို့ကွ.ကျောင်းတက်ပြီးမှ ကော်မရှင်ရတော့ မင်းရာ ငါရော ကို
ဘယ်ကောင်မှ နောက်ကွယ်မှာ ဘာမှပြောလို့မရ တော့ဘူး ပေါ့ ဟ".....တဲ့
ကျနော့ မှာ ဒူးက အမာရွတ်ကိုသာ အသာပွတ်ပြီး အောင့်သက်သက်နဲ့ ပြန်လာ ခဲ့ရတယ်......
ကျနော် စစ်သင်တန်းဆင်းပြီး..
နှစ်နှစ်လောက်အကြာ ဒီဇင်ဘာ ၆ရက်မှာ....ငမိုးက
ကျနော့ အား သူ၏ ကိုယ်ရံတော်အဖြစ်၎င်း ယင်းကိုယ်ရံတော်ကင်းတပ်၏ တပ်မှူး အဖြစ်၎င်း ခန့်အပ်ကာ သူ့အိမ်သို့ အိပ်ယာလိပ် များပါရွေ့ခဲ့ဟု အမိန့်တော် ချမှတ်လိုက်လေသည်.....
ငမိုး ကလည်း ဂွကျကျ ကျနော် ကလည်း ရွတ်တွတ်တွတ် တွေ့ကြလေပြီ...
တစ်နေ့.....
"ဟေ့ကောင် မြိုင်ရုံက ပြဇာတ် သွားကြည့်ကြရအောင်".
"ကွန်မြူနစ် ဝါဒဆိုတာဘာလည်း" ဟူသော စာအုပ်ကို ကျနော် က အိပ်ယာထဲမှာ ပက်လက်လှန် ဖတ်နေခိုက်..
ငမိုးသည် အိမ်မကြီးနှင့် ကပ်လျက် ဆောက်ထားသော ကျနော့ တဲထဲသို့ စွတ်ဝင်လာကာ အထက်ပါ အတိုင်းပြောလိုက်သည်....
ကျနော် က ငိုင်နေ၍ သူက ထပ်ပြောပြန်၏...
"မင်း.....လိုက်ခဲ့"
ကျနော် က ခုလို နိုင်ငံရေး ရှူပ်ထွေးနေချိန် မှာ သူလို ခေါင်းဆောင်မျိုးကို ကုပ်ကုပ်နေစေချင်သည်..ဟိုသွား ဒီသွား မသွားစေချင်...တစ်ခါနှစ်ခါပြောဘူးသည်..မရ
"ငါ့ကို ဘသူတွေက မနာလို နေကြလို့လည်း ငါ
တိုင်းပြည်အတွက်လုပ်နေတာ ဘသူတွေထက် ဘာတွေ အခွင့်အရေး ပိုရနေလို့လည်း..ငါပိုင် ဆိုတာလည်း တစ်ခုမှ မရှိဘူး..လွတ်လပ်ရေးရရင်လည်း ငါက တွယ်ကပ်နေမှာ မဟုတ်ဘူး...မိသားစုနဲ့ အေးအေးချမ်းချမ်း စာရေးစားမှာ.."ဟူ၍...အငေါက်ခံရဘူးလေ၏...
ကျနော့ ၏ စိတ်တွင် ပြောမရ၍ ချဉ်စူး လာသည်နှင့်...
သူ့အား ငေါ့ ချလိုက်မိ၏....
"မလိုက်ချင်ဘူး.....ဗျာ"
"ဘာလို့လည်း.....ကွ"
ဟာ..ဒီလောက်အရေးကြီးနေတဲ့ ကာလထဲမှာ ..ပြဇာတ် သွားကြည့်တယ်ဆိုတာ..လူပေါ တွေမှ လုပ်တာ ဘဲ"..
ငမိုးသည် ကျနော့ ကို ရူးသိုးသိုး နဲ့ကြည်ရင်း.
"ငါ့ရီး...မှ ...မလိုက်ချင်လည်း .နေကွာ" ဟု ပါးစပ်မှ မြည်တွန်ရင်း ..အခန်းထဲမှ ပြန်ထွက်သွား လေသည်..
သိပ်မကြာလိုက်......
ကျနော် ရပ်နေသော ပြတင်းပေါက်နှင့် မလှမ်းမကမ်းရှိ မြေနီလမ်းလေးအတိုင်း ဝက်စလေ နက်ပြာရောင် ကားလေးပြေးထွက် သွားသည်..ကားပေါ်တွင် ငမိုးနှင့်
မမကြည် ပါသွား၏....
ကျနော် တစ်စုံတစ်ခုကို ဖြတ်ခနဲ မြင်လိုက်၍ ချက်ချင်း ဖုန်းကောက်ကိုင်ကာ ဂိတ်ဝကင်းဗိုလ်ထံ ချက်ချင်းအမိန့်လှမ်းပေး လိုက်သည်...
ကားလေးသည် နေအိမ်ခြံဝင်းမှ ထွက်အံ့ဆဲဆဲ..
ကင်း ဗိုလ်သည် လှံစွပ်တပ်ထားသော သေနတ်နဲ့ ငမိုး၏ ကားကို ရှေ့မှ တားထားလိုက်သည်....
"ဟိတ်.......ရပ်"
ကားလေးရပ်သွားပြီး စကားပြောသံများ ကျနော် ကြား
ရသည်...
"ရဲဘော်....ဘသူ့အမိန့်နဲ့ တားရ သလည်း"....
"တပ်မှူး အမိန့် ပါ ....ဗိုလ်ချုပ်"...
"အေး..အာ့ဆို...မင်းတပ်မှူး..သွားခေါ်...ချေ"..
ငမိုး...အတော်စိတ်ဆိုး ..နေချေပြီ..
ခါးတွင်..ဘန်ကောက် လုံချည်တစ်ပတ်နွမ်း နဲ့ တွီရှပ်လက်ရှည်ကို ဝတ်ထား၏....
"မင်း အတား ခိုင်းတယ်ဆို...."
"ဟုတ်ပါတယ်.. ...ဗိုလ်ချုပ်......"
"ဘာ..ဖြစ်လို့လည်း ..ကွ......................"
ကျနော် ပါးစပ်မှ ပြန်အဖြေမပေး....
ကားထိပ်ပိုင်း ရှိရာသို့သွားပြီး..."စစ်ဝန်ကြီး..စစ်သေနာပတိ..မေဂျာဂျင်နဂျယ်.."ရာထူးအလိုက် တပ်ဆင်ထာသော အလံ သုံးခုစလုံးကို ဖြုတ်ယူလာပြီး..
ကားပြတင်းဝမှ နေ၍ သူ့ပေါင်ပေါ် သို့ ပြစ်တင်ပေး လိုက်သည်...
"(တာဝန်ချိန်ပြင်ပ)အရပ်သား အဝတ်အစားကို ဝတ်ဆင်သွားလာနေသော မည်သည့် တပ်မတော်သား မဆို ရာထူး အဆာင် အယောင် တံဆိပ် အလံ များ မတပ်ဆင်ရ..."ဟု.....တပ်မတော် တစ်ခုလုံးကို ငမိုးက အမိန့်
ထုတ်ထား၏...
ယခု သူ့အမိန့်ကို သူမေ့ နေ၏....
သူ..တမင် ပကာသန မလုပ်ကြောင်း ကျနော် ကောင်းကောင်း သိ၏......
ငမိုး သည် အလံများကို ငုံ့ကြည့်လိုက်..ကျနော့ ကို မော့ကြည့်လိုက် နဲ့ အူကြောင်ကြောင် ဖြစ်သွား၏..
နောက်မှ တဖြည်းဖြည်း ပြုံးရယ်လာကာ.......
"ဟားဟား ဟား...ငါသွားလို့ ရပြီလား...ကွ"....
ကျနော် ပါးစပ်က အဖြေမပေးပါ...
ခြေစုံရပ်၍ (ရင်ထဲက လှိုက်လှိုက်လှဲလှဲ)...အလေးပြု
လိုက်၏...
၁၉၄၄ ဒီဇင်ဘာ ကုန်ခါနီး တစ်နေ့........
ငမိုးသည် စစ်ဗိုလ်များ ကိုင်ဆောင်လေ့ရှိသော သားရေ လက်ဆွဲအိတ်ကြီးကို မနိုင်မနင်း ဆွဲလာပြီး ရုံးထဲမှ ထွက်လာပြီး ကားရှိရာသို့ လာနေ၏..
ဓားကြီး ကတစ်ဖက် နှင့် မနိုင်မနင်း ဖြစ်နေသဖြင့် ကျနော် က အလိုက်တသိ...
ဗိုလ်ချုပ် သားရေအိတ်ကြီး ကျနော့ ကို ပေးပါဟု...ဝိုင်းကူသယ်ရန် တောင်းမိ၏...
ငမိုးက ကျနော့ ကို စွေစောင်းကြည့်ကာ..ဘုကျကျ အဖြေပြန်ပေး၏....
"မင်း အလုပ်က ကိုယ်ရံတော်...ငါ့..ကူလီမဟုတ်ဘူး...
ငါ့ဟာငါ...အနိုင်သား...ပဲ"...
သြော်.....ခုတော့...
ငမိုး ရေတိမ်နစ်ခဲ့ပြီ....လွမ်းတဲ့လူတွေလွမ်းကြသလို..
ဝမ်းသာတဲ့သူတွေလည်း ဝမ်းသာနေကြတယ်..
ဒီလိုနဲ့ပဲ..လူတွေက ငမိုးသေပြီ လို့ပြောကြတယ်...
အမှန်တော့ ငမိုးမသေ သေး...
တပ်မတော် မော်ကွန်းပြတိုက် ထဲမှာ ခုထိအသက်ရှင် လျက် ရှိသေးတယ်......ဘသူတွေ ရှိရှိ မရှိ ရှိ..
ကမ္ဘာ တည်သရွေ့ ငမိုးက တော့ ဆက်ရှိနေဦးမှာ ..သေချာတယ်......😭😭😭😭😭😭
(ဖြစ်ရပ်မှန် သမိုင်စကား များကို ထပ်ဆင့်ခံစားပါသည်)
Tint Wai..
အမှတ်တရ အောင်ဆန်း.....(.၃)
ကျနော်မှ စ၍ ဗိုလ် အကြပ် တပ်သား အားလုံးလိုလို စိတ်ထိခိုက်နေကြသည်......အကြောင်းကား..
အင်အား ငါးသောင်းခန့် ရှိ ကျနော် တို့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး(BIA)ကို (ကိုရွှေ ဂျပန်တို့က) အင်အား သုံးသောင်းအထိ သာ ရှိရမည်ဟု. ဖန်တီး
အကွက်ရိုက် ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)
အဖြစ် ပြောင်းလဲ ဖွဲ့စည်း လိုက်ခြင်းကြောင့် ဖြစ်သည်....
သေဘော်သေဘက် ရဲဘော်ချင်း ရုတ်တရက် ကွဲကွာ ကြရခြင်း ဂျပန်တပ်သားများ၏ မကြာခဏ အစော်ကား ခံကြရခြင်း တို့ကြောင့်လည်း..တစ်ချို့ရဲဘော်များ စိတ်ဓာတ် ကျဆင်း နေကြသည်..
ကျနော် တို့ တပ်ရင်း သုံးရင်းလုံးလည်း ပျဉ်းမနား စခန်း သို့ ရွေ့ပြောင်းခဲ့ရသည်...အမြဲတမ်းစစ်တပ်အသွင် ဖြစ်နေသော်လည်း..ချွတ်ယွင်းချက်မှာ ကျနော်တို့အတွက် စစ်ဝတ်စုံ များ ယခုချိန်ထိမရှိခြင်း ဖြစ်သည်...
ရဲဘော်အားလုံးက ဝတ်စုံ ရာထူးတံဆိပ် စသဖြင့် မျှော်လင့် တောင့်တ ခဲ့ကြသည်..ဌာနချုပ်မှလည်း ရရှိရန် အပြင်းအထန် ကြိုးစားပေးနေကြောင်း အကြောင်းပြန်ထားသည်..
ထိုနေ့က ကျနော်သည် တပ်ရင်းမှူးတာဝန်ကို ဗိုလ်ကြီးဇင်ယော်ထံမှ လွှဲပြောင်းယူအပြီး ...စာရင်းအင်း များကို
ပြန်လည်စစ်ဆေး နေခိုက် စာရင်းအင်း အမှားများစွာကို တွေ့လိုက်ရသည့်အတွက်..စစ်ဌာနချုပ်ရှိ စစ်ရေးချုပ်၏ ရုံးအုပ်နှင့် သွားရောက်တွေ့ဆုံရန် လိုလာသည်....
လက်ပတ်နာရီကို ငုံကြည့်လိုက်ရာ ရုံးဆင်းချိန်နီးနေပြီ
ဖြစ်၍ မှီလိုမှီညား အရာခံ ဗိုလ်ဗဟန် ကို ခေါ်ပြီး ပျဉ်း မနား သစ်တောရုံးဘက်သို့ တစ်ချိုးထည်းလစ်လာခဲ့တော့၏..အရာရှိတိုင်းအတွက် အရေးကြီးလျင် စီးရန်ပေးထားသေား မြင်းကိုပင် ယူမစီးဖြစ်ခဲ့တော့...
ဌာနချုပ်ရောက်တော့ တာဝန်ခံများက ရုံးဆင်းသွားကြပြီ
ရုံးစောင့်ရဲဘော် စာရေးများနှင့် ကင်းမှူးများသာ အနည်း ငယ်ကျန်တော့၏ ကျနော် လည်း ဌာနမှရုံးအုပ်ကို အရေးတကြီး လိုက်မေးရာ အပြင်ခဏထွက်သွားကြောင်း ပြန်လာမည်ဖြစ်ကြောင်း ပြောသဖြင့် စိတ်သက်သာရတော့၏....
ထိုချိန်က( ဗိုလ်ချုပ်)၏ ရာထူးမှာ ဗိုလ်မှူးကြီး ဖြစ်သော်လည်း တပ်မတော်တစ်ခုလုံး၏ စစ်ဦးစီးချုပ်ဖြစ်သည်....
ကျနော် လည်း ဗိုလ်ချုပ်၏ အခန်းသို့ မယောင်မလည် သွားချောင်းကြည့်ရာ မတွေ့သဖြင့် ရုံးဆင်းသွားပြီဟု တွေးလိုက်မိသည်....
ထို့ကြောင့် ဗိုလ်ချုပ်ရုံးခန်းနှင့် ကပ်လျက် အခန်းတစ်ခုထဲ
ဝင်ထိုင်ရင်း ရုံးအုပ်ပြန်အလာကို ဗိုလ်ဗဟန် နဲ့စကားပြောရင်း စောင့်နေလိုက်သည်......
ထိုအချိန်တွင်.....ရုံးရှေ့သို့ ပစ္စည်းသေတ္တာများ အပြည့်တင်ဆောင်လာသည့် ထရပ်ကားကြီးများ ရောက်လာ
ပြီး ရုံးစောင့်ရဲဘော် များ အားလုံးအကူအညီဖြင့် ပစ္စည်း အားလုံးကို သည်ချနေကြသည်...တာဝန်ခံများက လည်း ပစ္စည်း များကို လက်ခံသူကလက်ခံ စစ်ဆေးသူက စစ်ဆေး စာရင်းမှတ်သူက မှတ်နဲ့.ဆူညံ နေကြ၏...
နာရီ ဝက်လောက်အကြာ..ဗိုလ်ဗဟံ က ကျနော့ ကို
အရေးတကြီး လက်ကုတ်ပြီး တစ်ဘက်ကိုအသာ မေးငေါ့ ပြရာ..ရုံးခန်းထဲကို ဘယ်အချိန်က ပြန်ရောက်
နေမှန်း မသိ သော ဗိုလ်ချုပ်ကို အလန့်တကြား
တွေ့လိုက် ရ၏..
သူသည် ဘယ်ကိုမှမကြည့်ဘဲ စားပွဲပေါ်မှ စာရွက်ပုံကြီး ကြားမှာ အလုပ်ရှုပ်နေ၏..
သူ၏အဝတ်အစား မှာ စစ်ဦးစီးချုပ်တစ်ယောက်၏ ဝတ်စုံ နှင့် လားလားမျှ မဆိုင် အစိမ်းရင့်ရောင် ရှပ်လက်တို အနွမ်း ဂျီးအထပ်ထပ်တက် နေသည့် မြင်းစီးဘောင်း ဘီရှည် တွင် စစ်ဖိနပ်ရှည်တစ်ရံ ကို စီးနင်းလျက် ခါး
တွင် ဂျပန်ခါးပတ်ပြားကြီး ကို ပတ်ထားသည်....အခန်းဒေါင့်တွင် ဂျပန်စစ်ဦးထုပ် အဟောင်းတစ်လုံး နှင့် ဂျပန် ဓားရှည် တစ်လက်ကို ထောင်ထားသည်..
သူ၏ဆံပင်မှာ ပြုပြင်ခြင်းအလျဉ်းမရှိ ဆီနှင့် ဝေးကွာ
လွန်းခြင်းအထိမ်းအမှတ် အဖြစ်ဖြင့် ရှည်ပြီးဇောင်းမွှေးတွေ ထနေအောင် ဖရိုဖရဲ နိုင်လွန်းလှပေ၏....
ဗိုလ်ချုပ် သည်စာကို စိတ်ပါလက်ပါ ကုန်းရေး နေသည့်အတွက် ကျနော် တို့နှစ်ယောက်လည်း အသာငြိမ်လျက်
စကားပြောခြင်းကို ရပ်တန့်လိုက်ရပေ၏....
သို့ရာတွင် အပြင်က အရာရှိ အရာခံ တပ်သားများမှာ ပစ္စည်း ချရင်း စကားများကို စည်းလွတ်ဝါးလွတ် ပြောဆိုနေကြသည်....ဗိုလ်ချုပ်ရှိနေသည်ကို လုံးဝသိပုံမပေါ်ကြ
ဗိုလ်ချုပ် ရုံးဆင်းသွားပြီ ဟုသာ မှတ်ထင်ထားကြ ပုံ
ရသည်........
သူတို့ပြောဆိုဝေဖန် နေကြသော အကြောင်းအရာ ကို
ကျနော် အာရုံစိုက် ရင်း နားစွင့်ကြည်လိုက်မိသည်...
တစ်ယောက်က ထပြောသည်.....
"ဒီလောက် ကြမ်းတဲ့ အဝတ်တွေ ဝတ်ရမှာ ကျောယား လိုက်ပါဘိကွာ အိမ်မှာ လက်တောင် မသုတ်တဲ့ အဝတ်ကြမ်းတွေကို ယူနီဖောင်းတဲ့...ဟေ့...."
ကျန်တဲ့ရဲဘော် တွေကလည်း ယူနီဖောင်းတွေကြည့်ပြီး တဝါးဝါး ပွဲကြနေကြ၏........
ဗိုလ်ချုပ်သည် ရေးလက်စ စာရေးခြင်းကို တန့်ကနဲ ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း အပြင်ဘက်မှ စစ်ဝတ်စုံအကြောင်း ဝေဖန်ချက်ကို နားစိုက်ကာ ထောင်နေတော့ သည်...
"...ချီးမှ ဘဲ တို့မျှော်လင့်သလို စမတ်ကျကျ ဝတ်ဆုံတွေ မဟုတ်ပဲ လူရီစရာ ကောင်းတဲ့ ကူလီတွေဝတ်တဲ့ အဝတ်မျိုးတွေပဲကွ...."
တစ်ယောက် က ဝင်ပြောလိုက်သည်.....
ဗိုလ်ချုပ် ၏ မျက်နှာသည် ရုတ်တရက်တင်းမာ ခက်ထန်သွားတော့သည်..သူ့မျက်လုံး နှစ်လုံးကလည်း အရောင်တွေ ဝင်းဝင်းတောက် ထွက်ခမန်း ဒေါသထွက်နေကြောင်း တွေ့ရပေ၏....
အပြင်ဘက်မှ အသံများကလည်း မလျော့.....
"ဟေ့ကောင်တွေ...ငါတို့ ဒါတွေဝတ်ပြီး မြို့ထဲသာ ခုနေသွား လိုက်ရင် ဂျပန်ချွေးတပ်သားတွေ ထင်ပြီး..လူတွေထွက်ပြေးမှာ သေချာတယ်ကွ..."........ဟားဟား.
ဗိုလ်ချုပ်သည် တွေဝေ၍ မျက်လုံးစုံမှိတ် ကာ စဉ်းစားနေ၏...ဒေါသဖြစ်နေရာက ဗြုန်းကနဲဖောင်တိန်ကို စားပွဲပေါ်သို့ ပြစ်ချလိုက်သည်.....
တစ်ချိန်လုံး ကျနော် တို့ သူနဲ့ကပ်ရက် အခန်းမှာ ရှိသည် မရှိသည် ကို လုံးဝအသိအမှတ်မပြုခဲ့သော ဗိုလ်ချုပ် သည် ဗြုန်းကနဲ လှမ်း၍ ဟေ့ကောင် "တာရာ" ဟိုရှေ့မှာ စကားပြောနေတဲ့ အကောင်တွေ အကုန် င့ါစီ ခေါ်လာ ခဲ့စမ်း.........သွားစမ်း..မြန်မြန် ကွာ"....
အော် ငေါက်ကာ...ကျနော့ ဘက်သို့ လှမ်း၍ အမိန့်  ပေးလိုက် ၏......................အပိုင်း(၄)..သိ
Tint wai
အမှတ်တရ အောင်ဆန်း....(၄)
"ဟေ့.."တာရာ" အပြင်က စကားပြောနေတဲ့ကောင်တွေ အကုန်လုံး ငါ့ဆီ အမြန်ဆုံး ခေါ်ခဲ့စမ်း..သွားစမ်း မြန်မြန်ကွ.."......
အော်ငေါက်ကာ ကျနော့ဘက်သို့ လှမ်း၍အမိန့်ပေး
လိုက်၏..
ပါးစပ်သရမ်း နေကြသော ဘသားချော များက သူတို့ခေါင်း မီးလောင်တော့မည့် အခြေအနေကို ခုထိ မရိပ်မိ (ပုံမကျ ပန်းမကျ)စစ်ဝတ်စုံများကို သာ ကြည့်ရင်း တစ်ဝါးဝါး တစ်ဟားဟား ပွဲကြနေ ကြတုန်း ပင်...
ကျနော် လည်း တစ်ချိုးထည်း သွားရောက်ကာ ဘသားချော အားလုံးကို (အရာရှိ အရာခံ အကြပ်တပ်သား ပါ မကျန်) ဗိုလ်ချုပ်အမိန့်အရ သူ့ရုံးခန်းထဲသို ခေါ်ယူခဲ့ရပေ၏...
အထဲရောက်သောအခါ .....
ကျနော် က စစ်ထုံးစံ အတိုင်း အားလုံးကို ခေါ်ဆောင်လာပြီး ပါကြောင်း သတင်းပို့ ကာ အလေးပြု လို့ပင် မဆုံးသေး......
"မင်းတို့ ..ဘာကောင်တွေတုန်းကွ...ဟင်...ဟေ့....ငါမေးတာ မကြားဘူးလား..."
စူးစူးဝါးဝါး မေးမြန်းလိုက်သည့် ဗိုလ်ချုပ်၏ အသံသည် စစ်ဌာနချုပ် တစ်ခုလုံးကို လွှမ်းမိုးသွားပါတော့သည်....
သူတို့သည် ကြောင်၍နေကြပြီး မှင်သက်မိနေသူများ
ပမာ တစ်စုံတစ်ရာ အဖြေကို မပေးဝံ့ကြချေ ..သတိအနေနဲ့ ငြိမ်သက်စွာ ရပ်နေကြပါသည်...
"ပြောကြစမ်း...မင်းတို့ ဘာကောင်တွေ တုန်း..ငါမေးနေတာ မင်းတို့မကြားဘူးလား....ခုနတင် မင်းတို့ ရယ်လား မောလား နဲ့ ပြောနေကြတာတွေလေ..."
ဒုတိယအကြိမ် ဗိုလ်ချုပ်က စူးစူးဝါးဝါး အော်ဟစ်မေးမြန်း
လိုက်ပြန်ပါသည်...
အမေးခံရသူ အားလုံး မျက်နှာသေ ကလေးတွေနှင့်
ဣနြေ္ဒ ပျက်ကာ တုန်နေကြလေပြီ.......
"ကျနော် တို့ ..စစ်ဝတ်စုံတွေ ညံ့တာနဲ့ ဝေဘန်မိပါတယ် ဗိုလ်ချုပ်..."
ဗိုလ်ကြီးအဆင့် ရှိသူ တာဝန်ခံတစ်ယောက်က အရဲ့စွန့်ကာ ဖြေကြား သတင်းပို့လိုက်ပါသည်...
"ဘာကွ....စစ်ဝတ်စုံတွေ ညံ့တယ် ကြမ်းတယ်..လက်တောင် မသုတ်ချင်ဘူး ဟုတ်လား.....ငါအကုန်ကြား
တယ် မင်းတို့ပြောနေတာတွေ......."
ကျယ်လောင်စွာ ပြောလိုက်ပြီး ဗိုလ်ချုပ်သည် ကုလားထိုင်မှ ဗြုန်းကနဲ ထရပ်ရင်း တန်းစီးထားသူများရှေ့သို ရုတ်ခနဲ တက်လာကာ....
"မင်းတို့...ငါအုပ်ချုပ်နေတဲ့ တပ်ထဲက ထွက်...ခုထွက်ကြ..အလကားကောင်တွေ..မင်းတို့ကို ငါနဲနဲမ အထင်မကြီးတော့ဘူး.....အလကား..နွားတွေ.......
ငါတို့ ယိုးဒယားကနေ ဒီအထိ...ရန်သူကို ရင်ဆိုင်တိုက်ခိုက်လာတာ...ဘာတွေဝတ်ပြီး တိုက်ခဲ့ကြလည်း..."ပြောကြစမ်း..."
စိတ်လိုက်မာန်ပါ လက်သီးလက်မောင်းတန်း ကာ မေးလိုက်ပြန်ပါသည်.."...
"မင်းတိုက ...ခုမှ...ယူနီဖောင်းလေး....စစ်ဝတ်စုံလေး..ဘာလေး နဲ့ ရေးကြီးခွင်ကျယ် လုပ်လို့...ဟေ့..
တိုင်းပြည်နဲ့ လူထုအတွက်.ဆိုရင် စစ်ဝတ်စုံမရှိလို့ ...ခါးတောင်းကျိုက်ပြီး တိုက်ရရော..ဘာဖြစ်..သေးသလဲကွာ..
ဟေ့..တိုင်းပြည်နဲ့...လွတ်လပ်ရေးအတွက်...ကိုယ်တုံးလုံး ချွတ် တိုက်ရရော....ရီးဖြစ်လား...ပြောစမ်း...စစ်တိုက် နိုင်ဘို့သာ အဓိက..ကွ........ခုတော့..မင်းတို့က..
ကြီးကြီးကျယ်ကျယ် စကားတွေ ပြောလို့...."...
ဗိုလ်ချုပ်က ..တန်းစီရပ်နေသူအားလုံး ကို တစ်ယောက်ချင်း စေ့စေ့ကြည့် ကာ ဝေဘန်ရင်း အော်ငေါက်နေ၏...
"ခုတော့... မင်းတို့ ပြောနေတဲ့ စကားတွေ က ..
တိုက်ပွဲမှာ ကျဆုံး ခဲ့ရတဲ့ ရဲဘော်တွေကို ..သစ္စာဖောက်
နေသလို ပဲကွ....အလကား သစ္စာ ဖောက်တွေ...မင်း တို့ကို ငါ့တပ်ထဲမှာ မထားဘူး...ထုတ်ကို ထုတ်ပြစ်ရမယ်...အချောင်သမားတွေ..."
ကြိမ်းဝါး လိုက်ပြန် ပါသည်...
အကြိမ်းခံရသူ ..အားလုံးမှာ..မျက်ရည်ကျ သူကကျ.
.ဒူးချင်းရိုက်ခတ်သူ ရိုက်ခတ် နှင့် အတော်ပင် စိတ်ထိခိုက် ..နေကြပေပြီ
ဗိုလ်ချုပ်သည် ခေါက်တုံ့ ခေါက်ပြန် လမ်းလျောက်ရင်း..
"ဘာလည်းကွ..မင်းတို့က ဂျပန်တွေကားစီးပြီး..အဝတ်ကောင်းဝတ်နေတာ ကို အားကျတာလား...ဟေ့....မင်း တို့မှတ်ထား..ငါတို့တပ်မတော်သား ဆိုတာ ပြည်သူ လူထု ရဲ့ သားသမီးတွေကွ.....ခုကြည့်စမ်း...ပြည်သူတွေဘဝကို...စစ်ဘေးစစ်ဒဏ်က တစ်ဘက်..ဖက်ဆစ်ငပုတွေ ရဲ့ အနိုင်ကျင့် ဗိုလ်ကျခံနေရတာ ကတစ်ဖက်...
ဒါကို ...မင်းတို့လို..ကောင်တွေက ဇိမ်ခံချင်နေကြတယ်..
အဝတ်ကောင်းတွေဝတ်ချင်တယ်...ကာသစ်တွေ စီးချင်တယ်......
ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေ မျက်နှာကို မှ မထောက်
မင်းတို့ က အခွင့်အရေးတွေ ပိုယူချင်နေကြတယ်..
မှတ်ထား..အဲ့လိုအမြင်မျိုး အတွေးမျိုး အကျင့်မျိုးတွေ ရှိနေသမျှ ....ငါ...မျှော်မှန်းလာတဲ့ "ပြည်သူ့တပ်မတော်" နဲ့တော့ ဝေးပါသေးတယ် ကွာ.....သိပ်ရှက်စရာကောင်း
တယ်........
မင်းတို့ ...ပြည်သူလူထု အတွက်..စစ်တိုက်နေတယ်ဆိုတာ..အလကားပဲ...လုံးဝ အဓိပ္ပါယ် မရှိဘူး...."
အေး...မင်းတို့ အဲ့သလို ပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲစိတ် တွေထားကြ...နောင်တစ်ချိန်မှာ
ပြည်သူ့တပ်မတော် တော့ ဖြစ်မလာဘူး...ပြည်သူ့ ချဉ်ဘတ်ပဲ ဖြစ်လာလိမ့်မယ်..
အလကား ခွေးကောင်တွေ...ဘာမှ အသုံးမကျတဲ့ကောင်တွေ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ကို ထုတ်ရမယ်...
ဒေါနဲ့ ...မောနဲ့..ကြိမ်းဝါးလိုက်ပြန်ပါသည်....
"မှားပါပြီ ဗိုလ်ချုပ်..ကျနော်တို့.နောင်တရပါပြီ..ဗိုလ်ချုပ်."
ငိုသံများဖြင့် အရာရှိ နှစ်ဦးက ကတုန်ကရင် တောင်းပန် တိုးလျိုးလိုက်ပါသည်..
"ငါ..ဘယ်လို ဝတ်ထားသလဲ..ကြည့်ကြစမ်း...မင်းတို့ နဲ့ ဘာခြားလည်း...မင်းတို့ က ကြီးကြီးကျယ်ကျယ် လုပ်လို့..ကွာ"...
ဗိုလ်ချုပ်သည် သူ၏ စစ်ဝတ်စုံ အနွမ်းကို ပုတ်၍ ပုတ်၍ ပြလိုက်ပြန်ပါသည်.....
"မှားပါပြီ....ဗိုလ်ချုပ်...ကျနော် တိုအမှားကို သိပါပြီ...."
မျက်ရည် ဖြိုင်ဖြိုင်ဖြင့် ဝိုင်း၍တောင်းပန်ကာ အသနား ခံ
လိုက်ကြပြန်သည်..
ဗိုလ်ချုပ်သည်..ဒေါသထွက်နေသော မျက်လုံးကြီးများဖြင့်.တောင်းပန်နေသူများကို ဝင့်ကြည့်လိုက်ရင်း....
"မှတ်ထား...ငါ့တပ်ထဲမှာ...အခွင့်အရေး ယူချင်တဲ့ အကောင် တစ်ကောင်မှ မရှိစေရဘူး..လူထုငတ်ရင် အားလုံး ငတ်ရမယ် ..လူထုဆင်းရဲရင် အားလုံး ဆင်းရဲ ရမယ်.ငါလဲဆင်းရဲ ရမယ်...
ခုတော့ ...မင်းတို့ကောင်တွေကွာ....ငါလိုက်ပြီး..ကန်ထုတ်လိုက် ရရင်...
သွားကြစမ်း...မြန်မြန် ထွက်သွား..အကောင်ရှုပ်တွေ
ကြာကြာနေရင် ငါဆော်မိ လိမ့်မယ်...."
ဗိုလ်ချုပ်က ကြိမ်းဝါးကာ အားလုံးကို မောင်းနှင်ထုတ်
လိုက်သည်...
ပါးစပ်သရမ်းမိသူ အားလုံး လည်း...အရေးတကြီး
ဗိုလ်ချုပ် ကို အလေးပြု ကာ..ကြောက်ကြောက် ရွံ့ရွံနှင့်
သုတ်ချေတင် ကြလေပြီ....
ကျနော် သည်လည်း ညာလက်ကို မြှောက်ကာ ဦးထုပ် နုတ်ခမ်းတွင် တင်းတင်းကပ်လျက် အလေးပြု ခြင်းအားလုံး တို့ထက် သာလွန်၍.....
သူ၏ ခေါင်းဆောင်ပီသမှု့ ...ပြည်သူလူထု အပေါ် ညှာတာမှု့...ရဲဘော်ရဲဘက် စိတ်ဓာတ် ရှိမှု့အတွက်..
ရောင်ပြန်ဟပ် လာသော ရိုသေလေးစားမှု့ စိတ်ဓာတ် အပြည့်ဖြင့် တစ်ကယ့် ခေါင်းဆောင်....စစ်သေနာပတိကောင်း ပီသလှသည့် ဗိုလ်ချုပ်ကို နုတ်ဆက် အလေးပြု လိုက်ရပေတော့ သတည်း........
(ဗိုလ်တာရာ၏ ကိုယ်တွေ့ သမိုင်းဝင် စကားများကို ထပ်ဆင့် ခံစားပါသည်...)
Tint Wai.....
အမှတ်တရ.....အောင်ဆန်း.....(.၅)
၁၉၄၅.စစ်ပြီးစ ကာလ.....
ဗြိတိသျှအစိုးရ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် အသစ်ပြန်လည် ဖွဲ့စည်းမည့် "ဗားမားအာမီ" ခေါ် မြန်မာနိုင်ငံစစ်တပ် ကို..ဗိုလ်ချုပ်ကိုယ်တိုင်..ဗိုလ်မှူးချုပ်ရာထူး
အဆင့် နှင့် ဆက်လက်၍ တာဝန်ယူဦးစီးကွပ်ကဲ ပေးပါ
ရန် အာရှမဟာမိတ်တပ်ပေါင်းစု ရေတပ်ဗိုလ်ချုပ်ကြီး လော့မောင့်ဘက်တန် က စာဖြင့်ရေးသားကမ်းလှမ်း ခဲ့ပါသည်....
ဗိုလ်ချုပ်က ထိုကမ်းလှမ်းချက်ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း သို့သော် မိမိအနေဖြင့်လက်မခံနိုင်ပါ
ကြောင်း ရည်မွန်ယဉ်ကျေးစွာ စာဖြင့်ရေးသား ငြင်းဆို
ခဲ့ပြီး သူ့ကိုယ်စား.ဗိုလ်မှူးကြီးလက်ျာ ကို တပ်မတော် ကွပ်ကဲ အုပ်ချုပ်ရန် စီစဉ်ပေးခဲ့ပါသည်......
သူကိုယ်တိုင်ကမူ...
တပ်မှထွက်၍.ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌ အဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်ကာ(မပြီးဆုံးသေးသည့်) မြန်မာ့လွတ်လပ်ရေး အတွက် နေ့မနား ညမနား ဦးဆောင်ကြိုးစားနေပါတော့သည်...
တစ်နေ့......
တာဝါလိမ်းလမ်းရှိ ဗိုလ်ချုပ်နေအိမ်သို့ ရှမ်းအမျိုးသားကြီး တစ်ဦး လူငယ်အဖော်တစ်ယောက် နှင့် ရောက်လာ ပါ
သည်....
ထိုအချိန်က ဗိုလ်ချုပ်မှာ.အလွန်အလုပ်များသလောက် တစ်နေ့တစ်နေ့ သူနှင့်တွေ့ချင်သူ များလှသည် အနယ်နယ် အရပ်မှ နိုင်ငံရေးသမားများ.ရဲဘော်ဟောင်းများ.
နိုင်ငံခြားသတင်းထောက်များ.ဗြိတိသျှထောက်လှမ်းရေး
များ စသဖြင့် လူမျိုးစုံလှသည်.....
ထို့ကြောင့် ရောက်လာသူ ရှမ်းအဖိုးကြီးအား ဘာကိစ္စ
ရှိပါသလဲ ဟု ကျနော် က မေးရာ......သူက
"ဗိုလ်ချုပ်နဲ့ တွေ့ချင်ပါတယ်...ဗိုလ်ချုပ်သုံးစွဲဘို့ အတွက် လှူချင်လို့ လာတာပါ" ဟု ပြန်ဖြေပါသည်...
ဤတွင် ကျနော် က ဒီ ရှမ်းအဘိုးကြီးကို တော့ ဗိုလ်ချုပ်နှင့် လုံးဝပေးတွေ့ လို့မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်သည်...
ဗိုလ်ချုပ် အတွက် လာရောက်လှူဒါန်း ပြီဆိုကတည်းက
ဗိုလ်ချုပ် လုံးဝ လက်ခံမည်မဟုတ်ကြောင်း ကျနော် တစ်ထစ်ချ သိနေသောကြောင့်ပင်တည်း....
"ဒီမယ်...ဦးကြီး...ဦးကြီးရဲ့ စေတနာ သဒ္ဒါတရားကိုတော့လေးစားပါတယ်..ဒါပေမယ့်..ဗိုလ်ချုပ်က ဒါမျိုး
လုံးဝလက်မခံပါဘူး..ဦးကြီး လှူချင်သပ ဆိုရင် ဗဟန်း
က ဖဆပလ အဖွဲ့ချုပ်ကြီးမှာ သွားလှူလို့ရပါတယ်..."
ဒါကြောင့် ဦးကြီး အနေနဲ့ အဲ့ဒီကိုသာ ကြွကြပါ".....
ကျနော် ဤသို့ပြောသော်လည်း အဖိုးကြီးက လုံးဝလက်မခံ လွယ်အိတ်ထဲမှ အထုပ်တစ်ထုပ်ကို ဖြေ၍ စားပွဲပေါ်
လာတင် ပါသည်....ထိုအထုပ်ကိုကြည့်လိုက်ရာ ဝင်းလက် တောက်ပြောင်နေသော ရွှေချောင်း အမြောက်အများကို ထူးဆန်းစွာ တွေ့လိုက်ရ၍ ကျနော် များစွာ အံသြမှင်သက် မိသွားပါသည်...
"ဒီလိုပါ ဗိုလ်ကြီး ...ကျုပ်က ဗိုလ်ကြီးပြောတဲ့ ဌာနချပ်ကို သွားပြီး ရန်ပုံငွေတွေလည်း လှူခဲ့ပြီးပါပြီ...ဒါက ဗိုလ်ချုပ်အတွက် သီးသန့်လာလှူတာပါ...ဗိုလ်ချုပ်တပ်ကထွက်လိုက်လို့ ခုဆိုလစာဝင်ငွေကလည်းမရှိ မိသားစုခြွေတာ
ခြစ်ခြုတ် စားသောက်နေရတယ်ဆိုတာ သိလို့ နိုင်ငံလွတ်လပ်ရေး ကို နောက်ဆံမတင်းပဲ လုပ်နိုင်အောင်လို့
စေတနာသက်သက် နဲ့ ဒီရွှေတွေကို လာလှူရခြင်းဖြစ်ပါတယ်....
ဗိုလ်ကြီး အနေနဲ့ ဗိုလ်ချုပ်ကို မေတ္တာ ရပ်ခံပေးစေချင်ပါတယ်...
ကျနော် လည်း သူ၏စေတနာကို လွန်စွာ လေးစား
မိသည်နှင့်အမျှ အမတန် အားနာသွားမိပါသည်....
ထို့နောက် ဗိုလ်ချုပ်ရှိရာအပေါ် ထပ်သို့ တက်ရောက် ပြီး ဖြစ်စဉ်အတိုင်း သတင်းပို့လိုက်ပါသည်.. .......
ကျနော် ၏ စကားမဆုံးမှီ ထင်သည့်အတိုင်း ဗိုလ်ချုပ်က ကြားဖြတ်၍ မျက်နှာတင်းတင်း နှင့် ပြစ်တင်ကြိမ်းမောင်း
ပါ တော့သည်.....
"ဟေ့ကောင်...ငါ..ဒါမျိုး ဘယ်တုန်းက လက်ခံဘူးလဲ .
မင်း..ပြောစမ်း..."
သာမန်အားဖြင့် ကျနော်သည် ဗိုလ်ချုပ်အား ပြန်ပြော
လေ့ မရှိ.......ခုတော့ ပြသနာကို ပြေလည်အောင် ကြားဝင် ရပေပြီ....
ဗိုလ်ချုပ်ရယ်...သူ့ခဗျာ စေတနာသန့်သန့် နဲ့ အဝေးကြီး
က လာတာပါ..ဘာမျှော်လင့်ချက်မှ လည်းမရှိပါဘူး...
ဗိုလ်ချုပ်သည် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်....
"ဟေ့ကောင်.. ....ဒီလိုလုပ်ရင် မကောင်းဘူးလား...
အဲ့အဘိုးကြီး ကို ငါ ဆင်းတွေ့ပြီး..သူကျေနပ်သွားအောင် ရွှေချောင်းတွေကို လက်ခံကြောင်း စာရွက်မှာ လက်မှတ်ထိုးပေးလိုက်မယ်.....
ပြီးမှ သူပြန်သွားတာနဲ့..
အဖွဲ့ချုပ်က ဘဏ္ဏာရေးမှူး မြန်မာ့ အလင်း ဦးတင် စီကို မင်း သွား..ဗိုလ်ချုပ်က အဖွဲ့ချုပ် ရန်ပုံငွေ အတွက် အလှူခံ ပေးလိုက်တယ်လို့..ပြောပြီး အကုန်သွားပေးချေ..."
အာ့ဒါဆို ပြသနာ ပြေလည်မလား....."
ကျနော် လည်း သဘောတူဟန်ဖြင့် ခေါင်းငြိတ်ပြလိုက်ပါသည်.....
ထို့နောက် ကျနော်လည်း ရှမ်းအဘိုးကြီးကို ခေါ်၍ ဗိုလ်ချုပ်နဲ့ မိတ်ဆက်ပေးလိုက်ပါသည်...
ဗိုလ်ချုပ်က ရွှေချောင်းအထုပ်ကို လက်ခံရင်း ပြုံးလျက်..
"ကျေးဇူး အမျာကြီးတင်ပါတယ်...ဦးကြီး.ခင်မျာ...
ဦးကြီးတို့ ရှမ်းပြည်အပါအဝင် တစ်နိုင်ငံလုံး ကို လွတ်လပ်ရေး ရအောင် ကျနော် အစွမ်းကုန် ကြိုးစား လုပ်ဆောင် ပါ့မယ်..."......ဟုပြောပြီး...လက်ခံကြောင်း စာရွက် ပေါ်တွင် အောင်ဆန်းဟု လက်မှတ်ထိုးကာ
ရှမ်းအဘိုးကြီးအား ပေးလိုက်သည်.....
အဘိုးကြီးသည် မျက်လုံးများကြည်လင် တောက်ပြောင်လာပြီး ခံစားမှု့ ပေါင်းစုံဖြင့် ဗိုလ်ချုပ်မျက်နှာကို ငေးစိုက်ကြည့်ရင်း.....
"ဗိုလ်ချုပ် ကို နာမည်ကြားယုံနဲ့ တင် ကြည်ညိုလေးစား နေမိတာပါ..အမှန်တကယ် တွေ့ရတော့ အသက် ငယ်ငယ်လေး ပဲ ရှိပါသေးလား လို့ အံသြမိတယ်...
တိုင်းပြည် လွတ်လပ်ရေး ရအောင် မုချ စွမ်းဆောင် ပေး
နိုင်လိမ့်မယ်လို့ မြင်ကတည်း က ယုံကြည်မိပါတယ်..."
ပြောပြောဆိုဆို အဘိုကြီးသည် လက်အုပ်ချီကန်တော့
ရန် ကြမ်းပြင်ပေါ်သို့ ထိုင်ချ လိုက်ရာ...ဗိုလ်ချုပ်က လျင်မြန် စွာထ၍ တားရင်း.....
"မလုပ်ပါနဲ့.. .ဦးကြီး...ကျနော် ငရဲကြီး နေပါ့မယ်...
ဦးကြီး ရဲ့ မွန်မြတ် တဲ့ စိတ်စေတနာကို ကျနော် ကတောင် ကန်တော့ သင့်တာပါ.."
ဤသို့..ဗိုလ်ချုပ်ကိုယ်တိုင်က နှစ်သိမ့် ပြောလိုက်မှ...
ရှမ်းအဘိုးကြီးလည်း နားလည်ဟန် ဖြင့် ခေါင်းငြိမ့်ပြီး
နောက် နုတ်ဆက် ၍ ပြန်သွား ရှာပါတော့သည်....
ကျနော် လည်း ရွေချောင်းထုပ်ကို ကိုင်လာရင်း.အဖွဲ့ချုပ် သို့သွားရာ လမ်းတစ်လျှောက်လုံး...
ဝတ်လုံတော်ရ ဦးကျော်မြင့် ပြောခဲ့ဘူးသော စကားတစ်ခွန်းကိုသာ (နားထဲမှာ)အဖန်ဖန် အထပ်ထပ် ပြန်လည် ကြားယောင် နေမိပါတော့သည်.....
"အာဇာနည် လို့ ဆိုလောက်တဲ့..ခေါင်းဆောင်မျိုး ဆိုတာ (သမိုင်းတစ်ခေတ်)နှစ်ငါးရာ တစ်ထောင်မှ တစ်ယောက်
တစ်လေ ပေါ်ထွက် တတ်တာ...."..တဲ့လေ.....
(တက္ကသိုလ် နေဝင်း....ရဲ့..ကိုယ်တွေ့...သမိုင်းစကားကို
ထပ်ဆင့် ခံစားပါသည်....)
Tint Wai
အမှတ်တရ....အောင်ဆန်း (၆)
တစ်နေ့....
(အချိန်ကား မွန်းလွဲ ၃နာရီ ခန့်...)
လျှပ်စစ် (လူခေါ်)ခေါင်းလောင်းသံ ကြားသဖြင့်..
ကျနော်လည်း ဗိုလ်ချုပ်ရုံးခန်း အတွင်းသို့ ခတ်သုတ်
သုတ် ဝင်သွား လိုက်ပါသည်
"ဘာများလည်း..ဗိုလ်ချုပ်"...
ကျနော်က ထုံးစံအတိုင်း သတင်းပို့ရင်း ..မေးလိုက်ရာ....
ဗိုလ်ချုပ်သည် နိုင်ငံခေါင်းဆောင် တစ်ဦးက သူ့(ပီအေ)
ကို ပြောသည့်ဟန်မျိုး မဟုတ်ဘဲ ကျောင်းနေဘက်
ငယ်သူငယ်ချင်း အား ရင်ဖွင့်ပြောသလို ဟန်မျိုးဖြင့်.....
"ငါ အခု ဗိုက်အရမ်း ဆာနေလို့..တစ်ခုခု စားချင်တယ် ကွာ".....ဟုပြောပါသည်...
ဗိုလ်ချုပ် ဘာကြောင့် ဗိုက်ဆာ နေသလဲ ဆိုတာ ကျနော် ကောင်းကောင်းရိပ်မိ လိုက်ပါပြီ...
မနက်က ရုံးမလာမီ ..ကျနော်တို့ ဆရာတပည့် နှစ်ဦးကို မမကြည်က (ထိုအချိန်က ဈေးအပေါဆုံး)ဘဲဥ ဟင်းနဲ့ ကျွေး လိုက်ပါသည်...
ဗိုလ်ချုပ်က ဘဲဥဟင်းကို မကြိုက်၍လားမသိ တစ်ပန်း ကန် သာစားခဲ့သည်...
ရုံးရောက်ပြီးနောက်လည်း...
ဗိုလ်ချုပ် သည် တစ်နေကုန် ဆက်တိုက်အလုပ်တွေ လုပ်နေသဖြင့် ဘာမှ မစားမသောက် ရသောကြောင့် ခုလို ဗိုက်ဆာ တယ်.ဟု ထုတ်ပြော လာခြင်း ဖြစ်ပါ
သည်....
ကျနော် သည် ဗိုလ်ချုပ်ကို ကြည့်ပြီး စိတ်ထဲမှ သနား
သွားမိပါသည်....သူ့ခဗျာ တစ်ကယ်ပင် ဆာလောင်နေ ပုံ.. သူ့ကို ကြည့်ရင်း..ကျနော် တစ်ခုခု ဝယ်ကြွေးချင်စိတ် ဖြစ်ပေါ်လာမိ ပါသည်...
"ဗိုလ်ချုပ် ဘာများ စားချင်လို့လည်း"
ကျနော် က မေးလိုက်ရာ ဗိုလ်ချုပ်က ဝမ်းသာသလိုဖြစ်သွားပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့်.....
"ဘာလည်း မင်းက ငါ့ကို ဝယ်ကြွေးမလို့လား..မင်းမှာရော ပိုက်ဆံရှိလို့လား..".......
သာမန်အားဖြင့် ကျနော် ဗိုလ်ချုပ်ကို ဘယ်တော့မှ လိမ်ပြောလေ့မရှိ..(သူသည် လိမ်ပြောခြင်း ကို ဘယ်တော့မှ မကြိုက်)..
ဒီတစ်ခါတော့ ကျနော် အမှန်တိုင်း ပြော၍ မဖြစ်တော့...
"ကျနော့ မှာ ပိုက်ဆံပါပါတယ်.ဗိုလ်ချုပ် ဘာစားချင်တယ် ဆိုတာသာ ပြောပါ".....
အမှန်တော့ ကျနော့ အိတ်ကပ်ထဲမှာ ငွေခုနှစ်ကျပ် သာ ရှိပါသည်..ကျနော် က မှင်သေသေနှင့် ပြောလိုက်သောကြောင့် ဗိုလ်ချုပ်က ယုံကြည်သွားပုံ ရပါသည်.....
"ဟုတ်လား..မင်း တတ်နိုင်ရင် တော့ ..မဂိုလမ်းက ပလာတာ နဲ့ ခါးပတ် စားချင်တာ..ကွာ".....
"အာ...ရတာပေါ့ဗိုလ်ချုပ်...
ကျနော့ မှာ ပိုက်ဆံ အလုံအလောက် ပါပါတယ် "
ကျနော် ပြောပြောဆိုဆို နဲ့ ဗိုလ်ချုပ်ကို ကားပေါ်တင်ခေါ်ပြီး မဂိုလမ်းဘက် မောင်းထွက်လာခဲ့ ပါသည်..
မဂိုလမ်း ဗလီကြီးအောက်ရှိ ပလာတာ နဲ့ ဒံပေါက် ဆိုင်မှာ ထိုအချိန်က နာမည်ကြီးလှသည်...
ဆိုင်ရောက်ပြီ ဆိုရင်ပဲ လူငယ်စားပွဲထိုး များသည် အလွန်ဖော်ရွေစွာဖြင့် နေရာထိုင်ခင်းပေးကြရာ ကျနော် တို့လည်း စားပွဲ တစ်လုံးတွင် ဝင်ထိုင်ပြီး တစ်ယောက်လျင် "ပလာတာ နှစ်ချပ် နှင့် ဆိတ်သားခါးပတ် တစ်ပွဲစီ" လှမ်းမှာ လိုက်ပါသည်....
ပြီးတော့မှ ကျနော် သည် ဆေးလိပ်မီးညှိလိုဟန်ဖြင့် ငွေသိမ်းကောင်တာတွင် ထိုင်နေသည့် ဆိုင်ပိုင်ရှင်အနီး ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်.....
"ဟိုမှာ ထိုင်နေတဲ့လူကို ခင်များသိလား..အာ့ဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ...သူက ပလာတာနဲ့ ခပတ် စားချင်တယ်ဆိုလို့ ..ကျုပ်ခေါ်လာတာ...ခက်တာက ကျုပ်တို့မှာ ပိုက်ဆံ ပါမလာဘူး...ဒါကြောင့်...ခုစားထားတဲ့ ကျသင့်ငွေကို မနက်မှ ကျုပ် လာပေးပါရစေ...နောက်ပြီး ဗိုလ်ချုပ် က မေးရင် ရှင်းပြီးပြီလို့ ခင်များ ဖြေပေးပါ....ကျုပ်မှာ ပိုက်ဆံမပါ တာကို သူမသိစေချင်ဘူး...."
ကျနော်က ခပ်တိုးတိုးပြောလိုက်ရာ ဆိုင်ရှင်ကုလား
လည်း အံအားသင့်စွာ နဲ့ ဗိုလ်ချုပ်ကို လှမ်းကြည့်ရင်း ခေါင်းညိတ် အဖြေ ပေးပါသည်....
ဗိုလ်ချုပ်သည် ဆာလောင်နေဟန်ဖြင့် စကားတစ်ခွန်းမှ မပြောပဲ အားရပါးရ စားနေပါတော့သည်..
ကျနော် လည်း ဗိုလ်ချုပ်ကိုကြည့်ပြီး ဝမ်းသာမိသည် နှင့်အမျှ ဗမာ့လွတ်လပ်ရေးကို အရယူပေး ရန် အားမာန်အပြည့် နှင့် ဆုံးဖြတ်ထားသူ နိုင်ငံခေါင်းဆောင် ကြီး
သည် လူသား တစ်ယောက်အနေဖြင့် သနားစရာ
ကောင်း လှပါလား လို့ စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချမိ ပါသည်..
ခဏကြာတော့.....
"ဟေ့ကောင်..မင်းစားပြီးရင် သွားမယ်...ပိုက်ဆံ ခေါ်ရှင်း လိုက်လေကွာ"......
ဟု ပြောရာ ကျနော် လည်း..
"ရှင်းပြီးပါပြီ ဗိုလ်ချုပ် ...စောစောက စားစရာ မှာရင်း
ကျနော် တစ်ခါတည်း ရှင်းခဲ့တာ...."ဟုပြောပြောဆိုဆို
ဆိုင်ရှင်ကုလား ကို လှမ်းခေါ်ရင်း မျက်ရိပ်ပြလိုက်ရာ...ဆိုင်ရှင် သည် ခပ်သွက်သွက် လျှောက်လာပြီး ဗိုလ်ချုပ်အား ရိုသေစွာ ဆလံပေး အလေးပြု ရင်း "ပိုက်ဆံ ရှင်းပြီးပါပြီ "ဟု ပြုံး၍ပြောပါသည်
"ဘယ်နဲ့လဲ ဗိုလ်ချုပ်.. စားလို့ ကောင်းပါရဲ့လား"
ကျနော် က ဆိုင်ရှင်ရှေ့တွင် ပင် မေးလိုက်သောအခါ ..
"အေးကွာ...ကျောင်းသားဘဝ တုန်းကတော့ တစ်ခါ စားဘူးတယ် ...ခု မစားရတာ ကြာလို့လား မသိဘူး..
အလွန်စား လို့ကောင်းတယ်..."
ဟု ပြုံး၍ ပြောသည်ကို ဆိုင်ရှင် ကုလားသည် သဘော
ကျ သွားပုံ ရပါသည်....
ထို့နောက် ဆရာတပည့် နှစ်ဦး ကားပေါ်တက်ကြပြီး ဗဟန်းက နေအိမ်သို့ ကားမောင်း၍ ပြန်လာ ခဲ့ကြပါတော့ သည်.....
(နောက်တစ်နေ့ နံနက် မှာတော့ ရုံးမတက်မှီ..ပလာတာ ဆိုင်သို့ အမြန်ပြေးပြီး..ကျသင့်ငွေ ကို ရှင်းပေးလိုက် ရပါ
သည်)
....................................
တက္ကသိုလ် နေဝင်း ၏ သမိုင်းစကားကို ထပ်ဆင့် ခံစားလျက်........
Tint Wai
Subscribe to:
Post Comments (Atom)
No comments:
Post a Comment