Latest News

Wednesday, February 22, 2017

မနောနဲ့ တွေ့ဆုံခြင်း

မနောနဲ့ တွေ့ဆုံခြင်



နာမည်ကျော် တေးသံရှင် မနောနဲ့ တွေ့ဆုံပြီး ရှိုးပွဲတွေ ဆက်တိုက် သီဆိုဖြစ်နေတဲ့အတွက် အသံပိုင်းဆိုင်ရာ ထိခိုက်လာတဲ့အကြောင်း၊ ရှိုးပွဲတွေမှာ ပင်ကိုယ်သံနဲ့ပဲ ဆိုဖြစ်တဲ့အကြောင်း၊ တစ်ကိုယ်တော် စတီရီယိုစီးရီးသစ်အကြောင်းနဲ့ အောင်မြင်မှုကြောင့် အောက်ခြေ မလွတ်အောင် ထိန်းသိမ်းဖြစ်ပုံတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : မနော ရယ်လို့ အောင်မြင်လာပြီးနောက်ပိုင်းမှာ ရှိုးပွဲတွေ ဆက်တိုက်ဆို ဖြစ်နေတာ တွေ့တယ်လေ။ ပွဲဆက်တွေ များလာတဲ့အတွက် အသံပိုင်းဆိုင်ရာမှာ ထိခိုက်လာတာမျိုးရော ရှိလား။
MN : ရှိုးပွဲတွေ ဆက်တိုက်ဆိုရတဲ့အတွက် အသံနာလာတာမျိုးတော့ ရှိပါတယ်။ အသံနာနေတဲ့အချိန်မှာ ဘယ်အဆိုတော်မှ ပရိသတ်ရှေ့ကို မထွက်ပြချင်ပါဘူး။ မင်းသား၊ မင်းသမီးဆိုလည်း သူတို့ နေထိုင်မကောင်းတဲ့ အခါမျိုးဆို ဇာတ်ကားတွေ ဘယ်ရိုက်ချင်မလဲ။ ကျွန်တော်တို့ကို ငှားတဲ့ပွဲတွေကလည်း အနည်းဆုံး နှစ်လ၊ သုံးလ ကြိုပြီးတော့မှ စီစဉ်ရတဲ့ပွဲတွေပါ။ အလှူပွဲတို့၊ ဘုန်းကြီးမွေးနေ့တို့၊ ဘုန်းကြီးပျံတို့လို ရက်ရွှေ့လို့ မရတဲ့ ပွဲတွေပေါ့ဗျာ။ တကယ့် လူသိများတဲ့ ဘုရားပွဲကြီးတွေ မဟုတ်ဘဲ၊ ကျွန်တော်တို့ကို ငှားပြီးတော့ ရှိုးသက်သက် လုပ်တဲ့ပွဲမျိုးဆိုရင်တော့ ကျွန်တော် အသံနာနေရင် ရွှေ့ပါတယ်။ ကျွန်တော့်အသံ အခြေအနေ မကောင်းလို့၊ ဆရာဝန်က နားမှရမယ် ပြောထားလို့ပါ အစ်ကိုဆိုပြီး သူတို့ကို တောင်းပန်ပြီး ရက်ရွှေ့ပါတယ်။ ရက်ရွှေ့လို့မရတဲ့ အလှူပွဲမျိုးတွေကျတော့ ရောက်အောင်သွားပြီး ပရိသတ်တွေကို ကိုယ်ထွက်သလောက် အသံနဲ့ ရအောင် ဆိုပေးရပါတယ်။ နင့်မို့ဆိုရင် အလှူ့ဒကာ၊ အလှူ့အစ်မ နာမည်ပျက်မယ်။ ကိုယ့်ကိုလည်း ပရိသတ် မုန်းမယ်လေ။ အားလုံး နာမည်ပျက်မယ့် ကိစ္စဆိုတော့ အသံနာပေမယ့်လည်း မရောက်ရောက်အောင် သွားပြီး ဆိုပေးပါတယ်။

Voice : တချို့ အဆိုတော်တွေကျတော့ ရှိုးမှာ ကိုယ်သိပ်မဆိုနိုင်တော့တဲ့အချိန် ပရိသတ်ဘက်ကို မိုက်ထိုးပေးတာမျိုး လုပ်လေ့ရှိတယ်။ မနောရော အဲ့ဒီလို လုပ်ဖူးလား။
MN : တစ်နေ့ကလည်း ကြံခင်းပွဲမှာ သီချင်း ခုနစ်ပုဒ် ဆိုခဲ့တယ်။ ပရိသတ် ကျေနပ်ပါတယ်။ တချို့သီချင်းတွေမှာ ပရိသတ်ကို ကူဆိုခိုင်းတယ်။ စက်ဆရာကို အကူအညီ တောင်းတယ်။ အားလုံးနဲ့ ပြေပြေလည်လည်လေးဆိုတော့ သူတို့လည်း ကျေနပ်ပါတယ်။ ခါတိုင်းတော့ ရှိုးပွဲတစ်ပွဲကို ကျွန်တော်က သီချင်း ဆယ်ပုဒ်အထက်မှာ ဆိုတော့လေ။ သီချင်း ခုနစ်ပုဒ်လောက်နဲ့ပဲ ကျေနပ်ပါလို့ တောင်းပန်တော့လည်း ပရိသတ်က နားလည်ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့က အသံနာနေတဲ့အတွက် ပရိသတ် ရှေ့ထွက်ရမှာကို အရမ်း အခက်အခဲဖြစ်နေတဲ့ အချိန်မျိုးမှာ အခုလို နားလည်ပေးတော့လည်း ကျေးဇူးတင်ရပါတယ်။ ကိုယ့်အသံက ဘယ်နေ့ပျက်မလဲ ဆိုတာကြိုပြီးတော့ မသိရဘူးလေ။ ရှိုးပွဲက ကပ်နေပြီ။ လူကလည်း ရုတ်တရက်ကြီး အသံပျက်သွားတဲ့ အချိန်မျိုးမှာဆို ဘာမှ လုပ်လို့မရတော့ဘူး။ အဲ့ဒီကျရင် ကျွန်တော်တို့က ပွဲကိုရောက်အောင် သွားပြီးတော့ ပထမဆုံး တစ်ပုဒ်ဆိုတယ်။ ပြီးရင် ပရိသတ်ကို လက်အုပ်ချီပြီးမှ တောင်းပန်တယ်။ ကျွန်တော် နောက်ကနေ အသံတုလည်း မထည့်ရဲဘူး။ ပရိသတ်ကို မလိမ်ရဲဘူး။ အသံတုလေးတွေ ထည့်လိုက်ရင် ကိုယ်နာမည် ပျက်မှာလေ။ ကိုယ်တစ်သက်လုံး ဆိုလာခဲ့တာ ကိုယ်အသံတု ထည့်ထားတယ်ပဲ ထင်မှာလေ။

Voice : ဒါဆိုမနောက ရှိုးပွဲတွေမှာ တစ်ခါမှ နောက်ကနေ စီဒီဖွင့်ထားပြီး ဆိုဟန်ဆောင်တာမျိုး မလုပ်ဖူးဘူးပေါ့။
MN : ကျွန်တော်တစ်သက်လုံး ကိုယ့်မူရင်းအသံနဲ့ပဲ ဆိုမှာပါ။ ကိုယ့်အသံ ကွဲနေရင်လည်း ကွဲတဲ့အတိုင်းပဲ ဆိုမှာပါ။ ကျွန်တော့်ရဲ့ ဂီတသမိုင်းမှာ နာမည်ထိခိုက်မှာ ကြောက်လို့လေ။ ကျွန်တော် တစ်ခါလောက်လေး အသံမရလို့ အသံတု ထည့်လိုက်ရင်တောင် တောက်လျှောက် ကိုယ့်မူရင်းအသံနဲ့ ဆိုလာခဲ့တဲ့ ဂုဏ်တစ်ခုက ပျက်စီးသွားမှာလေ။ အဲ့ဒါကြောင့် ကျွန်တော်က ရှိုးပွဲမှာ နောက်ကနေ အသံတု မထည့်ရဲပါဘူး။ ပရိသတ်ကို မလိမ်ရဲပါဘူး။ ကြောက်ပါတယ်။ ကိုယ့်ရဲ့နာမည်ကိုလည်း ထိခိုက်မှာကို ကြောက်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်က အသံနာနေရင်တောင် ပရိသတ်ကို တောင်းပန်ပြီးတော့ ဆိုနိုင်သမျှလေး ဆိုပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လေးရက်လောက် နားတော့မှာ။ တစ်ပွဲက ရက်ရွှေ့ပေးတယ်လေ။ လေးရက်လောက် သေချာ နားလိုက်ရင်ကို ဆိုလို့ရပါပြီ။ ကျွန်တော်တို့ အဆိုတော်တွေက အိပ်ရေးဝရမယ်။ နားရက် ရှိရမယ်ဆိုတာတွေကို ကျွန်တော်က မသိခဲ့ဘူး။ သီချင်းဆိုဖို့ လာငှားတဲ့သူတွေကလည်း ကျွန်တော့်ရုံးခန်းမှာ ရက်တွေလာလာပြီး ယူကြတော့ ရှိုးရက်တွေက စိပ်နေတယ်။ တကယ်လည်း ဆိုတော့ နေ့စဉ်ရက်ဆက် ရှိုးပွဲဆိုရတော့ အသံက မခံနိုင်တော့ဘူးလေ။ ကျွန်တော် အခုဆိုလာတဲ့ ရှိုးပွဲတွေက တစ်ရာ့သုံးဆယ် လောက်ရှိပြီ။ နေ့စဉ် နားရက်မရှိဘဲ ဆိုရတော့ အသံထိသွားတာပေါ့။

Voice : အဆိုတော်တွေမှာ အသံကလည်း အဓိကကျတာဆိုတော့ နောက်ပိုင်းမှာ အသံမထိခိုက်အောင် ရှိုးပွဲတွေ လက်ခံတာ လျှော့သွားဖို့ရော ရှိမလား။
MN : အခုသင်္ကြန်အပြီးကို ကျွန်တော်ရှိုးပွဲနှစ်ပွဲပဲ လက်ခံထားပါတယ်။ သင်္ကြန်မှာလည်း ရှိုးဆိုဖို့ လာငှားပေမယ့် ကျွန်တော် နားလိုက်တယ်။ နားလိုက်တယ် ဆိုတာကလည်း စီးရီးခွေအသစ် လုပ်ချင်လို့ပါ။ အရင်တုန်းကတော့ ကိုယ်သိပ်မသိသေးတဲ့အချိန်မှာ ရှိုးပွဲတွေ လက်ခံတာ နည်းနည်း များသွားတယ်။ အခု နားလည်လာတဲ့အချိန်မှာ သင်္ကြန်အပြီးကို ရှိုးပွဲတွေ လက်ခံတာ လျှော့ထားတယ်။ အခုဆိုနေတဲ့ပွဲတွေက လွန်ခဲ့တဲ့ သုံးလေးလလောက်က လက်ခံထားတာတွေ ဆိုနေရတာပါ။ သင်္ကြန်ပြီးရင် ချမ်းမြေ့ပါစေအမေ ဒီဗီဒီအတွက် ကျန်နေတဲ့သီချင်း နှစ်ပုဒ်ကို MTV ရိုက်မယ်။ ဒီနှစ်ထဲမှာပဲ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် စတီရီယိုခွေ လုပ်လက်စလည်း ရှိတယ်။ အဲ့ဒီအတွက် သီချင်းတွေ ဆက်လုပ်မယ်။ ရှိုးပွဲတွေ ဆက်တိုက်ဆိုနေရင် အဲ့ဒါတွေ မလုပ်နိုင်တော့ဘူးဆိုတော့ ရပ်ထားရတယ်။ ကိုယ်နဲ့ အရမ်း ရင်းနှီးတဲ့ လူတွေ လုပ်တဲ့ပွဲလောက်ပဲ လိုက်ဆိုဖြစ်မှာပါ။

Voice : အနုပညာရှင်တချို့က အောင်မြင်လာရင် အောက်ခြေ လွတ်သွားကြတာမျိုး ရှိတယ်လေ။ မနောကိုယ်တိုင်ရော အဲ့ဒီလို မဖြစ်အောင် ဘယ်လိုဂရုစိုက်ဖြစ်လဲ။
MN : အဲ့ဒါတွေကတော့ ကျွန်တော်တို့လည်း ကြုံပါတယ်။ ကျွန်တော့်ကို ပရိသတ်သိလာပြီး နောက်ပိုင်းမှာ ရှိုးပွဲတွေ အများကြီး ဆိုဖြစ်တယ်။ ရှိုးပွဲတွေမှာဆိုလည်း ကိုယ့်ကို ကန်ထရိုက်တွေက အလိုလိုက်တယ်။ သူတို့ပွဲလေးကို မပျက်စေချင်တဲ့အတွက် ကိုယ့်ကို စိတ်ချမ်းသာအောင် ထားတာပေါ့နော်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့တွေ မပျက်စီးဖို့ အရေးကြီးပါတယ်။ ကန်ထရိုက်တွေကတော့ မဖျက်ဆီးပါဘူး။ ကျွန်တော်တို့ ဘာလိုလို အဆင်ပြေအောင် လုပ်ပေးတယ်။ ကျွန်တော်တို့ဘက်က အသောက်အစားပိုင်းတွေကအစ ကိုယ့်အသိတရားနဲ့ကိုယ် ဆင်ခြင်ဖို့လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ အရမ်းကို လွယ်ကူနေတဲ့ဘက်ကို ရောက်သွားတယ်လေ။ အဲ့ဒီအခါမျိုးတွေမှာ ပျက်စီးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အောင်မြင်မှုနောက်မှာ ပျက်စီးဖို့ အကြောင်းတရားတွေက ကပ်ပြီးလိုက်လာတာပါ။ အဲ့ဒါတွေကို သတိမထားရင် ကိုယ့်နာမည် ပျက်သွားနိုင်ပါတယ်။

သန့်ဇင်ဦး

The Voice

No comments:

Post a Comment